မင်းတို့ မီဒီယာတွေက ငါတို့ကို ကူညီပေးမယ့် ကောင်တွေမဟုတ်ဘူး မီးမွှေးမယ့်ကောင်တွေ

Monday, March 16, 2015



ပေါ်ပြူလာသတင်းထောက် ကိုအောင်ဇော်ထူး (ဓာတ်ပုံများ - DVB TV)

 ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သပိတ် ထောက်ခံသူ နိုင်ငံရေး အင်အားစုတွေကို လုံထိန်းရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လက်ပတ်နီ အဖွဲ့တွေက အခုလ ၅ ရက်နေ့က အကြမ်းဖက်နှိမ်နှင်းပြီး ဖမ်းဆီးခဲ့ကြပါတယ်။

ဒီဖြစ်စဉ်မှာ အရပ်ဝတ် လက်ပတ်နီအဖွဲ့တွေအနေနဲ့ သပိတ်ဖြိုခွင်းရာမှာ ဘယ်လိုပါဝင်လာသလဲ။ နောက်ကွယ်က ဘယ်သူခိုင်းစေနေသလဲဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း လက်ပတ်နီအဖွဲ့ဝင်တချို့ရဲ့ ရိုက်နှက်၊ ပစ္စည်းလု ခံလိုက်ရတဲ့ ပေါ်ပြူလာသတင်းထောက် ကိုအောင်ဇော်ထူး ကို ဧရာဝတီသတင်းထောက် ကျော်ခ က မေးမြန်းထားပါတယ်။

 မေး  ။  ။  သတင်းယူဖို့အတွက် လက်ပတ်နီတချို့နဲ့ တွေ့ဆုံရာမှာ ကိုအောင်ဇော်ထူးကို လက်ပတ်နီအဖွဲ့ထဲက တချို့က ရိုက်နှက်ပြီး ပစ္စည်း တချို့ယူသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ရှင်းပြပေးပါလား။

 ဖြေ  ။   ။ ကျနော်က မြို့တော်ခန်းမရှေ့မှာ ဖြစ်သွားတဲ့ကိစ္စမှာ တက်လာတဲ့ ဓာတ်ပုံ၊ ဗွီဒီယို ဖိုင်တွေထဲမှာ ကိုကျော်သူ ဆိုတဲ့ လူကို တွေ့လိုက်ရတယ်။ အရင်တုန်းက သီရိမင်္ဂလာဈေးသစ်မှာ ကျနော့်ကို သတင်းပေးဖူးတာတွေရှိတယ်ပေါ့နော် အဲတာနဲ့ ကျနော်က သူ့ကို ဆက်သွယ်တာပေါ့ဗျာ။

တခြားမီဒီယာတွေထဲမှာလည်း ပါလာတယ်။ သူတို့က မီဒီယာကနေတဆင့် ပြည်သူကို တောင်းပန်ချင်တယ် ဆိုတာပေါ့။ အဲလို ပါလာတော့ ကျနော်က ၉ ရက်နေ့မှာ ကျနော်က သူ့ (ကိုကျော်သူ) ဆီကို ဖုန်းလှမ်းဆက် တယ်။ အကို ဘယ်လိုဖြစ်တာလဲ။ အကိုလည်းပါလာတာတွေ့ရတယ်။ အကိုတို့ရော ဘယ်လိုအခြေအနေရှိလဲ မီဒီယာကနေပြီးတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ရှိလားဆိုတော့ သူက ဖြေရှင်းဖို့ရှိတယ်လို့ပြောတယ်။

အရင်ကတော့ သူတို့က ကြည့်မြင်တိုင် တဖက်ကမ်းမှာနေတာပေါ့ဗျာ။ လတ်တလောကတော့ လှိုင်သာယာဘက်မှာ ရှောင်နေရတယ်လို့ သူကပြောတယ်။ အဲဒါဆိုလို့ရှိရင် ကျနော်အင်တာဗျူးလုပ်ချင်တယ်။ လာခဲ့ရမလားဆိုတော့ သူက လာခဲ့ပါတဲ့။ ဒါပေမယ့် ကင်မရာတွေဘာတွေတော့ ယူမလာနဲ့တဲ့။ ဓာတ်ပုံတော့ အရိုက်မခံဘူးလို့ပြောတယ်။ ပြောတော့ ကျနော်ရုံးက လူကြီးတွေကို အသိပေးပြီးတော့ သွားတာပေါ့။ ၁၀ ရက်နေ့မနက် ၁၂ နာရီ မထိုးခင် ဘက်စ်ကားစီးပြီး သူနဲ့ ချိန်းထားတဲ့ လှိုင်သာယာက လဘက်ရည်ဆိုင်ကို ရောက်သွားတယ်။

 သူနဲ့ကျနော်နဲ့ လဘက်ရည်ဆိုင်မှာထိုင်တယ်။ အဲအချိန်မှာတော့ သူက အသံဖမ်းစက်တွေဘာတွေ မဖမ်းခိုင်းဘူးပေါ့ဗျာ။ အဲဒီမှာ သူက ဘာပြောသလဲဆိုတော့ မြို့တော်ခန်းမရှေ့တုန်းက အတူပါတဲ့ သူ့သူငယ်ချင်း ၂ ယောက်ကို ဖုန်းဆက်ထားတယ်ပေါ့နော်။ ဟိုကလည်း ဖြေပေးချင်တယ်လို့ပြောတယ်။ ကျနော်တို့ သုံးယောက် ကောင်းကောင်းဖြေပေးမယ်လို့ပြောတယ်။

 ကျန်တဲ့နှစ်ယောက် စောင့်နေရင်းနဲ့ စကားတွေပြောဖြစ်ကြတယ်။ မြို့တော်ခန်းမရှေ့ကိစ္စမှာ ဒီလိုမျိုးဖြစ်သွားမယ်မှန်း မသိဘူးပေါ့ဗျာ။ အုပ်ချုပ်ရေးမှူးတွေကတဆင့် သူတို့ကို ခေါ်လာလို့ ပါလာတာပေါ့။ ခန်းမရှေ့မှာ ညနေပိုင်းကျောင်းသားသပိတ် ဆန္ဒမပြခင် မနက် ၁၀ နာရီလောက် ကတည်းက ရောက်နေတာလို့ သူကပြောတယ်ဗျ။ မြို့တော်ခန်းမထဲမှာ သူတို့ကို ထည့်ထားတယ်ပေါ့ဗျာ။ ညနေ ဆန္ဒပြပွဲဖြစ်ခါမှ သူတို့ကို ရဲနဲ့ အတူလွှတ်ပေးလိုက်တယ်ပေါ့ဗျာ။ သူပြောပြတာ။ အဲဒီမှာ စကားပြောနေတာ ၂ နာရီလောက်ကြာတယ်။ နောက် သူချိန်းထားတဲ့ မြို့တော်ခန်းမရှေ့မှာပါတဲ့ နှစ်ယောက်က ရောက်လာတယ်။

သူတို့နှစ်ယောက်ဝင်ထိုင်ပြီးတော့ ကျနော်နဲ့ မိတ်ဆက်ပေးတယ်။ မိတ်ဆက်ပြီးတော့ ရောက်လာတဲ့ ၂ ယောက်ထဲက တယောက်က ဘာပြောလဲဆိုတော့ သူတို့ဒီနေ့မနက်မှာဘဲ မြောက်ဥက္ကလာဘက်မှာ စွမ်းအားရှင်ဆိုပြီးတော့ ရပ်ကွက်ထဲကလူတွေက ဝိုင်းရိုက်တယ်လို့ကြားတယ်ပေါ့နော်။

 အဲဒီအချိန်က နေ့လည် ၂ နာရီလောက်ရှိနေပြီ။ အဲဒီအချိန်က လက်ပံတန်းမှာလည်း ကျောင်းသား သပိတ်စစ်ကြောင်းက ဖြိုခွင်းနေပြီလေ။ သူတို့လည်း သတင်းတွေကြားတာ ရှိကောင်းရှိမှာပေါ့။ အဲဒီရောက်လာတဲ့ ၂ ယောက်ထဲက တယောက်က ကျနော့်ကိုပြောတယ်။ ကျနော်တို့ လဘက်ရည်ဆိုင်မှာ မဖြေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေလည်း အသိမခံချင်ဘူး။

 ဒီကိစ္စက လဘက်ရည်ဆိုင်လိုနေရာမျိုးမှာလည်း ပြောလို့မကောင်းဘူးပေါ့။ အဲဒီတော့ ကျနော်တို့အသိတယောက်အိမ်ကို သွားမယ်လို့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း အင်တာဗျူးရမယ်။ ကောင်းကောင်းမွန်မွန်ဖြေပေးမယ်ထင်ပြီးတော့ လိုက်သွားတယ်ပေါ့ဗျာ။

 အဲဒီမလိုက်ခင်မှာ ကျနော်က ရုံးကအယ်ဒီတာတယောက်စီကို ကျနော် သုံးနာရီခွဲလောက်ပြန်လာမယ်။ အင်တာဗျူးကောင်းကောင်း ရလာမယ်ဆိုပြီးတော့ ကျနော်ချက်ဘောက်စ်ကနေ မက်ဆေ့ပို့လိုက်တယ်။ အဲဒီမှာ ကျနော်လိုက်သွားတယ်။ သူတို့ခေါ်သွားတာက နာရီဝက်နီးပါးလောက်တော့ လျှောက်ရမယ်ဗျ။ လှိုင်သာယာမြို့နယ်ထဲမှာဘဲ ဟိုရောက်တော့ အိမ်တအိမ်သော့တွေဘာတွေဖွင့်ပြီးတော့ဝင်တယ်။

 ဝင်တော့ ကျနော်နဲ့ အသစ်ရောက်လာတဲ့ နှစ်ယောက်ထဲက တယောက်က ရှေ့ဆုံးကဝင်တယ်ပေါ့ဗျာ။ ကျနော့်နောက်က နှစ်ယောက်ပေါ့နော်။ အဲဒီမှာ အိမ်ထဲလည်း အဝင် ကျနော့်ကို အသစ်ရောက်လာတဲ့ နှစ်ယောက်ထဲက တယောက်က ကျနော့်ခေါင်းကို လက်ပြန် ဖြတ်ရိုက်လိုက်တယ်ပေါ့ဗျာ။ ရိုက်လိုက်တော့ ကျနော်ရှေ့ကို ငိုက်စိုက် ကျသွားတဲ့ အချိန်မှာ တခြားတယောက်က ကျနော့ ကျောပိုးအိတ်ကို ဆွဲတယ်။ ဆွဲပြီးတော့ မင်းလားကွ သတင်းထောက် မင်းတို့ မီဒီယာတွေက ငါတို့ကို ကူညီပေးမယ့် ကောင်တွေ မဟုတ်ဘူးမီးမွှေးမယ့်ကောင်တွေဆိုပြီးပြောတယ်။ မင်းတို့မီဒီယာသမားတွေကို မယုံဘူးပေါ့။ အဲဒီတယောက်ကပြောတယ်။

ရိုက်တဲ့ကောင်က ငါက အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးသားကွတဲ့။ ငါတို့ လုပ်ချင်လို့ လုပ်ရတာမဟုတ်ဘူးကွတဲ့။ ဦးမြင့်ဆွေ ခိုင်းလို့လုပ်ရတာကွတဲ့။ အဲလိုပြောပြီးတော့ ခုနကျနော့်အိတ်ကို ဆွဲလုတဲ့ကောင်က အိတ်ကိုဖွင့်ပြီး မွှေရှာတယ်။ အိတ်ထဲက ဖုန်းရယ်။ ကျနော့် အသံဖမ်းစက်ရယ်ကို ယူသွားတယ်။
ကျနော်ကလည်း ပြန်ပြောလိုက်တယ်။ ခင်ဗျားတို့ ကျနော့်ကို မီဒီယာကတဆင့် ပြန်တောင်းပန်မယ်ဆိုပြီး ခင်ဗျားတို့ခေါ်လို့ ကျနော် အင်တာဗျူး ပေးမယ်ဆိုလို့လာတာ ခင်ဗျားတို့အခုလိုမျိုး လုပ်တာကတော့ မီဒီယာသမား တယောက်အနေနဲ့ ကျနော်မကျေနပ်ဘူးဗျာလို့ပြောတယ်။ သူတို့ကျနော့်ကို ထပ်တော့မလုပ်ဘူး။ ထိုင်ခိုင်းထားတယ်။

ထိုင်းခိုင်းထားပြီးတော့ တယောက်က ကျနော့်ရဲ့ ဖုန်းထဲက ဆော့ဝဲတခုကို ဖျက်ပစ်တယ်။ ဖျက်ပြီးတော့ ပတ်စဝေါ့တွေ ခံလိုက်တယ်ပေါ့ဗျာ။ ပတ်စဝေါ့တွေခံလိုက်တော့ ကျနော်တို့ရုံးက အဆက်အသွယ်တွေ မရအောင် ဖျက်လိုက်တာပေါ့ဗျာ။ ရုံးကလည်း ဖုန်းတောက်လျှောက်ဆက်တာဆက်လို့မရဘူးတဲ့။ အဲဒီမှာ ကျနော့်ကို ၃ နာရီလောက်ထိုင်ခိုင်းထားတယ်။ ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ မင်းပြန်တော့ဆိုပြီး ပြန်လွှတ်လိုက်တယ်။

 ပြန်လွှတ်တော့ ကျနော်က ကျနော့် ရီကော်ဒါပြန်ပေးပါ။ အထဲမှာ ကျနော် အရေးကြီးအင်တာဗျူး လုပ်ထားတဲ့ အသံဖိုင်တွေပါတယ်။ ဖုန်းရော ကျနော့်ကို ပြန်ပေးပါဆိုတော့ မပေးနိုင်ဘူးကွာတဲ့ နောက်ဆုံး ကျနော်ဘယ်လိုမှ တောင်းလို့မရတဲ့အဆုံး ကျနော့် ဖုန်းပြန်တောင်းတယ်။ ဖုန်းတော့ပြန်ပေးလိုက်တယ်။ ကျနော်နဲ့ သိတဲ့ အကျီအဝါကြားနဲ့ ကောင် (ကိုကျော်သူ) ရဲ့ ဖုန်းနံပတ်တွေ ဖျက်ပစ်တယ်။ ဖုန်းနံပတ်တွေလည်း အကုန်ဖျက်ပစ်လိုက်တယ်။

ပတ်စဝေါ့လည်းခံထားတယ်ဆိုတော့ ဘာမှလည်း ဆက်လို့မရတော့ဘူး။ အဲဒီအိမ်ထဲကနေ ကျနော့်ကိုပြန်လွှတ်လိုက်တယ်။
ရုံးကိုရောက်တော့ ကျနော်တို့ အယ်ဒီတာတွေကို အဖြစ်အပျက်ပြောပြတယ်။ နောက်တနေ့ကျတော့ လှိုင်သာယာ မြို့မ ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ သူတို့က ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ပေးတယ်။ အဲဒါကလည်း လွယ်လွယ်ကူကူနဲ့ ဖွင့်ပေးတာတော့ မဟုတ်ဘူး။

ရဲတွေ၊ မြို့နယ်မှူးတွေကအစ စွမ်းအားရှင်တွေနဲ့ ပတ်သက်နေတာဆိုတော့ ဒီအမှုကို ဖွင့်ပေးချင်တဲ့ ပုံစံမျိုး မရှိဘူး။ အင်းစိန် ခရိုင်ထဲမှာပါတော့ အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးတွေရောက်လာပြီး ကျနော့်ကိုမေးတယ်။ ဒီကိစ္စမှာ သူတို့လှိုင်သာယာဘက်က လူတွေမပါဘူးတဲ့။ ကျနော်ကလည်းပြောပြလိုက်တယ်။ သူတို့က လှိုင်သာယာကတော့ မဟုတ်ဘူး။ ကြည့်မြင်တိုင်တဖက်ကမ်းက ဒီမှာလာရှောင်နေတာလို့ ပြောတယ်လို့။

တာဝန်ရှိတဲ့လူတွေက အခင်းဖြစ်တဲ့နေရာက အိမ်ကိုလိုက်ပြခိုင်းတယ်။ လိုက်ပြပြီးတော့ ည ၇ နာရီ လောက်မှ သူတို့ အမှုဖွင့်ပေးတယ်။ အမှုနံပတ်ကတော့ ၃၅၂ ပိတ်ပင်တားဆီးမှု၊ ၃၈၄ ခြောက်လှန့် တောင်းရမ်းမှု၊ ၃၂၃ နာကျင်ခံရမှုပေါ့နော် ပုဒ်မ ၃ ခုနဲ့ပေါ့။ အခင်းဖြစ်တဲ့နေရာက အိမ်အမှတ်က မ ၁၁၂၆ ပုလဲလမ်း ၉ ရပ်ကွက် လှိုင်သာယာမြို့နယ်ပေါ့။ ကျနော်တို့ စချိန်းတွေ့တာကတော့ ၆ ရပ်ကွက်က လဘက်ရည်ဆိုင်မှာပါ။


သတင်းထောက် ကိုအောင်ဇော်ထူးကို ရိုက်နှက်ခဲ့တဲ့ အကျီ အ၀ါကြားဝတ်ထားသူနဲ့ အကျီ အဖြူ ၀တ်ထားသူ

 မေး  ။  ။ အခုဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တယောက် အနေနဲ့ ဘာထပ်ပြောချင်လဲ။

 ဖြေ  ။   ။ ဒီလက်ပတ်နီကိစ္စက သက်ဆိုင်ရာ အဖွဲ့အစည်းတခုခုရဲ့ ခိုင်းစေမှုပါဝင်လာတယ်။ ပါဝင်လာတော့ လက်ပတ်နီအဖွဲ့ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေခိုင်းစေနေတာလဲဆိုတာကို သတင်းထောက်တယောက် အနေနဲ့ဖော်ထုတ်ချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်သွားတယ်။ ဒါပေမယ့် ကျနော့်ကို ဒီလို တုန့်ပြန် လိုက်တဲ့အပေါ်မှာတော့ ကျနော်အနေနဲ့ ဘဝင်မကျဘူးပေါ့ဗျာ။




မေး  ။  ။ သတင်းမီဒီယာကို နိုင်ငံတော်အစိုးရအနေနဲ့တောင် ရိုက်နှက်ညှင်းပန်းမှု မတရားသဖြင့် တုန့်ပြန်မှုတွေ လုပ်ခွင့်ရှိတာမဟုတ်ဘူး။ အခုအခြေအနေမှာ သတင်းထောက်တွေရိုက်နှက်ခံနေရတယ်။ အခုဆိုရင်လည်း လက်ပတ်နီ အဖွဲ့တွေကနေ ရန်ရှာရိုက်နှက်မှုကိုခံနေရတယ်။ ဒါဟာ သတင်းမီဒီယာတွေရဲ့ သတင်းရယူမှု အပေါ် ခြိမ်းခြောက်မှုတွေလို့မြင်လား။

ဖြေ  ။   ။ မြင်တယ်ဗျ။ ဘာလို့မြင်လဲဆိုတော့ အခုဆိုရင် ဘက်ပေါင်းစုံကနေပြီးတော့ ကျနော်တို့ ခြိမ်းခြောက် ခံနေရတယ်လို့ မြင်တယ်။ အခု ၂၀၁၅ မှာ ကျနော်တို့ မီဒီယာတွေကို ပစ်မှတ်ထား နှိပ်ကွပ်လာတယ်လို့ မြင်တယ်။ ခြိမ်းခြောက်မှုတွေက ကျနော်တို့ ဘက်ကို မျှားဦးလှည့်လာတယ်။ ပဋိပက္ခတွေမှာ သတင်းထောက် တွေမှန်း သိနိုင်တဲ့ အခြေအနေတွေရှိတယ်။ ကင်မရာတွေ လွယ်ထားတယ်။ သတင်းထောက်ကဒ်တွေလည်း ဆွဲထားတဲ့ အခြေအနေမျိုးမှာတောင်မှ သူတို့က လူမှားပြီး ရိုက်တဲ့၊ ဖမ်းတဲ့ သဘောမျိုးတွေဟာ ကျနော်တို့ မီဒီယာသမားတွေကို ခြောက်လှန့်နေတာလို့မြင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved