My Yangon My Home အနုပညာနှင့် အမွေအနှစ်ပွဲတော်ကျင်းပမည်

Monday, March 2, 2015



မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးက ကြီးမှူးကျင်းပတဲ့ My Yangon My Home ရန်ကုန် အနုပညာနဲ့ အမွေအနှစ် ပွဲတော်တရပ်ကို မတ်လ ၁ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ ရန်ကုန်မြို့မှာရှိတဲ့ အနုပညာပြခန်းတွေနဲ့ အများပြည်သူ အပန်းဖြေ အနားယူနိုင်မယ့် ပန်းခြံတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

“အနုပညာပွဲတော်ကို မတ်လ ၁ ရက်နေ့ မနက် ၉ နာရီမှာ မဟာဗန္ဓုလပန်းခြံမှာ စတင်ဖွင့်လှစ်မှာပါ။ သက်ဆိုင်ရာ ပြခန်းတွေမှာလည်း ဖွင့်ပွဲတွေ အသီးသီးလုပ်သွားကြမှာ ဖြစ်တဲ့အပြင် နေရာ အမျိုးမျိုးမှာလည်း သက်ဆိုင်ရာ အနုပညာရှင်တွေက မိမိတို့ရဲ့ အနုပညာ တင်ဆက်မှု ပုံသဏ္ဌာန်အမျိုးမျိုးကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြုလုပ်မယ့် နေရာတွေက အများပြည်သူတွေနဲ့ ထိတွေ့နိုင်တဲ့ နေရာတွေပါ” လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ပန်းချီဆရာ ထိန်လင်းက ပြောပါတယ်။

အဲ့ဒီ အနုပညာနဲ့ အမွေအနှစ် ပွဲတော်မှာ ကာတွန်းဆရာ ၅ ဦးရဲ့ကာတွန်းလက်ရာတွေလည်း ထည့်သွင်း ပြသသွားမှာပါ။

ကာတွန်း ရွှေမင်းသား၊ ကာတွန်း စိုးသော်တာ၊ ကာတွန်း သီဟ (စခန်းသစ်)၊ ကာတွန်း ၀င်းအောင်၊ ကာတွန်း မောင်မောင်အောင် တို့ရဲ့ ရန်ကုန်မှာနေထိုင် ဖြတ်သန်းရတဲ့ ဘ၀ကို ထင်ဟပ်ပြထားတဲ့ ကာတွန်းလက်ရာတွေ ပါဝင်ပါတယ်။ ပန်းချီအောင်မြတ်ဌေးရဲ့ ကြည့်ရှုသူတွေ ပါဝင် တင်ဆက် လုပ်ဆောင်ရမည့် အင်စတော်လေးရှင်း တင်ဆက်မှုတွေ ပန်းချီမင်းသူရိန်ရဲ့ လူအများစု နေ့စဉ် အသုံးပြု သွားလာရတဲ့ ဘတ်စကားစီးခြင်းကို ထင်ဟပ်တဲ့ အင်စတော်လေးရှင်း၊  ဗြိတိန် အနုပညာရှင် နာတာလီကလည်း မုန့်ဟင်းခါး ခေါင်းစဉ်နဲ့ Sound Installation လက်ရာတွေကို အများပြည်သူတို့ ရှိနေတဲ့ နေရာများမှာတင်ဆက်သွားမှာဖြစ်တယ်လို့ ပန်းချီထိန်လင်းက ပြောပါတယ်။

My Yangon My Home အနုပညာနှင့် အမွေအနှစ်ပွဲတော်ဟာ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ တင်ပြတဲ့ အနုပညာ လှုပ်ရှားမှု အစီအစဉ်ဖြစ်ကာ နေရာပေါင်းများစွာတွင် ကျင်းပမယ့် အနုပညာ တင်ဆက်မှုတွေကို လှည့်လည် ကြည့်ရှုမယ် ဆိုရင်လည်း လိုက်ပါပို့ဆောင် ရှင်းလင်းပေးမည့် အစီအစဉ်လည်း ပါဝင်တယ်လို့လည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved