ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy |
သက်ပိုင်ခ
အသက် ၂၅ နှစ်၊
Digital Artist
ကျနော် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာ တက်ခဲ့တယ်။ ပြီးတော့ ကျနော် GTC ကိုသွားတယ်။ WYTU လှိုင်သာယာမှာ EP Major နဲ့ တက်တယ်။ ကျနော် ပုံတွေစဆွဲတာကတော့ ၇ တန်း၊ ၈ တန်းလောက်ကတည်းက စဆွဲတာ။ ဆွဲပြီးတော့ Engineering ကျောင်းမှာလည်း တစိုက်မတ်မတ် ပုံတွေ ဆက်ဆွဲတယ်။
ကျနော် ကျောင်းတက်နေရင်းနဲ့ပဲ ဒီဇိုင်းတွေကိုလည်း Commercial အနေနဲ့ တချို့တဝက်လုပ်တယ်။ အဲဒီကနေ ၆ နှစ် ကြာတော့ ကျနော် EP နဲ့ ကျောင်းပြီးသွားတယ်။ ပြီးတော့ ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်တယ်။ အဲဒီမှာ ကျနော် ၈ လနဲ့ အလုပ် ၂ ခုပြောင်းပြီး အခုနောက်ပိုင်းမှာတော့ Illustration နဲ့ ပတ်သက်တာတွေပဲ အဓိကထားပြီးလုပ်နေတယ်။
ကျနော် အလုပ်တွေ ပြောင်းတဲ့အပေါ် အိမ်ကတော့ ဘာမှမပြောပါဘူး၊ လုပ်ပေါ့နော်။ တကယ်တော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် ဘာယုံကြည်လဲ၊ ကိုယ်ဘာလုပ်ချင်လဲဆိုတာကို ကိုယ်ဖြတ်သန်းခဲ့တဲ့ကာလမှာ ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးတယ်။ ကိုယ့်ကိုယ်ကိုယ် မေးရင်းမေးရင်းနဲ့ နောက်ဆုံးတော့ ကိုယ်ဘာလုပ်ချင်လဲဆိုတာကို သိလို့ ကျနော်လုပ်ဖြစ်ခဲ့တယ်။
အခုတော့ ပန်းစကား Campaign မှာ ပါဝင်လုပ်ကိုင်နေပါတယ်။ အဓိကကတော့ Illustration ပိုင်းပေါ့။ ကျနော်တို့ ပန်းစကား Campaign ကတော့ မနှစ်က ၃ လပိုင်းမှာစတယ်။ Online မှာကော Offline မှာကော၊ အမုန်းစကားတွေ အရမ်းများနေတယ်။ ပြီးရင် Powerful Speaker တယောက်က ပြောလိုက်တဲ့အချိန်မှာ လူတစုက အမှန်ထင်သွားတယ်။ Hate Speech တွေ ဖြန့်တဲ့ဟာရှိတယ်။ တစတစ ဖြန့်မှန်းမသိ ဖြန့်လိုက်တာ နောက်ဆုံးမှာ အသက်ဆုံးရှုံးတာတွေအထိ ရောက်သွားတယ်။
အဲဒါကို MIDO က ကိုနေဘုန်းလတ်တို့ကနေပြီးတော့ ဒီ Campaign ကို စမယ်လို့ ဆိုတယ်။ အဲလိုဆိုတဲ့အခါ ကျနော့်အနေနဲ့ လူတွေနဲ့ ချိတ်ဆက်တဲ့အပိုင်းပေါ့။ “လူကိုလူချင်းပဲ မြင်ရမယ်” ဆိုတဲ့ အသိကို ဖြန့်ဝေဖို့အတွက် ကျနော်တို့ စကားလေးတခွန်းကို Workshop လုပ်ပြီးထုတ်တယ်။ ထုတ်တဲ့အချိန်မှာ အဓိကက ကျနော်တို့ ပုံတွေပြမယ် ဆိုပြီးတော့၊ ဒီ Campaign မှာ ကာတွန်းရုပ်လေးတွေ သုံးမယ်ပေါ့။
ဘာကြောင့်လဲဆိုတော့ သက်ရှိလူမော်ဒယ်လ်တယောက်ကို သုံးမယ်ဆိုရင် ဒီလူကအပြင်မှာရှိတဲ့ လူတယောက်ဆိုတော့ ဒီလူ့ကို ကြိုက်တဲ့သူလည်း ရှိနိုင်တယ်၊ မကြိုက်တဲ့သူလည်းရှိမယ်။ နောက်ပြီးတော့ ဒီလူက အပြင်မှာသွားလာနေတဲ့ လူတယောက်ဖြစ်တာကြောင့် တခုခုလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျနော်တို့က ကာတွန်းပုံလေးတွေ သုံးတယ်။ ကျနော်က အဓိကနေရာကနေ Illustration အပိုင်းတွေ ဆွဲတယ်။ ဆွဲတဲ့အချိန်မှာ ကျနော် Contributor အနေနဲ့ ဒီ ပန်းစကား Theme က ပါးစပ်ကနေ စကားပြောတဲ့အခါ ပန်းပွင့်လေးတွေ ထုတ်မယ်။ ပြီးတော့ Flower Speech တွေ ပြောရမယ်။
အဲဒီ Theme လေးကိုထုတ်ပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ Artist တွေကို ဒီ Campaign ရှိတယ်၊ ဆွဲမလားဆိုပြီး Campaign ရဲ့ Vision လေးတွေ ပြောပြတော့ သူတို့က တအားဝမ်းသာတယ်။ ဆွဲမယ်ဆိုပြီးလိုက်ဆွဲကြတယ်။ အဲဒီ လှုပ်ရှားမှုမှာ ဆိုတော့ Young Artist တွေတော်တော်များများပါဝင်လာတယ်။
ကျနော်တို့ရဲ့ ဒီပန်းစကားလှုပ်ရှားမှုလေးက ဘယ်လောက်အတိုင်းအတာအထိ ထိရောက်လဲဆိုတော့ ထိရောက်ပါတယ်ဗျ၊ ထိရောက်တယ်ဆိုတာထက် လူတွေက လက်ခံကြတယ်။ မနှစ်က သင်္ကြန်တုန်းကလည်းပန်းတွေ ဝေကြတယ်။ လူတွေက ပျော်ကြရွှင်ကြတယ်။ နောက်ပိုင်းကျနော်တို့ စတစ်ကာလေးတွေ ကမ်းတယ်။ နယ်တွေပါအထိ မြန်မာတနိုင်ငံလုံး နီးပါးကမ်းတယ်။ ဒီနှစ်မှာဆိုရင် ကျနော်တို့ “ခရီးသွားပန်းစကား”အစီအစဉ် အနေနဲ့ လူတွေ သိပ်မရောက်တဲ့ နယ်တွေမှာ စာပေဟောပြောပွဲတွေလုပ်တယ်။ အဲဒီပွဲတွေကိုလည်း DVB ကနေ Media Partner အနေနဲ့ ပါဝင်ကူညီပြီး DVB Channel မှာ ပြန်လွှင့်ပေးတယ်။
Digital Marketing အနေနဲ့ ကျနော်တို့ ထပ်သွားတဲ့ Way ကတော့ ဒီ Facebook မှာ စတစ်ကာလေးတွေ ထုတ်တယ်။ အဲဒီတော့ ကျနော်တို့က Media တွေ အများကြီးကိုသုံးပြီး Movement လုပ်နေတော့ ထိရောက်မှုက တခုနဲ့ တခု တစတစအားရတယ်ပေါ့။ လှုပ်ရှားမှုက အရှိန်ရနေတာပေါ့။ Facebook မှာ Sticker Campaign မစခင်က မနှစ်က ၃ လပိုင်း လှည်းတန်းဘက်မှာ ပိုစတာလေးတွေ စဝေတယ်။ “လူသားအချင်းချင်းအမုန်းမပွားဖို့၊ ငါတို့နှုတ်ကိုစောင့်စည်းစို့” ဆိုတဲ့ ပိုစတာလေးတွေ။ အဲဒါပြီးတော့ နယ်တွေကို ဖြန့်တယ်။ နယ်ကလူတွေက လှုပ်ရှားမှုတွေ စတင်တယ်။
နောက်ပြီး သင်္ကြန်မှာကျတော့ ရန်ကုန်မှာ ကားနှစ်စီးလှည့်တယ်။ လှည့်ပြီးပန်းတွေဝေတယ်၊ သင်္ကြန်မှာခိုက်ရန်မဖြစ်ပွားဖို့ Awareness လေးတွေ ပြောပြရင်းနဲ့ အဲဒီလိုမျိုးလက်ပတ်လေးတွေ ကျနော်တို့ ဝေတယ်။ ကျနော်တို့ရဲ့ ပန်းစကားကို တည်ထောင်ထားတာကတော့ လူသားအချင်းချင်း အမုန်းမပွားဖို့ကို အဓိကရည်ရွယ်ပါတယ်။ ပန်းစကားကို စပြီးလုပ်ဖြစ်တာတော့ ကိုနေဘုန်းလတ်၊ ပြီးတော့ ကျနော်တို့ Joosk အဖွဲ့၊ တခြားအဖွဲ့အစည်းတွေလည်း အများကြီး ပါတယ်။ ပန်းစကားဆိုတာ ဘယ်သူမဆိုဝင်ရောက်လှုပ်ရှားလို့ရတဲ့ Campaign ဖြစ်လို့ ဘယ်သူမဆိုပါဝင်လို့ရပါတယ်။
အခုဒီ Facebook ပေါ်က ပန်းစကားစတစ်ကာလေးတွေက လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေကို ဘယ်လောက် ပြေလျော့စေအောင် ထိမိလဲဆိုရင် ဥပမာ Facebook ပေါ်မှာ Hate Speech Post တခုတက်လာတဲ့အခါ “အမုန်းမပွားရဝူးနော်” ဆိုတဲ့ စတစ်ကာလေးနဲ့ သွားပြီး Comment ပေးလိုက်တဲ့အခါ စတစ်ကာလေးကို Like တဲ့သူက ၁၂ယောက်၊ ၁၃ယောက်၊ အယောက် ၂၀လောက်အထိ ရှိလာတယ်။ အဲဒီလိုမျိုးတွေ ကျနော်တို့ သွားသွားပြီး Remind လုပ်တယ်ပေါ့။
ကျနော်ရဲ့ အနာဂတ်စိတ်ကူးအိပ်မက်၊ ကျနော်ဖြစ်ချင်တာ Digital Market Society မြန်မာနိုင်ငံမှာ အကြီးကြီး ထွန်းကား ရမယ်။ ကျနော် ဒီ Animation Industry အကြီးကြီးဖြစ်ရမယ်ပေါ့။ ဒါကတော့ ကျနော့်ထက် ကျနော် ဒီ မြန်မာနိုင်ငံအတွက် ဖြစ်ချင်တဲ့ ဆန္ဒလေးတွေပေါ့။ ပျော်ရွှင်စရာတွေ ကောင်းရမယ်။
ကျနော့်အနေနဲ့ကတော့ ကျနော်က Social Services၊ လူသားတွေအတွက် အကျိုးပြုစေမယ့်လုပ်ငန်းတွေ သရုပ်ဖော်ပြီးတော့ ကျနော် ကာတွန်းရုပ်လေးတွေဆွဲမယ်၊ အဲဒီလိုမျိုး ဆွဲပြီး ကျနော် အေးအေးဆေးဆေးနေချင်တယ်။ ကျနော့်ဝါသနာနဲ့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်က တထပ်တည်း ကျတယ်လို့ ပြောလို့ရတယ်။
ပုံဆွဲခြင်းအပြင် ကျနော် တခြားဝါသနာပါတာက ရုပ်ရှင်ကြည့်တာ ဝါသနာပါတယ်၊ ကာတွန်းကားတွေ ထိုင်ကြည့်တာ ဝါသနာပါတယ်။ ပြီးတော့ အားကစားထဲမှာဆိုရင် ကျနော် လမ်းလျှောက်ရတာဝါသနာပါတယ်။ အဓိကက ကျနော် နေတာက မြောက်ဒဂုံဆိုတော့ မနက်စောစော ဆောင်းတွင်းဘက်ဆို သူငယ်ချင်းတွေနဲ့ ပြေးဖြစ်တယ်။ တနေကုန် အကြောအချဉ်တွေ ပြေအောင် မနက်မိုးလင်းကတည်းက လက်ကိုမြှောက်ပြီးလေကိုအဝရှူတယ်၊ အဲဒါဆိုရင် တနေကုန် နေသာထိုင်သာရှိသွားတယ်။ အားကစားလုပ်တာကျနော့်တို့တွေအတွက် အလုပ်အပေါ် အာရုံစူးစိုက်မှုကောင်းစေတယ်။
ကျနော်ပုံဆွဲတာကို ဘယ်လိုလေ့လာခဲ့လဲဆိုရင် ငယ်ငယ်တုန်းကတော့ ဒီအတိုင်းပုံတူလေးတွေ ဆွဲခဲ့တာပဲ။ ကျနော် ဆယ်တန်းပြီးတော့ Second Year လောက်မှာ မြန်မာကာတွန်းစုစည်းမှု ဝဘ်ဆိုက်လေးတခုလုပ်တယ်။ အဲဒီမှာ ကာတွန်းဆရာကြီးတွေရဲ့ ကာတွန်းတွေ Upload လုပ်ပေးရတယ်။ အဲဒီမှာ ကျနော် ဆွဲထားတဲ့ ကာတွန်းပုံတွေကို ဆရာကြီးဦးငွေကြည်တို့၊ ဦးမြေဇာတို့ကိုပြတယ်။ ပြတော့ သူတို့က ကျနော့်ကို ဘယ်နားတွေလိုတယ်၊ ဘယ်နားတွေ ကောင်းတယ်ဆိုတာပြောပြတယ်၊ အဲဒီကနေတဆင့် ကျနော် လေ့လာခဲ့တယ်။
အခုနောက်ပိုင်း ကဏ္ဍအသီးသီးမှာ ကြိုးစားနေတဲ့ လူငယ်တွေအပေါ် ဘယ်လိုမြင်မိလဲဆိုရင် တအားကောင်းပါတယ်ဗျ။ ကျနော်တို့မှာ Human Resourse တွေလည်း အများကြီးလိုနေပါတယ်။ ဒီထက်လည်း အများကြီးလုပ်နိုင်မယ်ဆိုရင် ပိုကောင်းပါမယ်။ အဓိကက ကျနော်တို့ပြောချင်တာက ကိုယ်တကယ်လုပ်ချင်တဲ့ အရာကို ကိုယ်သိဖို့ပဲ၊ ကိုယ် သိတယ်ဆိုရင် ကိုယ်လက်ရှိလုပ်နေတဲ့အရာက ဘာလဲ၊ အဲဒါကို ပြန်သုံးသပ်၊ အမြဲတမ်းသုံးသပ်ပြီးရင် ကိုယ် တကယ်လုပ်ချင်တာ သေချာဆိုရင် အဲဒါကိုသေချာလုပ်ပါ။ အဲဒီစိတ်နဲ့သာ ကြိုးစားရင် တခုခု ထူးကိုထူးမှာပါ။
နောက်တခု ကျနော်ပြောချင်တာက သူများတွေက ပြောကြတယ်၊ ဒီခေတ်မှာ Platform တွေ ပွင့်လာပြီ၊ အင်တာနက်ဆိုတာလည်းကောင်းလာပြီ၊ မိုဘိုင်းတွေ ခေတ်အထိ ရောက်လာပြီ။ တိုးတက်လာပြီ။ တိုးတက်လာတာနဲ့အမျှ ကြောက်စရာကောင်းလာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံနဲ့ ယှဉ်တော့မှာ၊ အခုလောလောဆယ် တုန်လှုပ်သွားတာက မြန်မာကုမ္ပဏီတွေ တုန်လှုပ်သွားတယ်။
နောက်ပြီးတော့ ကျနော်တို့ဘက်က Skillful ဖြစ်ရယ့် Technician တွေက ဗီယက်နမ်၊ ဖိလစ်ပိုင် စတာတွေနဲ့ ယှဉ်ရတော့မယ်။ ယှဉ်ရတော့မယ် အချိန်မှာ ကျနော်တို့ရဲ့ ရွှေနိုင်ငံကြီးက နာရီတွေကို နောက်ပြန်ဆွဲနေတယ်။ ရထားတွဲကြီးက နောက်ပြန်သွားနေတယ်၊ ဥပမာ- ကျောင်းဆိုရင်လည်း ကျောင်းဘေးနားမှာ ခေါင်ရည်ဆိုင်တွေ၊ အရက်ဆိုင်တွေရှိတယ်၊ လွယ်လွယ်ကူကူသွားနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်၊ အဲဒီလိုမျိုးတွေရှိတော့ အဲဒီအရာတွေကိုကျော်ပြီး ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လုပ်ပါလို့ ပြောချင်ပါတယ်။
သီဟတိုး
"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၁ မှ ကူးယူဖော်ပြသည်"
0 comments :
Post a Comment