ဆိတ်နှစ်သို့အဝင်

Wednesday, February 18, 2015





ယခုနှစ်၂၀၁၅ခုနှစ်ဟာ တရုတ်လူမျိုးတွေအတွက် ဆိတ်နှစ် (Year of the Goat) ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာ တရုတ်နှစ်သစ်ကူးနေ့ ကျရောက်တော့မှာ ဖြစ်ပါတယ်။

၁၉၈၉၊ ၁၉၀၇၊ ၁၉၁၉၊ ၁၉၃၁၊ ၁၉၄၃၊ ၁၉၅၅၊ ၁၉၆၇၊ ၁၉၇၉၊ ၁၉၉၁၊ ၂၀ဝ၃၊ ၂၀၁၅၊ ၂၀၂၇ အစရှိတဲ့နှစ်တွေမှာ မွေးဖွားသူတွေဟာ ဆိတ်နှစ်ဖွားတွေ ဖြစ်ကြပါတယ်။ ဆိတ်နှစ်ဖွားသားသမီးတွေဟာ မိဘတွေကို လေးစား ကြည်ညိုချစ်ခင်သူတွေ ဖြစ်တာကြောင့် စံပြသားကောင်းသမီးကောင်းတွေ ဖြစ်လေ့ရှိတယ်လို့ တရုတ်ရိုးရာ ဗေဒင်အဟောတွေကို ဖတ်ရှုဖူးပါတယ်။


 

 ဆိတ်နှစ်ဖွားတွေဟာ အနုပညာမှာပါရမီဓာတ်ခံရှိတတ်ကြပြီး ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သရုပ်ဆောင်စတဲ့ ပညာရပ်တွေမှာ ပေါက်ရောက် အောင်မြင်တတ်သူများ ဖြစ်ကြတယ်လို့ သိရှိရပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပဖို့ကမ္ဘာ့နေရာအနှံ့အပြားမှာရှိတဲ့ တရုတ်လူမျိုးတွေက ဒီလိုအချိန် ကာလကတည်းက စလို့ နှစ်ကူးပွဲတော်အတွက် နှစ်သစ်ကူး အလှဆင်ပစ္စည်းတွေဖြစ်တဲ့ အနီရဲရဲ တရုတ် မီးပုံးလုံးလုံးကြီးတွေ၊ ဆိတ်နှစ်ဖြစ်တဲ့အတွက် ဆိတ်ရုပ်ပုံပါတဲ့စတစ်ကာတွေ၊ ဆိတ်ရုပ်တွေနဲ့ နှစ်ကူးကိုကြိုဆို ဆင်နွှဲဖို့အသင့်ပြင်နေကြပါပြီ။




အရောင်နီနီ အမ်ဘောင်းအိတ်လေးတွေနဲ့ အနီရောင်ကို အခြေခံပြီး ပုံစံအမျိုးမျိုး ဒီဇိုင်းထွင်ပုံဖော်ထားတဲ့ တရုတ်ရိုးရာနှစ်ကူးအလှဆင်ပစ္စည်းမျိုးစုံ၊ တရုတ်အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဗြောက်အိုး၊ မီးရှူးမီးပန်းတွေနဲ့ တရုတ်ရိုးရာစားစရာမုန့်အမျိုးမျိုးစတာတွေကို နိုင်ငံအသီးသီးမှာရှိတဲ့ တရုတ်တန်းလို နေရာမျိုးမှာ ပွဲဈေးကြီး သဖွယ် ရောင်းချနေတာကို တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း တရုတ်တန်းနဲ့တရုတ်လူမျိုးတွေအနေများတဲ့ ရပ်ကွက်၊ ဈေး၊ နေအိမ်၊ ဆိုင်အစရှိတဲ့ နေရာတွေမှာ နှစ်ကူးပွဲတော်ကို ကြိုဆိုဆင်နွှဲတဲ့ အနေနဲ့ အနီရောင်မီးပုံးကြီးတွေကို အိမ်ရှေ့ဆိုင်ရှေ့တွေမှာ အလှဆင်ချိတ်ဆွဲထားတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် တရုတ်နှစ်သစ်ကူးပွဲတွေမှာ မပါမဖြစ်တဲ့ဗုံသံ၊ လင်းကွင်းသံညံညံနဲ့ တရုတ်ရိုးရာ နဂါးအကတွေကိုလည်း စိတ်လှုပ်ရှားဖွယ်ရာ တွေ့မြင်ကြရဦးမှာပါ။



အခုဆိုရင် ရန်ကုန်မြို့ရဲ့ တရုတ်တန်းရှိရာ လမ်းမတော်၊ လသာမြို့နယ်တဝိုက်မှာ တရုတ်နှစ်ကူးပွဲတော် အကြိုနှစ်သစ်ကူး အလှဆင်ပစ္စည်းတွေနဲ့ တရုတ်ရိုးရာမုန့်မျိုးစုံကို ဈေးရောင်းပွဲတော်ကြီးလို စည်ကား သိုက်မြိုက်စွာ ခင်းကျင်း ရောင်းချနေတာကို တွေ့မြင်နေရပါပြီ။ အရွယ်အစားစုံ တွေ့မြင်နေရတဲ့ မီးပုံးနီတွေကိုတော့ တရုတ်လူမျိုးတွေက လာဘ်လာဘပေါများအောင် လာဘ်ခေါ်ဆုတောင်းတဲ့အနေနဲ့ ချိတ်ဆွဲကြတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နှစ်ကူးပွဲတော်ကာလတွင်းမှာဆိုရင် တရုတ်လူမျိုးတွေက ကိုယ်နေထိုင်ရာဝန်းကျင် ဒေသမှာရှိတဲ့ တရုတ်ဘုံကျောင်း၊ ဝတ်ပြုဘုရားကျောင်းတွေမှာသွားရောက်ဝတ်ပြုပူဇော်ဆုတောင်းလေ့ရှိကြတယ်လို့ သိရပါတယ်။

နှစ်သစ်ကူးနေ့မှာဆိုရင်လည်း မိသားစုဝင်၊ ဆွေမျိုး၊ မောင်နှမ၊ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်စတဲ့ ကိုယ်ချစ်သူ၊ ခင်သူတွေကို အမ်ဘောင်းအိတ်နဲ့ မုန့်ဖိုးပေးလေ့ရှိပါတယ်။ အဲဒီနေ့မှာဆိုရင် မိတ်ဆွေတွေ၊ ဆွေမျိုးမိတ်သဟာတွေ၊ ဘိုးဘွား၊ မိသားစုဝင်တွေနဲ့ အတူ တရုတ်ရိုးရာစားသောက်ဖွယ်ရာတွေနဲ့ တရုတ်ရိုးရာ မုန့်အမျိုးမျိုးကို ချက်ပြုတ်စားသောက်ပြီး နှစ်ကူးကာလကို ကြိုဆိုလေ့ရှိကြပါတယ်။



ဒီတပတ်မှာတော့ The Irrawaddy ရဲ့ ခေတ်ရေစီးကဏ္ဍကနေ ရန်ကုန်မြို့ရဲ့ တရုတ်တန်းမှာရှိတဲ့ လမ်းမတော်၊ လသာမြို့နယ်တဝိုက် မြင်ကွင်းတွေကို မှတ်တမ်းတင် ဖော်ပြလိုက်တာပါ။






သီဟတိုး 



"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၇ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved