နှစ် ၁၀၀ ခန့်က သေဆုံးခဲ့သူ မိန်းကလေးငယ်ရဲ့ပုံရိပ် ဓာတ်ပုံထဲတွင်ပေါ်လာ

Wednesday, March 18, 2015



ဓာတ်ပုံထဲမှာပေါ်လာတဲ့ ရေနစ်သေဆုံးခဲ့သူ မိန်းကလေးငယ်ရဲ့ ပုံရိပ်(photo-dailymail.com)

သြစတေးလျ လူမျိုး ကင်ဒေဗီဆင်ဟာ ရေနစ်သေဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ဦးရဲ့ဝိညာဉ်ပုံရိပ်ပါဝင်နေတဲ့ ဓာတ်ပုံတပုံကို ဖေ့စ်ဘုတ်စာမျက်နှာထက်မှာတင်ခဲ့တဲ့အတွက် အဲဒီဓာတ်ပုံထဲမှာပေါ်နေတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ပုံရိပ်ကြောင့် ခြောက်ခြားစရာဖြစ်ခဲ့ရပါတယ်။ အဲဒီဓာတ်ပုံထဲက နေရာဟာ လွန်ခဲ့တဲ့နှစ် (၁၀၀)ခန့်က မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့တဲ့ နေရာတည့်တည့်မှာ ပဲ ဖြစ်ပါတယ်။

ကွင်းစလန်ပြည်နယ်သူ မစ္စ ဒေဗီဆင်ဟာ အဲဒီဓါတ်ပုံကို “တူးဝူးဘား” တစ္ဆေဖမ်းအဖွဲ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဓါတ်ပုံကိုတော့ ၂၀၁၄ ခုနှစ်ကရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ဓါတ်ပုံကတော့ အမျိုးသမီးနှစ်ယောက်ပုံနဲ့ ကလေး လေးယောက်ရေးကူးနေတဲ့ပုံပါ။

ဒါပေမယ့် မစ္စ ဒေဗီဆင်ရယ် သူနဲ့အတူပါရှိခဲ့တဲ့ ဂျက်စီလူးကတော့ အဲဒီ ကွင်းစလန်းပြည်နယ်ရဲ့ အရှေ့တောင်ဖက်မှာရှိတဲ့ လော့ဂ်ရာ မြစ်ထဲက မာဖီဆိုတဲ့ တွင်းတခုမှာ ဓါတ်ပုံရိုက်တုန်းက ကလေး သုံးယောက်ပဲ ရှိတာပါလို့ အကြောက်အကန်ငြင်းခဲ့ကြပါတယ်။ သူတို့တတွေ ဓါတ်ပုံကို ပြန်လေ့လာကြည့်လိုက်တော့ လေးခုမြောက်မျက်နှာတစ်ခုဟာ နောက်ဖက်မှာပေါ်နေတာကို တွေ့လိုက်ရလို့ အတော်ပဲ တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။ အဲဒီမျက်နှာပုံကိုကြည့်တဲ့အခါ မျက်နှာကဖြူဖွေးနေပြီး နက်မှောင်တဲ့ မျက်လုံးရှိတဲ့အပြင် ဦးခေါင်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အရိပ်နှစ်ခုရှိနေတာကိုလည်း တွေ့ရတာပါ။

“အဲဒီဓါတ်ပုံကို ရိုက်တုန်းက ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘယ်သူမှရှိမနေခဲ့တာ အမှန်ပါ။ အဲဒီအချိန်တုန်းက ကျွန်မက ကလေးငယ်တစ်ယောက်ကို ကိုင်ထားပြီး ကျွန်မဘေးနားမှာ ပေါ်နေတဲ့ချိုပါသလိုထင်ရတဲ့ ဦးခေါင်းတစ်လုံးကတော့ လူမဖြစ်နိုင်ပါဘူးရှင်။ ပြီးတော့ သူ့ရဲ့ လက်ချောင်းတွေက ကျွန်မရဲ့ပုခုံးနဲ့ ကျွန်မသမီးလေးရဲ့ လက်မောင်းပေါ်မှာတင်ထားတာကို တွေ့ရသေးတယ်။ လက်ချောင်းတွေက ရှည်လျားတဲ့ အရိုးစုတွေလိုပဲ ”လို့ မစ္စ ဒေဗီဆင်က ကြောက်လန့်တကြား ဆိုပါတယ်။

လေ့လာစူးစမ်းသူတွေ ရှာဖွေလိုက်တော့ ဒိုရင်း အိုစာလီဗန် ဆိုတဲ့ (၁၃)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးဟာ (၁၉၁၃)ခုနှစ်လောက်က အဲဒီမြစ်ချောင်းမှာပဲ ရေနစ်ပြီး သေဆုံးခဲ့ကြောင်း ပေါ်ထွက်လာပါတော့တယ်။ အဲဒီမှာတင်ဇာတ်လမ်းဟာ ပိုပြီးခြောက်ခြားစရာ ဖြစ်လာပါတော့တယ်။
ဖေ့စ်ဘုတ်ပေါ်မှာ ကော်မန့်ရေးသူတွေကတော့ အဲဒီမျက်နှာပေါ်မှာတွေ့ရတဲ့ ချိုလိုဟာမျိုး အရိပ်ဟာ ကြက်တောင်စည်းနှစ်ဖက်ဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေးထားကြပါသေးတယ်။

၁၉၁၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် ဘရစ်စဘိန်းသတင်းစာ ဖြတ်ပိုင်းတစ်ခုမှာတော့ မိန်းကလေးငယ်တစ်ဦး အဲဒီနေရာမှာ ရေနစ်သေခဲ့တဲ့ နာရေးသတင်းတစ်ခုကို ဖော်ပြထားပါတယ်။ သတင်းမှာတော့ “ မစ္စတာ ဂျိမ်းစ် အိုစာလီဗန်ရဲ့ သမီးဦးဖြစ်သူ အသက်(၁၃)နှစ်အရွယ် ဒိုရင်း အိုစာလီဗန်ဟာ လော့ဂ်ရာ မြစ်ထဲမှာ သောကြာနေ့ နေ့လည်က မတော်တဆ ရေနစ်သေဆုံး ခဲ့ပါသည်” လို့ ရေးသားထားတာပါ။

ရေနစ်တဲ့ အလောင်းကို ပြန်လည်ရှာတွေ့ဖို့ အချိန်တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲဒီ မာဖီ ဆိုတဲ့ တွင်း နေရာဟာ အနက်ပေ (၂၀)ခန့်ရှိတာမို့ အန္တရာယ်ရှိတဲ့ နေရာလို့ အမြဲတစေ သတ်မှတ်ခြင်း ခံထားရတဲ့ နေရာလည်းဖြစ်ပါတယ်။

အသုဘကိုတော့ စနေနေ့ နေ့လည်မှာပြုလုပ်ခဲ့ပြီး လူများစွာ တက်ရောက်ခဲ့ပါတယ်။ ခရစ်ယာန်သီလရှင်ကျောင်းက ကလေးငယ်များကတော့ အကျီ င်္အဖြုရောင်ကို ၀တ်ဆင်ပြီး အသုဘယာဉ်တန်းဘေးနားက ၀န်းရံချီတက်ခဲ့ကြတာပါ။

မစ္စဒေဗီဆင်က အဲဒီနေ့သူတို့တတွေ ရေကူးတုန်း ထူးခြားတဲ့ အဖြစ်အပျက်တွေဖြစ်ခဲ့တာမို့ ၀ိညာဉ် ကတော့ အဲဒီမှာရှိနေခဲ့လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။“အဲဒီနေ့တုန်းက ကျွန်မသမီးရဲ့ ခြေထောက်ကို ရေထဲက တစ်ခုခုကလှမ်းဆွဲထားသလိုမျိုးဖြစ်တာ နှစ်ခါလောက်ရှိပါတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ ရေစိမ်ချင်လို့ ရေထဲဆင်းတဲ့ အချိန်တုန်းကလည်း ကျွန်မနောက်မှာတစ်ခုခုရှိနေတယ်လို့ ခံစားမိခဲ့တယ်။ အဲဒီတုန်းကတော့ ရေထဲက ပြန်ထလာပြီး ဘာမှ မဖြစ်သလို လျစ်လျူရှုနေခဲ့ပါသေးတယ်” လို့  မစ္စ ဒေဗီဆင်က ဆိုခဲ့ပါတယ်။ သမရိုးကျ ဖြစ်စဉ်မဟုတ်တဲ့ အရာတွေကို လေ့လာနေတဲ့ ကျွမ်းကျင်ပညာရှင်နှစ်ယောက်ရဲ့ ရှာဖွေတွေ့ရှိချက်တွေ အရ ဓါတ်ပုံထဲမှာ တွေ့နေရတဲ့ ပုံရိပ်ဟာ (၁၉၁၃)ခုနှစ်က ရေနစ်သေဆုံးသွားခဲ့တဲ့ ကလေးလေးရဲ့ ပုံဖြစ်တယ်လို့ ဆိုပါတယ်။ မစ္စ ဒေဗီဆင်ကတော့ ဒိုရင်း အိုစာလီဗန်ဟာ တကယ်ပဲ အဲဒီနေရာမှာရှိနေခဲ့တယ်လို့ ယုံယုံကြည်ကြည်ပြောဆိုနေခဲ့ပါတယ်။


အနက်ပေ ၂၀ ရှိတဲ့ မာဖီတွင်းတနေရာ

မစ္စ ဒေဗီဆင် အပါအ၀င် အဲဒီ ဓါတ်ပုံအတွက် ဖေ့ဘုတ်မှာ ကော်မန့်ရေးသူတချို့ကတော့ ဓါတ်ပုံထဲမှာ ၀ိညာဉ်များစွာရဲ့ ပုံရိပ်တွေကို  တွေ့နေရတယ်လို့ ရေးသားထားကြပါတယ်။ ကျွန်မဖက်ထားတဲ့ သမီးငယ်လေးရဲ့ ခြေရင်းနားမှာ မုတ်ဆိတ်မွှေးနဲ့ လူတစ်ယောက်ကို တွေ့နေရသေးတယ်။ ရေမျက်နှာပြင်ပေါ်မှာ လူ(၄)ယောက်ရဲ့ မျက်နှာ ထင်ဟပ်နေတာကို တွေ့ရတယ်လို့ မစ္စ ဒေဗီဆင်က ဆိုထားပါသေးတယ်။ သံသယတွေပြည့်နေတဲ့ မစ္စ ဒေဗီဆင်ရဲ့ တုန့်ပြန်မှုတွေက နောက်ထပ် ဖြစ်နိုင်ခြေတွေကို ထပ်မံညွှန်ပြနေသလိုပါပဲ။

မက်မီရာ ဆိုသူကတော့ မျက်လုံးဆိုတာက မြင်ချင်တဲ့ အရာကိုသာ မြင်တတ်ခြင်းဖြစ်ပြီး အဲဒီနေရာမှာ ရေပွက်ရာတွေကလွဲလို့ ဘာမှ မရှိပါဘူးလို့ ဆိုထားပါတယ်။ “ဓါတ်ပုံထဲမှာ ကင်မရာကို ကြောခိုင်းထားတဲ့ ကလေးငယ်လေးရဲ့ ဘယ်ဖက်လက်မောင်းက ရေပေါ်မှာပေါ်နေပြီး အဲဒါက ရေပွက်ကိုဖြစ်စေတာပါ။ ဘာအရိပ်မှမရှိပါဘူး။” လို့ ထပ်မံဖြေရှင်းထားပါသေးတယ်။

 “ကျွန်တော်ကတော့ နောက်ထပ်ကလေးတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ နေရောင်ကျနေလို့ အလင်းများလို့ သေချာမမြင်ရဘဲ ဖြစ်နေတယ်လို့ ထင်ပါတယ်။ သူတို့အားလုံးကလည်း ဓါတ်ပုံရိုက်တုန်းက နေကို မျက်နှာမူထားကြတာလေ” လို့ ဘရက်ဂလင်းဆိုသူက ဖြေရှင်းချက်ပေးထားပါတယ်။ တူးဝူးဘား တစ္ဆေဖမ်းအဖွဲ့ရဲ့ ဖေ့ဘုတ် အက်ဒ်မင်ကတော့ အဲဒီဖြေရှင်းချက်ကို ယုံကြည်မှုမရှိခဲ့ပါဘူး။

“ကျွန်တော်တို့တတွေ အဲဒီနေရာမှာ ရေကူးခဲ့တာ ဟိုးငယ်ငယ်လေးကတည်းကပါ။ ဒါပေမယ့် အန္တရာယ်ကင်းဖို့အတွက် ကျွန်တော်တို့ အဲဒီနေရာမှာ နောက်ထပ်ရေမကူးတော့ပါဘူး” လို့ တချို့သောသူများက ရေးသားခဲ့ကြပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။ ။ http://www.dailymail.co.uk/news/article-2988212/Woman-claims-mysterious-ghost-baby-photobombed-family-portrait.html#ixzz3UTLjxeWV

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved