အာရှရုပ်ရှင်ဇာတ်ကားတွေရဲ့ စံပြဖြစ်လာတဲ့ The Monk ဇာတ်ကား

Wednesday, February 18, 2015



The Monk ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတခု (ဓာတ်ပုံ - The Monk official facebook)

 မြန်မာပြည်က ရဟန်းသံဃာတွေရဲ့ နေထိုင်မှု၊ ဘဝရပ်တည်မှုတွေ အကြောင်းကို အမှန်အတိုင်း သရုပ်ဖော် ဖန်တီးထားတဲ့ The Monk ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ဗာဆူးလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၁ ကြိမ်မြောက် အာရှရုပ်ရှင်ပွဲတော် ၂၀၁၅ မှာ NETPAC ဆိုတဲ့ ဆုကို ရရှိခဲ့ပြန်ပါပြီ။

အဲ့ဒီ NETPAC ဆိုတဲ့ ဆုကတော့ Network For The Promotion Of Asian Cinema  (အာရှ ရုပ်ရှင်
များမြှင့်တင်ရေးကွန်ရက်) လို့ အဓိပ္ပာယ်ရပါတယ်။

ဒေါက်တာ အောင်မင်းရဲ့ ဇာတ်ညွန်းကို ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးထားတဲ့ The Monk ဇာတ်ကားဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေ အတော်များများ ရရှိထားပြီးနိုင်ငံတကာ ပရိတ်သတ်တွေရဲ့ အားပေးမှုအတော်အတန်ရရှိနေပေမယ့် မြန်မာပြည်သူတွေ ကြားထဲကိုတော့ ချမပြရသေးဘူးလို့ ဆိုရမှာပါ။

“တချိန်ကျရင်တော့ ပြည်တွင်းက လူတွေ တနည်းမဟုတ်တနည်း  ကြည့်လာမှာပေါ့လေ။ ကြည့်ခွင့် ရမှာပေါ့လေ။ ဘယ်လို ပုံစံမျိုးနဲ့ ကြည့်ခွင့်ရမလဲ ဆိုတာတော့ အခုတော့ ကျနော်လည်း မသိသေးဘူး။ ကမ္ဘာကြီးမှာ မြန်မာ တနိုင်ငံတည်း ရှိတာ မဟုတ်ဘူးလေ။ ကျနော်တို့အနေနဲ့ တရားဝင် လုပ်သင့် လုပ်ထိုက်တာတွေနဲ့တော့ လုပ်မှာပဲ။ ခေါင်းဖြတ် အမြီးဖြတ် ဟိုဟာဖြုတ် ဒီဟာဖြုတ်ခိုင်းရင်တော့ ပြည်တွင်းမှာ မပြဘူး။ အများကြီး အလုပ်လုပ်ရတော့ ကျနော်တို့ဟာကို အဆုံးအရှုံး မခံနိုင်ဘူး။” လို့ မြန်မာပြည်မှာ ဒီဇာတ်ကား မပြသဖြစ်သေးတဲ့အကြောင်းကို ဒါရိုက်တာ သည်မော်နိုင်က ဧရာဝတီကို ပြောခဲ့ဖူးတာပါ။

အခု ပြင်သစ်နိုင်ငံ ဗာဆူးလ်မြို့မှာ ပြုလုပ်တဲ့ အာရှရုပ်ရှင်ပွဲတော်မှာတော့ ဒီဇာတ်ကားကို ဘယ်လို အကြောင်းအချင်းအရာတွေနဲ့ တွက်ချက်ပြီး ဆုပေးခဲ့သလဲဆိုတော့..

“တိတ်ဆိတ်နေတဲ့ အချိန်မှာပဲ စကားပြောသံ ကြားရသလို ခံစားရတယ်။ ပရိသတ်တွေကို ကိုယ်တိုင်ဝင်ပါ နေရသလို ဖြစ်အောင် ဆွဲဆောင်ခေါ်သွားနိုင်တယ်။ အဓိက ဇာတ်ကောင်ရဲ့ ဒွိဟစိတ်ကို  ရဟန်းတပါး အဖြစ်သာမက လူသားတဦးအဖြစ်ပါ လိုက်ဖက်အောင် ပုံဖော်သွားနိုင်တယ်” ဆိုတဲ့ မှတ်ချက်တွေနဲ့ NETPAC ဆု အဖြစ် ရွေးချယ်ခံခဲ့ရတယ်ဆိုတဲ့ကြောင်းကို ဒါရိုက်တာ သည်မော်နိုင်က သူ့ရဲ့ တရားဝင်ဖေ့ဘုတ် စာမျက်နှာထက်မှာ ရေးသားထားပါတယ်။

ဒီလို ဆုရရှိခဲ့တာနဲ့ပတ်သက်လို့ ဒါရိုက်တာ သည်မော်နိုင်က “ကျတော်လည်း သာမာန် လူတယောက်ဆိုတော့ ကိုယ်လုပ်ဆောင်လိုက်တဲ့အလုပ်တခု လူအများနှစ်သက်တယ်ဆိုတော့ ဝမ်းသာရတာပေါ့။ အဲဒါကလည်း အားဖြစ်စေတယ်။ နောက် ဇတ်ကားတွေအတွက်.....” လို့ဆိုပြီး သူ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပြန်တာပါ။

လူ့ဘ၀နဲ့ ရဟန်းဘောင်ဘ၀ ဘာကို ရွေးချယ်ရမလဲဆိုပြီး ဒွိဟဖြစ်နေတဲ့ ကိုရင် ဇ၀န အကြောင်းနဲ့အတူ လက်ရှိ မြန်မာ့နိုင်ငံက ရဟန်းသံဃာတွေရဲ့ နေထိုင်မှုဘ၀ပုံရိပ်တွေအကြောင်း ရိုက်ကူးထားတဲ့ The Monk ရုပ်ရှင်ဇာတ်ကား Trailer ကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်..။


 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved