ပီပီပြင်ပြင် ရာဇ၀င်ရိုင်းကြတော့မလား

Friday, February 27, 2015


သရုပ်ဆောင် ပြေတီဦးနှင့် လိုင်လာခမ်း(ဓာတ်ပုံများ - ဂျေပိုင်/ The Irrawaddy)

 ကိုယ်စီမံသလို ထင်တိုင်းဖြစ်မလာတဲ့ ဘ၀တွေကို တွေ့ကြုံလာရတဲ့ လူသားတွေ သုံးနှုန်းလေ့ရှိတဲ့ “ရာဇ၀င်ရိုင်းတယ်” ဆိုတဲ့ စကားကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံဖော်ပြသတော့မှာပါ။

အဲ့ဒါကတော့ တခြားမဟုတ်ပါ။ “ရာဇ၀င်ရိုင်းသူများ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စတင် ရိုက်ကူးပုံဖော်နေပြီလို့ ဆိုလိုခြင်းပါ။

သူ့အနေနဲ့ ဒီဇာတ်ကားကို ဘာကြောင့်  ရိုက်ကူးဖြစ်တာလဲ။



“လူတွေကဘ၀မှာ ကိုယ်ထင်တာ ကိုယ်ကြိုက်သလို ဖြစ်မလာတဲ့အခါ ၊ ကိုယ်စီမံသလို ဖြစ်မလာတဲ့အခါ ရာဇ၀င်ရိုင်းကြတယ်လို့ သုံးနှုန်းကြတယ်။ ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာတာ ဘ၀မဟုတ်ပါဘူး။ အဲ့လိုပဲ လူ့ဘ၀ထဲက ထင်တိုင်းမဖြစ်တဲ့ ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတွေအားလုံး ဘယ်လိုစိတ်အခြေအနေကြောင့်ဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆိုပါတယ်။

"ရာဇ၀င်ရိုင်းသူများ" ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်တွေဖြစ်ကြတဲ့ ပြေတီဦး၊ လိုင်လာခမ်း တို့နဲ့အတူ  မြင့်မြတ်၊ ပက်ထရစ်ရှာတို့လည်း ပါဝင် အားဖြည့်ထားကြပါတယ်။


သရုပ်ဆောင် လိုင်လာခမ်း

 ဒီ ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး သိန်းသန်းထွန်းရဲ့ မိုးတစ္ဆေ ၀တ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ။

ဒါ့ထက် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးခဲ့တဲ့ “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဗီလိန်ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့လို့ ပရိတ်သတ်အားပေးလက်ခံလာတဲ့ မင်းသမီး လိုင်လာခမ်းက “ပထမကားမှာ အောင်မြင်မှုရတာဟာ ဦးမျိုးကြောင့်ပါပဲ။ ကျွန်မဘက်ကတော့ တတ်နိုင်သမျှသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သဘောင်္တစ်စင်းရဲ့ ကပ္ပတိန်ဟာ ဦးမျိုးပါပဲ။ တကယ်လို့ ဦးမျိုးသာ သူလိုချင်တာကို မပြောပြနိုင်ဘူး။ သူဖြစ်ချင်တာကို လုပ်မပြနိုင်ဘူးဆိုရင် တိုက်ဆိုင်မှုရှိလျှင်က ဒီလောက်ထိ အောင်မြင်မှာမဟုတ်ပါဘူး။ အားလုံးရဲ့ ကြိုစားမှုကြောင့်တိုက်ဆိုင်မှုရှိလျှင်က အောင်မြင်တယ်။ ပရိသတ်တွေရဲ့ မထင်မှတ်တဲ့ အားပေးချစ်ခင်မှု မေတ္တာကိုရခဲ့တယ်။ ရာဇ၀င်ရိုင်းသူများ ကားမှာလည်း ပထမကားထက် ကျွန်မအများကြီးကြိုးစားသွားမယ် လို့ သူကဆိုပါတယ်။

သရုပ်ဆောင် မြင့်မြတ်နှင့် ပက်ထရစ်ရှာ

ရာဇ၀င်ရိုင်းသူများထဲမှာ ဘယ်သူတွေ ဘယ်လို ပီပီပြင်ပြင် ရာဇ၀င်ရိုင်းကြမလဲဆိုတာတော့ မကြာမီ လာမည် မျှော်ပေါ့နော်..။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved