ဘုရားရင်ပြင်က ခေါင်းလောင်းကို ခြေထောက်ဖြင့် ကန်ပြီးထိုးတဲ့ ခရီးသွား

Wednesday, February 25, 2015



ဒွိုင်ဆူထေ့ ဘုရားပေါ်က သတိပေးချက်အသစ် (Photo - chiangmaicitynews.com)


တရုတ် ခရီးသွားတဦးလို့ ယူဆနေကြတဲ့ အမျိုးသားတဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဒွိုင်ဆူထေ့ တောင်ပေါ်ဘုရားက ခေါင်းလောင်းကို ခြေထောက်နဲ့ ကန်ပြီး ထိုးလိုက်တဲ့ ၂၄ စက္ကန့်စာ ရုပ်သံဖိုင်ဟာ အွန်လိုင်းသုံးစွဲသူတွေအကြား ပျံ့နှံ့လို့နေပါတယ်။

သူဟာ တရုတ်ခရီးသွားလို့ ယူဆရတယ်ဟု အွန်လိုင်းသုံးသူတွေက မှတ်ချက်ပေးနေကြတာပါ။

ဒီ အမျိုးသားဟာ ဒွိုင်ဆူထေ့ တောင်ပေါ်ဘုရား ခေါင်းလောင်းတွေထဲက တခုကို ကန်ပြီး ထွက်သွားခဲ့ပါတယ်။

May Jiraporn ဆိုသူဟာ ဒီဗီဒီယိုဖိုင်ကို သက်သေတခုအဖြစ်နဲ့ သူမရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ တင်လိုက်တာပါ။

အဲဒီခရီးသည်ရဲ့ မသင့်လျော် အလေးမထားတဲ့ အပြုအမူ၊ ဗုဒ္ဓဘာသာကို မလေးစားတဲ့ အပြုအမူတို့နဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေမှာ ဒေါသသံတွေ ပါနေပါတယ်။ ခရီးသွားဒေသအနှံ့အပြားမှာ ရှိတဲ့ တရုတ်ခရီးသည်တွေရဲ့ မသင့်တော်တဲ့တခြားအပြုအမူများနဲ့ပတ်သက်ပြီးတော့လည်း ဝေဖန်နေကြပါတယ်။

ချင်းမိုင်မြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန် Chao Xiaoliang ရဲ့ အဆိုအရ အခုခရီးသွားရာသီမှာ တရုတ်လူမျိုး ခရီးသွား ၁ သိန်းနီးပါးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လာရောက်လှည့်ပတ်နေကြတာပါ။

ချင်းမိုင်အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးအနေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လာရောက်လည်ပတ် လေ့ရှိကြတဲ့ တရုတ်လူမျိုးတွေအတွက် ချင်းမိုင်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ကန့်သတ်ချက် သတ်မှတ်ချက်တွေကို  တရုတ်လူမျိုးတွေ လိုက်နာ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းလို့ ပညာပေးမှုတွေ လုပ်ဆောင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီလို မလျော်ကန်တဲ့ အပြုအမူမျိုးတွေ လုပ်ဆောင်မိရခြင်းဟာလည်း ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ သတိပေးချက်တွေကို တရုတ်ခရီးသွားတွေအနေနဲ့ နားမလည်ရခြင်း အကြောင်းအရင်းတခုကြောင့်လို့လည်း ကောင်စစ်ဝန်ရုံးမှ မစ္စတာ Chao ကဆိုပါတယ်။ ဒါ့ကြောင့် ဘုရားကျောင်းကန်တွေ အထင်ကရနေရာတွေမှာ သတိပေးချက်တွေ လုပ်ဆောင်ချက်တွေကို တရုတ်ဘာသာနဲ့ ရေးသားဖို့ကိုလည်း ချင်းမိုင်အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံးရဲ့ ၀က်ဆိုဒ် စာမျက်နှာမှာ အကြံပြုရေးသားဖော်ပြထားပါတယ်။

ဒွိုင်ဆူထေ့တောင်ပေါ်ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက သူ့အနေနဲ့ ဒီဗီဒီယိုဖိုင်ကို ကြည့်ပြီးပေမယ့် ဒီထဲက ခရီးသွားအမျိုးသားဟာ ဘာလူမျိုးဖြစ်တယ်ဆိုတာကို တိကျသေချာတဲ့ မှတ်ချက်မပေးလိုဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဘုရားမှာတပ်ဆင်ထားတဲ့ စီစီတီဗီ ကင်မရာတွေကနေတဆင့် အဲ့ဒီခရီးသွားအမျိုးသား ဘယ်သူ ဆိုတာကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။ ခရီးသွားတွေအနေနဲ့ ဘုရားခေါင်းလောင်းတွေကို မကန်ကြဖို့ကိုလည်း သတိပေးတားမြစ်ထားပြီးလည်းဖြစ်ပါတယ်။

ဘုရားခေါင်းလောင်းကို ခြေထောက်နဲ့ကန်ပြီး ထိုးလိုက်တဲ့ ခရီးသွားအမျိုသားရဲ့ အပြုအမူကို အောက်ပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။


ကိုးကားသတင်း။ ။ http://www.chiangmaicitynews.com/news.php?id=4852

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved