သီချင်းတွေဆိုရင်း အွန်လိုင်း ကြယ်တပွင့်ဖြစ်လာတဲ့ ကရင်တိုင်းရင်းသူလေး

Monday, February 16, 2015



ကရင်တိုင်းရင်းသူလေး Jasmine (photo - www.bbc.co.uk)

သီချင်းများကိုသီဆိုရင်း အင်တာနက်ပေါ်မှာ ငွေကြယ်ပွင့်ဖြစ်လာသူ ၊ အသက် (၁၄)နှစ်အရွယ် ချိုမြိန်တဲ့ အသံပိုင်ရှင် ကရင်အမျိုးသမီးငယ်လေး မစံပယ် (Jasmine)တစ်ယောက်
YouTube စာမျက်နှာပေါ်မှာ တင်ထားတဲ့ သူမရဲ့သီချင်းတွေကို ကြည့်ရှုအားပေးသူပေါင်း သန်းနဲ့ချီ ရှိနေပါပြီ။

ပြောင်လက်နေတဲ့  ဂစ်တာမျက်နှာပြင်ပေါ်ကို ကာပို(capo) ကလေးတင်ရင်း ပတ်ချလာဝါရီ ဒမ်ရွန်တန်ပရာစရော့ လို့ခေါ်သူ မစံပယ်က အင်တာနက်မှာ စတင်ကျော်ကြားလာခဲ့ပုံလေးကို စားမြုံ့ပြန်ပြောဆိုပါတယ်။

“ကျွန်မရဲ့အစ်ကိုကြီးက ကျွန်မသီချင်းဆိုနေတာလေးကို ရိုက်ကူးပြီး YouTube ပေါ်မှာ အပျော်သဘောနဲ့ တင်ရအောင်ကွာလို့ ပြောလာတယ်။ ကျွန်မသီချင်းကို တကယ်လည်း တင်လိုက်ရော ကြည့်ရှုသူတွေ၊ အဖွဲဝင်သူတွေ ရုတ်တရက်အများကြီး ရရှိလာတော့တာပါပဲ” လို့ သူမက ဆိုပါတယ်။

Jasmine ရဲ့သီချင်းတစ်ပုဒ်တည်းကိုပင် ကြည့်ရှုသူပေါင်း (၂)သန်းကျော် ရရှိခဲ့ပြီး အခြားသီချင်းတွေ အတွက်လည်း ကြည့်ရှုသူ (၁)သိန်းကျော် ရရှိခဲ့တာဟာ အတိုင်းထက်အလွန်ပဲ ဖြစ်ပါတယ်။ သူမရဲ့ သီချင်းဗီဒီယိုတွေမှာ သူမကိုယ်တိုင် ဂစ်တာကို တီးခတ်ထားပြီး ထိုင်းသီချင်းနဲ့ အင်္ဂလိပ်သီချင်းတွေကို ပြန်ဆိုတေးအဖြစ် ဆိုပြခဲ့တာပါ။ ကမ္ဘာ့နိုင်ငံ အတော်များများက ပရိတ်သတ်တွေဟာ သူမရဲ့ ချိုမြိန်သာယာတဲ့ အသံကို နှစ်သက်မြတ်နိုးစွာ နားထောင်လျက် ရှိပါတယ်။

သူမရဲ့ သီချင်းဗီဒီယိုတွေရဲ့နောက်ထပ် ထူးခြားချက် တစ်ခုကတော့ နိုင်ငံခြားခရီးသွားတွေအတွက် အထင်ကရနေရာတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ ဆန်ခလဘူရီရှိ မွန်တံတား (သို့) အတ္တမန်နုစော်န် တံတားကို နောက်ခံအဖြစ် အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ သူမက အဲဒီတံတားနားမှာ ဂစ်တာတီး သီချင်းဆိုနေတဲ့ အချိန်တွေမှာ သူမရဲ့အစ်ကိုကြီးက ဗီဒီယိုရိုက်ကူးပေးတတ်ပါတယ်။

ဂစ်တာလေးကို ပေါင်ပေါ်တင်ကာ အပြင်မှာရွာနေတဲ့မိုးကို တွေတွေလေးငေးကြည့်ရင်း “ဒေသခံလူတွေရဲ့ ဘ၀ကိုထင်ဟပ်ပြသနေတဲ့ ဒီ တံတားကို ကျွန်မ နှစ်သက်မိပါတယ်၊ ကျွန်မလည်း မွေးကတည်းက ဆန်ခလဘူရီမှာနေလာသူပါ။ ဒီ တံတားကို ကျွန်မမြင်တိုင်း ကျွန်မနဲ့ ဒီအရပ်ဒေသရဲ့ကြားက နှောင်ကြိုးလေးကို ခံစားမိပါတယ်”လို့ မစံပယ်က ဆိုပါတယ်။

လူသွားလူလာနေရာတစ်ခုနဲ့ ဆက်သွယ်ထားတဲ့ အဲဒီတံတားရဲ့တချို့အစိတ်အပိုင်းတွေဟာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ဖျက်စီးခြင်းခံခဲ့ရပြီး ပြန်လည်ပြုပြင်ချိန်က ကြာလွန်းလှတာမို့ လူတွေရဲ့ ပါးစပ်ဖျားမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါသေးတယ်။ အဲဒီ တံတားလေးက သူမနေတဲ့ အိမ်နဲ့တော့ မဝေးဘူးပေါ့။
“အစပထမကတော့ သီချင်းဆိုဖို့နဲ့ ရိုက်ကူးဖို့အတွက် ဆိတ်ငြိမ်တဲ့နေရာကိုပဲ လိုချင်ခဲ့တယ်။ ဆိတ်ငြိမ်တဲ့နေရာကို ရွေးလိုက်တော့ မွန်တံတားလေးနားက လူမသိသူမသိနေရာလေးဖြစ်နေတယ်။ နောက်ဆုံးတော့ ကျွန်မရွေးချယ်လိုက်တဲ့ နေရာလေးကြောင့် အဲဒီနေရာလေးကလည်း ဒေသအတွက် ဆွဲဆောင်မှုရှိတဲ့ နေရာလေး ဖြစ်လို့လာတော့တာပါပဲ” လို့သူမက ဆိုပါတယ်။

လူအတော်များများအတွက်ကတော့ လူနည်းစုဖြစ်တဲ့ ကရင်တိုင်းရင်းသားတွေထဲက ဒီလိုအရည်အချင်းရှိတဲ့ သူတစ်ယောက် ဒီနေရာကနေ ထွက်ပေါ်လာမယ်လို့ ထင်မိကြမှာ မဟုတ်ပါဘူး။ သူမဟာ ထိုင်းနိုင်ငံသား အဖြစ် ခံယူထားပေမယ့်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒီမြို့လေးကနေ အဖိုးတန် ကျောက်မျက်ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုရမှာပါ။ YouTube စာမျက်နှာရဲ့ ငွေကြယ်ပွင့်လည်းဖြစ်၊ အင်တာနက် လူမှုစာမျက်နှာမှာ လည်း လူတွေရဲ့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ မစံပယ်လေးဟာ ပညာရှင်အဖြစ်ကို စတင်တက်လှမ်းရပ်တည်ဖို့ ဖြစ်လို့လာပါပြီ။

“အရာအားလုံးက မထင်မှတ်ဘဲ ဖြစ်လာခဲ့ပါတယ်။ ကျွန်မဘ၀က သာမန်ပဲလို့ ထင်ခဲ့ပေမယ့် ခုတလော ကျွန်မလမ်းလျှောက်သွားတိုင်း လူတွေက ကျွန်မကို သတိပြုမိလာကြပြီ။ တစ်ခါတစ်လေဆို ကျွန်မနဲ့ ဓါတ်ပုံတွဲရိုက်လို့ရမလားလို့ မေးလာတဲ့သူတွေတောင်ရှိလာတယ်။ စိတ်လှုပ်ရှားစရာတော့ ကောင်းတယ်”လို့ မစံပယ်က ဆိုထားတယ်။

အခုအချိန်မှာ မစံပယ်ကို နံမည်ကျော်တစ်ဦးအနေနဲ့ သတ်မှတ်လို့ရပြီဖြစ်ပေမယ့် အသေးငယ်ဆုံး အဆင့်ကနေ သူမဘ၀ကို စခဲ့ခြင်းဖြစ်ပါတယ်။ သူမဘ၀ရဲ့ အကြောင်းအရာလေးတွေဟာ သူမနေတဲ့ အိမ်ကလေးကနေပဲ အရိုးအရှင်းဆုံး အစပြုခဲ့တာပါ။

“ကျွန်မငယ်စဉ် ကလေးဘ၀က ပထမဦးဆုံး စဆိုဖြစ်တဲ့ သီချင်းကတော့ အင်္ဂလိပ် သီချင်လေး တစ်ပုဒ်  ဖြစ်ပါတယ်။ Westlife ဆိုထားတဲ့ My Love ဆိုတဲ့ သီချင်းလေးပေါ့။ ကျွန်မရဲ့ မေမေက  အဲဒီသီချင်းလေးကို အိမ်မှာအမြဲတီးခတ်သီဆိုလေ့ရှိပြီး ကျွန်မကလည်း  အမြဲနားဆင်ခဲ့ရတဲ့ သီချင်းလေးပါ။”လို့ မစံပယ်က ဆိုထားပါသေးတယ်။
အဲဒီအချိန်လေးဟာ သူမ သီချင်းစတင်သီဆိုလိုက်နိုင်တဲ့ အချိန်လေးအဖြစ် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် သူမ (၄) တန်းရောက်တဲ့အချိန်ကမှ တေးဂီတ တူရိယာတွေကို စတင် တီးခတ်ဖို့ စိတ်ဝင်စားခဲ့တာပါ။ “SuckSeed” ဆိုတဲ့ ထိုင်းဆယ်ကျော်သက် ဂီတအနုပညာရှင်များပါဝင်တဲ့ ဟာသဇာတ်ကားလေးက သူမကို ဂီတလမ်းလျှောက်လှမ်းဖို့ တွန်းအားပေးလိုက်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

“ဂစ်တာတူရိယာတွေကို စတင်တီးခတ်စေချင်လာအောင် အဲဒီဇာတ်ကားလေးက ကျွန်မကို လှုံ့ဆော်ပေးခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ရေရေရာရာမရှိလှပါဘူး။ ဒါပေမယ့် ဂစ်တာကို စတင်တီးခတ်လာပြီး ဆက်လက်လုပ်ဆောင်ဖြစ်တော့မှ တစိုက်မတ်မတ်ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ဂီတကို နှစ်သက်မြတ်နိုးလာခဲ့ပါတယ်။ အဲဒီဇာတ်ကားလေးရဲ့အဆုံးမှာ ဇာတ်ကောင်တွေဟာ အောင်မြင်တဲ့ သူတွေဖြစ်သွားကြပြီး အဲဒီအချက်က ကျွန်မကို စိတ်ဓါတ်တက်ကြွစေခဲ့တာပါ။ တစ်နေ့မှာ ကျွန်မလည်း အဲဒီလိုဖြစ်ရမယ်လို့ ယုံကြည်မိတယ်။”လို့ သူမက ဆိုထားပါတယ်။

မစံပယ်ဟာ (၅)တန်းကျောင်းသူဘ၀မှာ ဂစ်တာကို စတင်တီးခတ်ခဲ့ပါတယ်။ သူမရဲ့ မိခင်ဟာ အချို့ လက်ကွက်တွေကို သင်ပြပေးခဲ့ပြီး သူမဟာ ခရစ်ယာန်မိသားစုက ပေါက်ဖွားလာသူမို့ ကျန်တဲ့ ပညာတွေ ကိုတော့ ဘုရားကျောင်းကနေ သင်ယူရရှိခဲ့ပါတယ်။ ဂစ်တာတီးတတ်တဲ့အပြင် ဒရမ်နဲ့ ဘေ့စ်ဂစ်တာကိုလည်း တီးခတ်နိုင်ပါသေးတယ်။ ဘုရားကျောင်းမှာ ပုံမှန်တီးခတ် သီဆိုလေ့ရှိပြီး စနေနေ့တွေမှာတော့ ဆန်ကလဘူရီရဲ့ စနေဈေးမှာ သွားရောက်တီးခတ် ဖျော်ဖြေလေ့ရှိပါတယ်။ လူအများကြီး နဲ့ တွေ့ဆုံရပြီး မိတ်ဆွေသစ်တွေ ဖွဲ့ခွင့်ရတဲ့အတွက် အဲဒီနေရာဟာ သူမ အနှစ်သက်ဆုံး နေရာတစ်ခုထဲမှာ အပါအ၀င် ဖြစ်ပါတယ်။

ချိုမြိန်သာယာတဲ့ အသံပိုင်ရှင်လေး မစံပယ်ဟာ အင်တာနက်စာမျက်နှာမှာ နာမည်ကျော်ကြားတဲ့ အခြားသောသူများနည်းတူ ဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။ အွန်လိုင်းပရိတ်သတ်တွေက ထိုင်းနိုင်ငံသားခံယူထားတဲ့ မစံပယ်ရဲ့ ကရင်ဘာသာစကားနဲ့သီဆိုထားတဲ့ သီချင်းဗီဒီယိုတွေကို မတွေ့ရတာကြောင့် သူမဟာ ကရင်လူမျိုး ဖြစ်ရတာကို ဂုဏ်ယူခြင်းမရှိဘူးလို့ ဝေဖန်ပြောဆိုကြတာပါ။ မစံပယ်က သူမဟာ ကရင်စကားမပြောတတ်လို့ ကရင်သီချင်းမဆိုတာပါလို့ဖြေရှင်းထားပါတယ်။ “ကျွန်မရဲ့ မိခင်ဟာ ကျွန်မတို့ ကလေးဘ၀ကတည်းက ကျွန်မနဲ့ကျွန်မအစ်ကိုကို ကရင်ဘာသာစကားနဲ့ ပြောဆိုခြင်းမရှိခဲ့လို့ ကျွန်မ ကရင်စကားမတတ်တာပါ။ ဒါပေမယ့် ကျွန်မ မြန်မာစကား ပြောတတ်ပါတယ်။ ကျွန်မအတွက် ကရင်လူမျိုးဖြစ်ရခြင်းဟာ ဘာမှနစ်နာခြင်းမရှိပါဘူး။ ကျွန်မကို ပိုလို့တောင် လူသိများစေမယ့် အချက်ကလေးဖြစ်ပါတယ်။ လူတွေအနေနဲ့ ကျွန်မ လုပ်နိုင်တဲ့အရာ၊ ကျွန်မရဲ့ အရည်အချင်းတွေကို ပိုပြီးအာရုံစိုက်သင့်ပါတယ်” လို့သူမက ပြောဆိုထားပါသေးတယ်။


လုဒိ


Passenger ရဲ့ "Let Her Go" သီချင်းကို cover song အဖြစ် ပြန်လည် သီဆိုထားတဲ့ ယူကျု သီချင်းလင့်ခ်ကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။ 




ထိုင်းသီချင်းတပုဒ်ကို Cover ပြန်ဆိုထားတာပါ။ ဧရာဝတီ ဘလော့ဂ်ပရိတ်သတ်တွေ နားဆင်ကြည့်ပါဦး..။





ကိုးကားသတင်း။ ။ http://www.bangkokpost.com/lifestyle/social-and-lifestyle/456550

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved