သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၁၀)

Friday, February 6, 2015




ပျင်းတတ်တဲ့ တို့လူငယ်တို့အတွက် အခုတပတ်မှာတော့ ပျင်းပျင်းနဲ့ စဉ်းစားစရာ Want, Need, Essential အကြောင်းပြောပါဦးမယ်။

လူတော်တော်များများဟာ စဉ်းစားခြင်းကိုမလုပ်နိုင်ကြဘူး။ မစဉ်းစားဘဲ လုပ်နေမိကြတာများတယ်။ Want, Need, Essential ဆိုတာကို ခွဲခြားမသိဘဲ လုပ်မိလုပ်ရာလုပ်နေတတ်ပြီးဘ၀မှာ အခက်အခဲတွေနဲ့ တွေ့ကြရတယ်။

တခါတုန်းကလူငယ်လေးတယောက်ဟာ မမျှော်လင့်ပဲငွေ ၃ သိန်းရရှိပါသတဲ့။ ဒါနဲ့ သူဟာ ၀မ်းသာအားရနဲ့ သူလိုချင်တာကို ချက်ချင်းပြေးဝယ်လိုက်တယ်။ ဘာဝယ်သလဲ ဆိုတော့ ပြိုင်စက်ဘီးလေးတစီးတဲ့။ ပြိုင်ဘီးလေးနဲ့ အရမ်းကိုလွင့်နေတာပေါ့။ ဒါပေမယ့် သူ့အတွက် လိုအပ်နေတဲ့ အသုံးအဆောင်တွေကိုတော့ ၀ယ်ဖို့ သတိ မရလိုက်ဘူးတဲ့။ အဲဒါကတော့ ကျောင်းဝတ်စုံရယ်၊ စာရေးကိရိယာတချို့ရယ်ပေါ့။ သူ မ၀ယ်ဖြစ်လိုက်ဘူး။

ပိုဆိုးတာကသူ့ရဲ့ ဖိနပ်တရံကလည်း ပြတ်ဖို့ တည်းတည်းလေးပဲရှိနေပေမယ့် ဖိနပ်တရံ မ၀ယ်ဖြစ်လိုက်ဘူးတဲ့။ ပြီးတော့ မနက်လင်းလာရင် အရေးတကြီးသုံးဖို့လိုတဲ့ သွားတိုက်ဆေးလည်း မရှိဖြစ်နေ၊ ပြီးတော့ ဆံပင်ရှည်၊ မုတ်ဆိတ်ရှည်လည်း ဖြစ်နေသတဲ့။

အဲဒီလို မမျှော်လင့်ဘဲ ငွေကြေးတခုခုရရှိခဲ့တယ် ဆိုပါတော့ ကိုယ်လိုချင်ရာ Want ကိုဦးစားပေးပြီး အဲဒီငွေကို သုံးစွဲပစ်ကြတယ်။ တကယ်တော့ လိုချင်တယ် ဆိုတာက နောက်ထပ်လည်းရှိရှိလာဦးမယ် မဟုတ်လား။ လိုချင်တာတွေ များများလာလေလေ၊ ငွေကြေးက မလုံလောက်ဘဲ ပိုလိုလိုလာလေ ဖြစ်နေရော။ ဒါနဲ့ ငွေကြေးမလုံလောက်တာကို စဉ်းစားမိတော့ စိတ်ဓာတ်ကျတာတွေ ဖြစ်ပြန်ရောပဲ။

တကယ်လို့ တို့လူငယ်တွေမှာ ငွေကြေးတစုံတရာရရှိလာတယ်ဆိုရင် Want ဆိုတဲ့ လိုချင်တာထက် Need ဆိုတဲ့ လိုအပ်တာကို ဦးစားပေးတတ်ဖို့ ပြောချင်တာပါ။ ကိုယ့်အတွက် လိုအပ်တဲ့ အရာကို ဦးစားပေးရွေးချယ် ၀ယ်ယူဖို့ လိုပါတယ်။ ဒါပေမယ့် Need ဆိုတဲ့ လိုအပ်ချက်တွေက လူမှာက အများသားကိုး။ အဲဒီမှာထပ်ပြီး စဉ်းစားရမှာကမရှိရင် မဖြစ်တဲ့ အရာကိုထပ်ဆင့် စဉ်းစားမိဖို့ လိုလာပါပြီ။ တနည်းအားဖြင့် Essential ပေါ့။

စောစောကလူငယ်လေးမှာမရှိမဖြစ်တွေကိုအကြမ်းအားဖြင့် ပြောရရင်.. သွားတိုက်ဆေး၊ ဖိနပ်၊ ကျောင်းဝတ်စုံ၊ နောက် ကျောင်းလခ၊ နောက် နေ့စဉ် စားသောက်ဖို့ စရိတ်၊ စာရေးကိရိယာ၊ စာအုပ် စာတမ်းစသည်ဖြင့် ကျောင်းသား လူငယ်တဦးအတွက် မရှိမဖြစ်တွေကို ဦးစားပေး ၀ယ်ယူရမှာ ဖြစ်တယ်။ ပြီးတော့ လိုအပ်တဲ့ တခြားပစ္စည်းတွေ ၀ယ်ယူရမှာမဟုတ်လား။

ဒီထက်ငွေကြေးရပြီဆိုမှ အလိုရှိတာကို ၀ယ်ယူဖို့ ချင့်ချိန်တတ်ကြရမယ်။ ဒါမှမဟုတ်ရင်တော့ ငွေကြေးမလုံလောက် တဲ့ အခြေအနေကိုစဉ်းစားပြီးစိတ်ဓာတ်ကျနေတတ်ကြတယ်။ ဒါကြောင့် ပျင်းတတ်တဲ့ တို့လူငယ်တွေမှာတော့ သူများထက် ပိုပြီးစဉ်းစားချိန်ရနိုင်တာကြောင့် စဉ်းစားကြည့်ဖို့…။    ။



ပျင်းတတ်တဲ့
နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved