ကမ္ဘာပတ်မယ့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မြန်မာပြည်မှာ ဆိုက်ရောက်ရပ်နားမည်

Wednesday, February 25, 2015


Solar Impulse 2

တခြားသော ဘယ်လိုလောင်စာမျိုးမှ အသုံးမပြုဘဲ နေရောင်ခြည်စွမ်းအင် တမျိုးတည်းကိုပဲ အသုံးပြု မောင်းနှင်သွားမယ့် ဆွစ်ဇာလန်နိုင်ငံက တီထွင်လိုက်တဲ့ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် Solar Impulse 2 ကမ္ဘာပတ်ပျံသန်းမယ့် ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမယ့် အစီအစဉ်လည်း ပါဝင်နေပါတယ်။

ကီလိုမီတာ ၃၅,၀၀၀ (မိုင်ပေါင်း ၂၂၀၀၀) ကို (၅)လတာပျံသန်းသွားမယ့်  Solar Impulse 2 ခရီးစဉ်ကို မတ်လဆန်းပိုင်းမှ စတင်ကာ အဘူဒါဘီမြို့မှ စတင်ထွက်ခွာမှာဖြစ်ကာ အဲ့ဒီ Solar Impulse 2 ရဲ့လေးခုမြောက် ရပ်နားရာအဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့မှာ (၃)ရက်တာ ဆိုက်ရောက် ရပ်နားသွားမှာပါ။

အဲ့ဒီ Solar Impulse 2 ဟာ မြန်မာနိုင်ငံ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိမယ့်ရက်ဟာ မတ်လ ၁၀ ရက်နေ့လို့ ခန့်မှန်းထားပြီး ရောက်ရှိရပ်နားစဉ် မြန်မာနိုင်ငံက နည်းပညာကျောင်းသားများ၊ လေကြောင်း တက္ကသိုလ်ကျောင်းသားများ၊ စုစုပေါင်း ကျောင်းသားပေါင်း တထောင်ခန့်ကို ပညာရေး ဝန်ကြီးဌာနက Solar Impulse 2 ကို အနီးကပ် အသေးစိတ် လေ့လာခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။



“လေ့လာမှု သုံးရက်တာအတွင်းမှာ ကျောင်းသားတွေကို နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို မောင်းနှင် သရုပ်ပြတာပါမယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိအောင် နေရောင်ခြည်စွမ်းအင်သုံးစွဲပုံနဲ့ နေရောင်ခြည် စွမ်းအင်သုံး နည်းပညာ တွေနဲ့ ပတ်သက်ပြီး အသိပညာပေးပြောပြသွားမယ့် ဆွေးနွေးပွဲအစီအစဉ်တွေလည်း လုပ်သွားမယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုသွားပါတယ်။

ကမ္ဘာပတ်ပျံသန်းမယ့် ခရီးစဉ်ကို မတ်လဆန်းပိုင်းမှ စတင်ပြီး အရှေ့အလယ်ပိုင်းဒေသ အဘူဒါဘီ (UAE) မှ စတင်ပျံသန်းလာမှာဖြစ်ကာ အိုမန်၊ အိန္ဒိယ၊ မြန်မာ ၊ တရုတ်နှင့် ပစိဖိတ်သမုဒ္ဒရာ ၊ အမေရိကန်နိုင်ငံ၊ အတ္တလန္တိတ် သမုဒ္ဒရာ ၊ ဥရောပတောင်ပိုင်း၊ မြောက်အာဖရိကဒေသတို့ကိုဖြစ်ကာ နေ့ရောညပါ ပျံသန်း သွားမယ်လို့ ဆိုပါတယ်။


အဲ့ဒီလို ကမ္ဘာပတ်ပျံသန်းမယ့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ရပ်နားဖို့အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ့ရဲ့ ဆွစ်ဇာလန်နိုင်ငံခရီးစဉ်မှာ ဆွစ်ဇာလန်နိုင်ငံမှ တာဝန်ရှိ သက်ဆိုင်သူများနဲ့ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

ပျံသန်းစဉ်ကာလ ခရီးစဉ်တွင် ABP၊ Schindler ၊ အိုမီဂါစတဲ့ ဆွစ်ဇာလန် နည်းပညာ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံက FMI ကုမ္ပဏီတို့မှလည်း ပါဝင်ကူညီ ပေးထားတာလို့ သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved