အလှမက်တဲ့ အမျိုးသားတွေကို နီနီခင်ဇော်က "ဂယ်ဘဲ ဂယ်ဘဲ"တဲ့

Wednesday, February 11, 2015



အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ- တင်ထက်ပိုင်/ ဧရာဝတီ)

အလှအပသိပ်ကြိုက်တဲ့ မြန်မာအမျိုးသားတွေကို အဆိုတော် နီနီခင်ဇော်က “ဂယ်ဘဲ ဂယ်ဘဲ” လို့ ပြောလိုက်ပါပြီ။

အဲ့ဒါကတော့ အဆိုတော် နီနီခင်ဇော်ရဲ့“ဂယ်ဘဲ ဂယ်ဘဲ” ဆိုတဲ့ သီချင်းတပုဒ်တည်းပါသော MTV အခွေထွက်ရှိလာတော့မှာ ဖြစ်ကာ အွန်လိုင်းကနေလည်း အဲ့ဒီသီချင်းကို ၀ယ်ယူနိုင်တော့မှာပါတဲ့။

တေးသီချင်းကို ဖန်းတီထားပုံနဲ့ပတ်သက်လို့ အဆိုတော် နီနီခင်ဇော်က..

“ဒီသီချင်းက ဒီဘက်ခေတ်ကောင်လေးတွေပုံစံပေါ့။ ပုံစံကတော့ တကယ်ကို ယောကျာ်းပဲ ဒါပေမယ့် သူတို့က Spa သွားတာက ပိုကြိုက်တယ်။ ယောကျာ်းတစ်ယောက်လို ၀တ်စားထားပေမယ့် စကားပြောရင် ပိုပြီး နွဲ့နွဲ့နှောင်းနှောင်းဖြစ်တယ်။ မိတ်ကပ်ကိုလည်း မိန်းကလေးတစ်ယောက်ထက် ပိုကြိုက်တယ်။အပြင်သွားရင်လည်း အိုင်းလိုင်နာဆိုးရတာနဲ့ မျက်ခုံးမွေးဆွဲရတာနဲ့လေ။ မြတ်စွာဘုရားက ဖန်ဆင်းပေးထားတာ လူနှစ်မျိုး၊ ယောကျာ်းနဲ့ မိန်းမပဲရှိပေမယ့် ခေတ်ရေစီးအရ ပြောင်းလဲသွားတာမျိုးရှိတဲ့ ပုံစံကို ရိုက်ကူးထားတာပါ။ ရိုက်ကူးတဲ့အခါမှာလည်း နီနီတို့ ဘယ်သူကိုမှ ထိခိုက်စေတာမျိုးမဟုတ်ဘဲ ဖန်စီပုံစံလေးပဲ ဒီအတိုင်း ရိုက်ကူးထားတာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ သီချင်းအနေနဲ့ပဲ ပရိသတ်ကို ကြည့်ရှူစေချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဒီအခွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ကနေ ဖြန့်ချိပေးသွားမှာဖြစ်ကာ သီချင်းတပုဒ်ထဲပါတဲ့ အဲ့ဒီအခွေကို ကျပ် ၆၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဂယ်ဘဲ ဂယ်ဘဲ တေးသီချင်းကို တေးရေး ဆလိုင်းက ရေးစပ်ပေးထားတာ ဖြစ်ပြီး ဒါရိုက်တာ မောင်မောင်သာမြင့်က ရိုက်ကူးပေးထားတာဖြစ်ပါတယ်တဲ့။ ၂၀၁၅ ခုနှစ်မှာ ရေပန်းစားမယ့် အကြောင်းအရာကို သီဆိုရိုက်ကူးထားတာလည်း ဖြစ်တယ်လို့ နီနီခင်ဇော်က ပြောပြပါတယ်။

ဒီလိုဆိုရင်တော့ ၂၀၁၅ မှာ အလှအပကို မြတ်နိုးနှစ်ခြိုက်တဲ့ အမျိုးသားတွေ ပိုမိုပေါ်ထွန်းလာဦးမှာပဲဆိုပြီး နိမိတ်များ ဖတ်လိုက်တာလားလို့ မေးရမလိုဖြစ်နေပါပြီ။

ဒီ တေးသီချင်းကို မော်ဒယ် အာကာဟိန်းနဲ့  နီနီခင်ဇော်တို အတူပါဝင် သရုပ်ဆောင်ထားပြီး အကပိုင်းကို ယူရေနီယမ် အကအဖွဲ့က ပါဝင်ပေးထားပါတယ်တဲ့။

MTV အခွေ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစလို့ ၀ယ်ယူနားဆင်နိုင်သလို Audio ပိုင်းကိုပဲ နားဆင်လိုသူတွေအတွက် Myanmar Music Store မှာလည်း ၀ယ်ယူနားဆင်နိုင်ပါတယ်တဲ့။ ဒါ့အပြင် nini khin zaw Legacy Youtube channel မှာလည်း HD Version နဲ့ Music Video ကို တင်ပေးသွားမယ်လို့လည်းဆိုပါတယ်။ ဖေဖော်ဝါရီ ၁၀ မှ ၁၆ ရက်နေ့အထိ  Telenor user တွေဟာ Ringtune အနေနဲ့ သူတို့ရဲ့ My Tune မှာ သွားရောက် အားပေး နားဆင်နိုင်ပါမယ်တဲ့။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved