Dacia Dusterနဲ့ Subaru Forester (သို့မဟုတ်) အကြမ်းခံ SUV များ

Wednesday, February 11, 2015



Dacia Duster (photo - edmunds.com)

Dacia Duster ဆိုတာက ပြည်တွင်းမှာ အနည်းငယ်စိမ်းနေသေးတဲ့ Brand တခု ဖြစ်ပေမယ့် အခုနောက်ပိုင်း ကားလောကမှာတော့ ပြင်သစ်ရဲ့ နာမည်ကြီး Renault နဲ့ ပူးပေါင်းကာ တန်ကြေးနည်း SUV မော်ဒယ်တွေ ထုတ်လုပ်တာကြောင့်ရယ်၊ နောက်ပြီး Concept ကားတွေ ထုတ်လုပ် မိတ်ဆက်နေတာကြောင့်ရယ် လူသိများလာတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ အခုပြောမယ့် Duster မော်ဒယ်ဟာဆိုရင်လည်း တကယ်တမ်းက Renault ရဲ့ မော်ဒယ် ဖြစ်ပြီးတော့ ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်မှုအရ Renault ရဲ့ မော်ဒယ်ကို Dacia ကပါ လိုက်ထုတ်တာ ဖြစ်ပေမယ့် တကယ်တမ်း ဈေးကွက်မှာတော့ Dacia ရဲ့ Duster က ဈေးကွက်အောင်မြင်မှု အများအပြားရနေတာတွေ့ရပြီး Renault ရဲ့ Duster မော်ဒယ်ကို နောက်ကောက်ချနိုင်ခဲ့တဲ့ အထိ အောင်မြင်နေတာ တွေ့နိုင်ပါတယ်။



Subaru Forester

 Subaru ဆိုတာကလည်းလက်ရှိ ပြည်တွင်းအနေအထားမှာ လူကြိုက်နည်းတဲ့ Brand တခုဖြစ်ပြီး အရည်အသွေးပိုင်း ကြောင့် လူကြိုက်နည်းတယ်ဆိုတာထက် ဈေးကွက်ထိုးဖောက် ၀င်ရောက်မှုအပိုင်းကြောင့်သာ လူကြိုက်နည်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Subaru က ဥရောပဈေးကွက်တွေမှာရော အမေရိကဈေးကွက်တွေမှာပါ လူကြိုက်များတာတွေ့နိုင်သလို အခုကျနော်ပြောမယ့် Forester မော်ဒယ်ရဲ့စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းကလူတိုင်း စိတ်ဝင်စားစရာ ကောင်းလောက်အောင် ချိုသာပါတယ်။ ကောင်းပါပြီ၊  ဒီတော့ Foresterက ဘယ်လောက် စွမ်းဆောင်နိုင်တယ်၊ ကောင်းမွန်တယ်ဆိုတာနဲ့ သူ့ရဲ့ ပြိုင်ဖက် Duster အကြောင်းကို ကျနော်တို့ ဆက်ပြီး လေ့လာ ကြည့်လိုက်ရအောင်။

အားသာချက်

Duster အတွက် ပထမတချက်အနေနဲ့ ပြောရမယ့် အားသာချက်ကတော့ တန်ကြေးနည်းနည်းနဲ့ ရနိုင်မယ်ဆိုတဲ့ အချက် ဖြစ်ပြီးတော့ တန်ကြေးထက်ပိုတဲ့ စွမ်းဆောင်ရည်ကိုလည်း တွေ့ရပါတယ်။ နောက်တချက်ကတော့ အတွင်းပိုင်းမှာ အသုံးပြုနိုင်မယ့် Featureတွေ များပြားတာဖြစ်ပြီး စီးနင်းရမှု အပိုင်းမှာလည်း သက်တောင့်သက်သာရှိတာမို့ Off-Road စွမ်းဆောင်ရည်လည်းရှိနေတာ တွေ့ရပါတယ်။

Forester ရဲ့ Drive စနစ်မှာ ထူးထူးခြားခြား ဘီးစုံယက်စနစ်နဲ့ လာပြီးဆီစားနှုန်းကလည်း သက်သာကောင်းမွန်တာကြောင့် ရုန်းအားကောင်းကောင်း၊ ဆီစားနည်းနည်းဖြစ်တာမို့ လူတိုင်းနှစ်သက်မယ့် အချက်ပဲဖြစ်ပါတယ်။နောက်ပြီး Turbocharged အင်ဂျင်အနေနဲ့လည်းရွေးချယ် ၀ယ်ယူနိုင်အောင် ထုတ်လုပ်ထားသေးတာ တွေ့ရပြီး အင်ဂျင်ပိုင်းရွေးချယ်စရာ Grade တော်တော်များများ ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။

အားနည်းချက်

Dusterအတွက် အားနည်းချက်အပိုင်းကို ဆက်ပြီးတော့ ကြည့်မယ်ဆိုရင် Base ဆိုတဲ့ Grade နဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ကတော့ တကယ်ကိုအဖြစ်သဘောလောက်တည်ဆောက်ထားတဲ့ မော်ဒယ် ဖြစ်ပြီးတော့ ၀ယ်ပြီးရင်လည်း နောက်ထပ် အဆင့်မြှင့်ရမယ့် အပိုင်းတွေ အများကြီးရှိသေးတာ တွေ့ရသလို ဒီဇယ်အင်ဂျင်နဲ့လည်း ၀ယ်ယူရရှိနိုင်တာက အားသာချက်လို ဖြစ်ပေမယ့် အသံတော့ ဆူညံစေတာ တွေ့ရပါတယ်။ နောက်ပြီး Stability Control စနစ်က စံချိန်မီအဆင့် တခုမဟုတ်တာကြောင့် အသုံးဝင်မှု အားနည်းပါသေးတယ်။

Forester မှာတော့ အားနည်းချက် အနေနဲ့ ပြောရမယ်ဆိုရင် အခြေခံကျတဲ့ Display စနစ်က Touch အပိုင်းမှာ အားနည်းတာတွေ့ရပြီး ခေတ်နောက်ကျ ကျန်နေတာကြောင့် Smart အနေနဲ့ သုံးဖို့ လိုအပ်ချက်တွေ့ရပါတယ်။ နောက်ပြီးတော့ အင်ဂျင်ပိုင်းမှာ Base မော်ဒယ်ရဲ့ အင်ဂျင်လည်ပတ်နှုန်းက တခြား Grade တွေထက် အနည်းငယ် များနေတာကြောင့် ဆီစားနှုန်းအပိုင်းမှာ တခြား Gradeတွေထက်ပိုများတာတွေ့ရသလိုဆူညံမှုလည်း ပိုတာတွေ့ရပါတယ်။

စက်ပိုင်းဆိုင်ရာ

တကယ်တမ်းက Duster ကိုမောင်းနှင်ရတာ အသေးစား City တစီးကို မောင်းနှင်ရတယ် ထင်ရလောက်အောင် ပေါ့ပါးတာ တွေ့ရပြီး အင်ဂျင်အပိုင်းမှာလည်း အရွယ်အစားနဲ့ ဆီစနစ်နှစ်မျိုးကို ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ပထမတမျိုး ကတော့ ၁.၆လီတာသုံး ဓါတ်ဆီစနစ်သုံး အင်ဂျင် ဖြစ်ပြီးတော့ နောက်တမျိုးကတော့ ၁.၅လီတာသုံး ဒီဇယ်ဆီစနစ်အင်ဂျင် ဖြစ်ပါတယ်။ အင်ဂျင်တွေရဲ့ စွမ်းဆောင်ရည် အပိုင်းမှာ ဒီဇယ်အင်ဂျင်က အရွယ်နည်းနည်းသေးပေမယ့် စွမ်းဆောင်ရည် ပိုကောင်းတာတွေ့ရပြီး မြင်းကောင်ရေ ၁၀၇ကောင်အား ထိအောင် အသုံးပြုမောင်းနှင်နိုင်မှာပါ။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တနာရီ မိုင်၆၀နှုန်းကိုအချိန် ၈ စက္ကန့် ၀န်းကျင်ထိအောင်ပဲ ယူမှာ ဖြစ်လို့ အသေးစား အင်ဂျင်တပ် SUV တစီးအတွက်တော့ မြန်တယ်လို့ ဆိုရမှာပါ။

တဖက်မှာတော့ အထက်က ပြောခဲ့သလို Foresterကိုဘီးစုံယက်စနစ်နဲ့ ဖန်တီးထားပြီးတော့ ဒီလိုမျိုး အင်ဂျင်က စွမ်းအင်ကို ဘီးအားလုံးမှာ သက်ရောက်စေနိုင်ဖို့ စွမ်းအင်ထုတ်လုပ်မှု အားကောင်းအောင် တပ်ဆင်ထားတဲ့ အင်ဂျင်က ၂.၅ လီတာသုံးလေးလုံးထိုးအင်ဂျင်ဖြစ်ပါတယ်။ လေးလုံးထိုး အင်ဂျင်တွေထဲမှာဆိုရင်တော့ အရွယ်အကြီးဆုံး တန်းဝင် ဖြစ်တာကြောင့် အားနည်းတယ်လို့ ဆိုနိုင်မှာမဟုတ်ပေမယ့် Top Speed မှာတော့ ဒီအင်ဂျင်က စွမ်းဆောင်ရည် နည်းသွား ပါလိမ့်မယ်။ အင်ဂျင်ကရုန်းအား ၁၇၄ပေ-ပေါင်မှာစွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၁၇၀အား ဆိုတော့ မြန်နှုန်းမြှင့် တင်နိုင်မှုထက် ရုန်းအားကောင်းမွန်မှုကသာပါလိမ့်မယ်။ နောက်ပြီးအင်ဂျင်အပိုင်းမှာ စနစ်အမျိုးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပေမယ့် အင်ဂျင်အရွယ်ကတော့ ဒီတမျိုးတည်းပဲ ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။

ဆီစားနှုန်း

Duster ဆိုတာက ဥရောပဈေးကွက်အတွက် အဓိကထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်တာကြောင့် ဆီစားနည်းအောင်နဲ့ အတူဓါတ်ငွေ့ထုတ်လွှတ်မှုနှုန်းပါ သက်သာအောင် ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း Duster မှာတော့ ဆီစားနှုန်းက ဆီတဂါလံကို ၅၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် အရွယ်အသေးစား SUV တွေ ထဲမှာတော့ အကောင်းဆုံး ဆီစားနှုန်း ဖြစ်ပြီးတော့ Hybrid တွေရဲ့ ဆီစားနှုန်းလောက်ကို သက်သာတာ တွေ့ရပါတယ်။

Forester ကတော့ အင်ဂျင်ရဲ့လည်ပတ်အား တမိနစ်ကို အမြန်ဆုံးအပတ်ရေ ၅၈၀၀ထိအောင် ရှိတဲ့၊ Drive စနစ်မှာ ဘီးစုံယက်စနစ်နဲ့ ဖန်တီးထားတဲ့ မော်ဒယ်အတွက် ဆီစားနှုန်းက ပျမ်းမျှ ဆီတဂါလံကို ၂၅မိုင်သာ စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ပြိုင်ဖက် Duster ထက် အားနည်းလွန်းနေတယ်လို့ ပြောရမှာပါ။တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဝင်ဆန့်နိုင်မှုကတော့ ၁၅.၉ဂါလံ ထိအောင်ပဲ ဖြစ်လို့ ဆီစားနှုန်းနဲ့ စာရင်တော့ အနည်းငယ်သေးနေပါတယ်။

အခြားအချက်များ

Dusterက အကြမ်းဖျင်းပြောရရင် ယုံကြည်စိတ်ချရမှု အပိုင်းမှာတော့ အားနည်းပါတယ်။ ဥရောပအခြေစိုက် ကားဆိုင်ရာအကြမ်းခံနိုင်ရည်စစ်ဆေးမှုအဖွဲ့ NCAPရဲ့ စစ်ဆေးချက် အရတော့ Dusterက ကြယ်ငါးပွင့်မှာလေးပွင့်နီးပါးထိအောင်ပဲရရှိထားသလိုတခြား ပြိုင်ဖက်တမျိုးဖြစ်တဲ့ NissanQashqaiကတောင်မှ Crash Testအပိုင်းမှာ Dusterကိုကျော်တက်ပြီးရလဒ်ကောင်းတာတွေ့ရပါတယ်။ ဒါပေမယ့်လည်းအင်္ဂလန်မှာတော့ Dusterက လူကြိုက်များသလိုဈေးကွက်မှာ Vauxhallနဲ့ Fordရဲ့ မော်ဒယ်တွေကိုတောင် ယှဉ်နိုင်တာတွေ့ရပါတယ်။

Foresterကို ကြည့်မယ်ဆိုရင် Sportဆန်တဲ့ ကိုယ်ထည်မျိုးနဲ့ ဖန်တီးထားတာတွေ့ရပြီး အမေရိက ဈေးကွက် လောက်ထိအောင် လူကြိုက်များတဲ့ Off-Road စွမ်းဆောင်ရည်နဲ့ အကြမ်းခံနိုင်မှုတွေ ပေးစွမ်းနိုင်တာတွေ့ရပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကို ကြည့်မယ်ဆိုရင် တနာရီမိုင် ၆၀နှုန်းကို အချိန် ၈.၂စက္ကန့်ထိအောင်သာ ယူတာတွေ့ရပြီးတော့ တကယ်တမ်း နှိုင်းစာကြည့်မယ်ဆိုရင်တော့ ဒီနှုန်းကအငယ်တန်း Crossoverတွေထက်တောင်မှ အနည်းငယ် မြန်နေသေးတာလည်း ဖြစ်ပါတယ်။

ဒါဆိုရင် Dusterက ကိုယ်ထည်တော့ သေးတယ်၊ အင်ဂျင်သေးတယ်၊ အကြမ်းခံနိုင်မှု အနည်းငယ် အားနည်းတယ်၊ ဈေးကတော့ ချိုတယ်၊ ..ဆိုတော့ ..ရွေးချင်စရာပါပဲ။ အသံနည်းနည်းဆူတဲ့ အချက်ကိုအပြစ်ပြောဖို့ ခက်နေတာပေါ့။ Foresterကတော့ Dusterထက်စာရင် ကိုယ်ထည်လည်း ကြီးတယ်၊ အင်ဂျင်လည်း ကြီးတယ်၊ အကြမ်းခံနိုင်စွမ်းအားကောင်းတယ်၊ ဒါပေမယ့် ဈေးက Dusterထက် သိသိသာသာများတယ်။

သို့သော်လည်းစွမ်းဆောင်ရည်ကကောင်းနေပြန်ပါတယ်။ ဒါဆိုအဓိကစဉ်းစားရမယ့် အချက်ကတော့ နှစ်ချက်တည်းပါ။ကိုယ်ဘယ်လိုစွမ်းဆောင်ရည် လိုအပ်သလဲဆိုတာနဲ့ ငွေဘယ်လောက် သုံးနိုင်မလဲဆိုတာပါပဲ။


လင်းထက် (IA)


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၆ မှကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved