သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု - ၁၂)

Friday, February 20, 2015




အောင်မြင်သူဆိုတာဘာလဲဆိုတာ ပြီးခဲ့တဲ့ တပတ်ကပျင်းပျင်းနဲ့ ပြောခဲ့တယ်နော်။ ဒီတပတ်လည်း အောင်မြင်လိုစိတ်နဲ့ အောင်စိတ်အကြောင်း ပျင်းပျင်းနဲ့ ပြောပါဦးမယ်။ တကယ်တော့ အောင်စိတ်ကြောင့် အောင်မြင်တာ ဖြစ်သလို ကျစိတ်ကြောင့် ကျရှုံးစေတဲ့ အကြောင်းနည်းနည်းပြောပါ့မယ်။

တခါတုန်းက လူငယ်တယောက်ဟာ စက်ဘီစီး အရမ်းတော်သတဲ့။ သူဟာစက်ဘီးကိုစတန့်ထွင် စီးနင်း ရတာကိုလည်းအလွန်နှစ်သက်တယ်။ ဒါပေမယ့် ဆပ်ကပ်ထဲက လူတွေလို ကြိုးတန်းပေါ်မှာ စွန့်စားစီးနိုင်ဖို့တော့ မဖြစ်ခဲ့ဘူးတဲ့။

ဒါနဲ့ တနေ့မှာတော့ ဆပ်ကပ်ဆရာကြီး တဦးဆီသွားပြီး ကျနော်က စက်ဘီးကို စတန့်ထွင် စီးနင်းရတာကို နှစ်သက်ပါတယ်၊ ဒါကြောင့် စတန့်ထွင် စီးဖို့ ကျနော့်ကိုသင်ပေးပါလို့ ပြောတယ်။ အဲဒီမှာဆရာကြီးက သူ့ကို ပြန်မေးတယ်။

မင်းအဲသလိုစတန့်ထွင် စီးပြီးတော့ မင်းမှာဘာကျေနပ်မှုရလဲလို့ မေးတယ်။ အဲသလိုစတန့်ထွင်စီးပြီး သူ့အတွက် ဘာအကျိုးရှိမှာလဲဆိုတဲ့ မေးခွန်းပေါ့။ ဒါနဲ့ အဲဒီလူငယ်က ကျနော် ပျော်လို့ပါဗျာ၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူးလို့ ပြန်ဖြေသတဲ့။

အဲဒီအခါမှာဆပ်ကပ်ဆရာကြီးက မင်းကပျော်လို့ စတန့်ထွင် စီးရတာကိုပျော်တယ်ဆိုရင် တခြားလူတွေလည်း မင်းစက်ဘီးစတန့်စီးတာကို ကြည့်ပြီးပျော်ရင် မင်းစိတ်မှာ ဘယ်လိုနေမလဲလို့ ထပ်မေးတယ်။ မဆိုင်းမတွဘဲ သူကကျနော်လည်းပိုပြီးပျော်မှာပေါ့ဗျ လို့ ပြန်ဖြေသတဲ့။

အဲဒီမှာဆပ်ကပ်ဆရာကြီးက သူ့ကိုသဘောကျသွားပြီး စက်ဘီးစတန့် စီးနင်းပုံတွေ သင်ပေးပါတော့တယ်။

ပထမဆုံးဆရာကြီးက ၁၀ လက်မလောက်ပဲရှိတဲ့ ပျဉ်ပြားလေးပေါ်မှာ စီးနိုင်ရဲ့လားလို့ သူ့ကိုပြောတယ်။ သူကကျနော် ၆ လက်မအရွယ်တောင် စီးနိုင်ပါတယ်လို့ ပြန်ပြောရင်း မြေပြင်မှာခင်းထားတဲ့  ၁၀ လက်မအရွယ် ပျဉ်ပြားလေးအပေါ်မှာ ဘယ်ကိုမှ ပြုတ်မကျအောင် စီးပြပါသတဲ့။ နောက်ထပ် ၆ လက်မအရွယ် ပျဉ်ပြားလေး ပေါ်မှာလည်း သူက ကျွမ်းကျွမ်းကျင်ကျင် စီးပြနိုင်ပါသတဲ့။ အဲဒီနောက် ၄ လက်မအရွယ်၊ နောက် ၃ လက်မအရွယ် ပျဉ်ပြားလေးမှာလည်း လူငယ်က အောင်မြင်စွာ စီးနင်းပြနိုင်ခဲ့ပါတယ်။

အဲဒီအခါမှာ ဆရာကြီးက သဘောကျသွားပြီး ၆ လက်မအကျယ်ရှိတဲ့ ပျဉ်ပြားကို ၃ ပေမြင်တဲ့ အမြင့်တနေရာကနေ တနေရာကိုတင်ပြီး စီးနင်းခိုင်းပါသတဲ့။ အဲဒီမှာ စက်ဘီးကို စတန့်စီးရာမှာ ပျော်ရွှင်ကျေနပ်တဲ့ လူငယ်ကကျနော် စီးလို့ ဖြစ်ပါ့မလားဗျလို့ ပြန်မေးတယ်။ ဆရာကြီးက မင်းပျော်ရွှင်စိတ်ကျေနပ်ရင် စီးလို့ ရပါတယ်လို့ ပြောတယ်။ ဒါနဲ့ လူငယ်က ကြိုးစားပြီးစီးပါတယ်။ ဒါပေမယ့် မကြခဏ ပြုတ်ကျပြီး နောက်ဆုံးမှာ အောင်မြင်စွာစီးနိုင်ခဲ့သတဲ့။ နောက်ဆုံး ၁၀ ပေမြင့်တဲ့ အမြင့်ကနေ လေ့ကျင့်စီးနင်းဖို့ လုပ်တဲ့အခါမှာလည်းသူကအောင်မြင်စွာစီးနင်းပြနိုင်ခဲ့တယ်။

လူငယ်ရဲ့ ကြိုးစားမှုကို ကြည့်ပြီး ဆပ်ကပ်ဆရာကြီးက ဒီထက်ပိုခက်ခဲတဲ့ လေ့ကျင့်ခန်းကို စတင်တယ်။ အဲဒါကတော့ တိုက်ခေါင်မိုး ၂ ခုအပေါ် ခင်းထားတဲ့ ၆ လက်မအရွယ် ပျဉ်ပြားပေါ်ကနေ စက်ဘီးကို စတန့်စီးဖို့ ဖြစ်တယ်။ အဲဒီ အခါမှာ လူငယ်ကတော်တော် ကြောက်ရွံ့သွားတယ်။ သူစီးလို့ဖြစ်ပါ့မလားဆိုပြီး တွေးမိတယ်။ ပြောရရင် သူ အောက်ကို ပြုတ်ကျမှာ ကြောက်ရွံ့နေမိတယ်ပေါ့။

အဲဒီမှာ ဆပ်ကပ်ဆရာကြီးက မင်းမြေပြင်မှာစီးတုန်းကဘာဖြစ်လို့ မကြောက်တာလဲ။ မင်းအောင်အောင်မြင်မြင် စီးနိုင်ခဲ့တာပဲလေ။ အခုလည်းအဲသလိုပဲစီးပါလို့ ပြောတယ်။ ဒါပေမယ့် လူငယ်က တကယ်လို့ ကျနော် ပြုတ်ကျ သွားရင် သေမှာဗျလို့ ပြန်ပြောသတဲ့။

ဆရာကြီးက မင်းထင်လို့ပါကွာ..၊ မင်းစီးရတဲ့ အကျယ်အ၀န်းက အတူတူပဲမဟုတ်လား။ မြေပြင်ပေါ်မှာရော.. ၁၀ ပေအမြင့်မှာရော မင်းစီးရမယ့် အကျယ်အ၀န်းက အတူတူပဲလေ။ ဘာမှ မထူးခြားဘူး။ အဲ့လိုထူးခြားတာက မင်းရဲ့ စိတ်မှာ ဖြစ်နေတာပဲ။ လောကမှာအောင်စိတ်ရှိနေရင် မြေပြင်မှာပဲ ဖြစ်ဖြစ်၊ ၁၀ ပေအမြင့်မှာပဲ ဖြစ်ဖြစ်၊ အခုလိုတိုက်ခေါင်မိုး ၂ ခုအပေါ် စီးရတာပဲ ဖြစ်ဖြစ် စီးရတဲ့ အကျယ်အ၀န်း အတူတူအောင်မြင်မှာပဲမဟုတ်လားလို့ ပြန်ပြောသတဲ့။

အဲဒီအခါမှာ လူငယ်ဟာသဘောပေါက်သွားတယ်။ အခုဆိုသူဟာကမ္ဘာကျော် ဆပ်ကပ်ပညာရှင် တဦး ဖြစ်နေပါပြီ။

သူ့အကြောင်းနောက်မှ ဆက်ပြောပါဦးမယ်။

ပျင်းတဲ့
နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved