Truck တွေထဲမှာရုပ်ထွက်လန်းလွန်းတဲ့ Vigo

Wednesday, February 18, 2015


photo - edmunds.com

 ဒီနေ့ခေတ် ပြည်တွင်းကားဈေးကွက်ရဲ့ Truck အပိုင်းကိုကြည့်မယ်ဆိုရင် လူကြိုက်အများဆုံးက Toyota ရဲ့ Vigo နဲ့ Ford ရဲ့ Truk တွေပါပဲ။ ဈေးကွက်အနေအထားအရတော့ Vigo တွေက လူကြိုက်ပိုများမယ် ထင်ပါတယ်။ အကြောင်းကတော့ နေရာတော်တော်များများမှာ တွေ့နေရလို့လေ။

နောက်တချက်ကတော့ ဈေးနှုန်းဆိုတာထက် ဆွဲဆောင်နိုင်မှုပိုကောင်းလို့ပါ။ အာရှသားတွေရဲ့ မျက်စိအကြိုက်ကို အာရှသားဂျပန်တွေပဲ ကောင်းကောင်းသိပုံရပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ တခြား Truck ဘုရင်ကြီးတွေရဲ့မော်ဒယ်တွေလောက် ကောင်းချင်မှကောင်းနိုင်၊ မီချင်မှမီနိုင်ပေမယ့် ဆွဲဆောင်နိုင်မှုကတော့ Vigo တွေကတော်တော်ကိုကောင်းတာပါ။

အခုလည်း ဈေးနှုန်းအနေအထားအရ ပြောရမယ်ဆိုရင် Vigo တစီးကို ၂၀၁၃ခုနှစ် မော်ဒယ်လောက်ဆိုရင်ပဲ သိန်း၂၅၀ကျော်လောက် ရှိနေတယ်မဟုတ်လား။ ဒါကတော့ Equipment အပြည့်အစုံနဲ့ မော်ဒယ်ကိုပြောတာပါ။ နောက်ပြီးတော့ မော်ဒယ်မြင့်ဆိုတဲ့ အနေအထားမှာ ရေရှည်ပိုင်း အသုံးပြုနိုင်မှုကတော့ ကောင်းမွန်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာ တွေ့နေရတဲ့အဆိုပါ၂၀၁၃ ခုနှစ်ဝန်းကျင်ထုတ် မော်ဒယ်တစီးက Used အနေနဲ့ရှိနေတာ ဖြစ်ပြီးတော့ ဘယ်လောက်ထိအောင် မောင်းထားပြီးပြီလဲဆိုရင် ပျမ်းမျှ ကီလို၇သောင်းလောက်ရှိမှာပါ။

တကယ်တမ်းပြောရမယ်ဆိုရင် တနှစ်ကျော်လောက်ပဲ သက်တမ်းရှိနေသေးတဲ့ မော်ဒယ်တစီးကို တနှစ်ကျော် ကာလအတွင်းမှာ ကီလို၇သောင်းလောက်ထိ အောင်ခိုင်းထားတယ်ဆိုတာကတော့ နှာခေါင်းရှုံ့ချင်စရာပါ။ ဒါပေမယ့်ဘယ်တတ်နိုင်မလဲ၊ မော်ဒယ်မြင့်တာလေးတခုတည်းကိုပဲ အားသာချက်လို့ သဘောထား ရတော့မှာပေါ့။ ကောင်းပြီ၊ စက်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှုကို တချက်လောက်ကြည့်ရအောင်။ ၃ဒသမ ဝလီတာသုံး ဒီဇယ်ဆီစနစ်သုံး အင်ဂျင်တပ်ဆင်ထားတာကတော့ အမြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်ဖို့ရာ ဆိုတာထက် ရုန်းအားကောင်းကောင်းနဲ့ လမ်းကြမ်းတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ့် အင်ဂျင်စနစ်မျိုးပါ။

ရုပ်ထွက်ပိုင်း ဆေးသားလည်းမကျသေးဘူး၊ Bumperတွေလည်း အကောင်းအတိုင်း ရှိနေသေးတယ်၊ အတွင်းပိုင်း အပြင်အဆင်ကလည်း အကောင်းဆုံး အနေအထားမဟုတ်ပေမယ့် ဆွဲဆောင်နိုင်မှုကောင်းတယ်၊ အာရှထုတ်မော်ဒယ် ဖြစ်တာကြောင့် ဆီစားနှုန်းလည်းတန်းတူ အင်ဂျင် အရွယ်အစားလောက် တပ်ထားတဲ့ ဥရောပနဲ့အမေရိကထုတ် မော်ဒယ်တွေထက်သက်သာနိုင်တယ်၊ ဝန်တင်ဆောင်နိုင်မှုကလည်း ပေါင်နှစ်ထောင် ကျော်ရှိတယ်။
(ဒါကတင်ဆောင်နိုင်မှုကိုပြောတာပါ။ ရုန်းကန်နိုင်မှုက တင်ဆောင်နိုင်မှု ဝန်ထက်ပျမ်းမျှ သုံးဆ လောက်တော့ ရှိနိုင်ပါတယ်) အတွင်းခန်း ကျယ်ဝန်းမှုရှိသလို ခရီးဝေး သွားလာမောင်းနှင်မှုတွေအတွက်ပါ ခရီးသည် ၅ယောက်လောက်ထိအောင် သက်တောင့်သက်သာ ရှိစေနိုင်တယ်၊ အင်ဂျင်စနစ်ရဲ့ စွမ်းရည်က Off-Road တခုတည်းအတွက်တင် မဟုတ်ဘဲ ခရီးဝေးသွားလာမောင်းနှင်နိုင်မှုအတွက်ပါ စိတ်ကြိုက် မောင်းနှင် နိုင်မယ်။ ဒါဆို Vigo မှ Vigo ကြိုက်ပြီဆိုရင် ကီလို ဘယ်လောက်မောင်းထားတယ်ဆိုတာ မကြည့်တော့ဘဲ မော်ဒယ်မြင့် Vigo တစီးကို ဖမ်းဆွဲထားလိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ပျမ်းမျှသိန်း ၂၅၀ ဝန်းကျင်ပေါ့။

လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved