Lotus Evora Sက Audi TT RSအတွက် ပြိုင်ဖက်ကောင်း ဖြစ်နိုင်မလား

Wednesday, March 18, 2015

တကယ်တမ်း တွက်မယ် ဆိုရင်တော့ Audi TT RS ဆိုတဲ့ မော်ဒယ်က ခေတဲ့ မော်ဒယ်တခုတော့ မဟုတ်ပါဘူး။ နောက်ပြီး Brand ကလည်း Audi ဆိုတာနဲ့တင် ဖျားလောက်တဲ့ အနေအထားပါ။ ဒါပေမယ့် တခုရှိတာက Lotus ဟာ Sport တွေကိုပဲ တစိုက်မတ်မတ် ထုတ်လုပ်နေတဲ့ ကုမ္ပဏီမို့  အိမ်စီး မော်ဒယ်တွေဆိုရင်တော့ ဒီလောက်ကြီး ကောင်းမွန်တာမျိုး ထုတ်လုပ်နိုင်ချင်မှ ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် TT RS မော်ဒယ်ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်မယ့် အခွင့်အလမ်းတော့ အနည်းငယ် ရှိနေတာကြောင့် အခုတပတ်မှာ  ဒီမော်ဒယ် နှစ်ခုကို နှိုင်းပြဖို့ စိတ်ကူးလိုက်တာပါ။ ပြောရရင် Audi ရဲ့ မော်ဒယ်က အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီး ကောင်းမွန်သာလွန်တာ ဖြစ်ပေမယ့် တဖက်က ကြည့်မယ်ဆိုရင်တော့ သေချာတာတခုက Lotus ရဲ့ မော်ဒယ်က ဈေးချိုချိုနဲ့ ရနိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် တကယ်တမ်း Sport ကောင်းကောင်းတစီးကို ဈေးနည်းနည်းလောက်နဲ့ပဲ ၀ယ်မယ်လို့ စိတ်ကူးထားသူတွေ အတွက်က Lotus ရဲ့ မော်ဒယ်က အိပ်မက်တွေကို လက်တွေ့ အကောင်အထည် ဖော်ပေးနိုင်မှာဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ကောင်းပါပြီ၊ သူတို့အကြောင်း ဆက်ပြီးလေ့လာကြည့်ရအောင်ပါနော်။


Lotus Evora S (photo-www.edmunds.com)

အားသာချက်

Evora ရဲ့ အရင်ဆုံး ဒီဇိုင်းပိုင်းက ပတ်လမ်းမောင်း ပြိုင်ကားတစီးပုံစံမျိုး ဖြစ်အောင် ချိုးဆစ်ထားတာ တွေ့ရပြီး ဒီအနေအထားက ဈေးကွက်မှာ အထူး လူကြိုက်များတဲ့ Ferrari နဲ့ Lamborghini မော်ဒယ်တွေကို တန်ကြေးနည်းနည်းနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ ပြီးတော့ လက်ကိုင်ပိုင်း အားသာချက်က Lotusရဲ့ ပင်ကိုယ် အားသာချက် ဖြစ်လို့ ထူးပြီး ပြောစရာ မရှိပေမယ့် တခြား Sportတွေထက် သာလွန်နေတာ အမှန်ပါ။ နောက်တချက်ကတော့ဆီစားနှုန်းပါပဲ။ Sport Coupe တော်တော်များများက ဆီစားများကြပြီး ၀ယ်စီးတဲ့ သူတွေကလည်း ဆီဖိုးလောက်ကို ထည့်မတွက်ကြပေမယ့် အခု Evora S က ဆီစားနှုန်း သက်သာ ကောင်းမွန်တာကို တွေ့ရပါတယ်။

TT RS ရဲ့ မပြောမဖြစ် ပြောရမယ့် အားသာချက်ကတော့ ရုပ်ထွက်ပိုင်း ဖြစ်ပြီးတော့ ဆွဲဆောင်မှု ကောင်းသလို တခြား မော်ဒယ်တွေနဲ့ ယှဉ်ပြီး ရပ်လိုက်မယ်ဆိုရင်လည်း သိသာထင်ရှားစေနိုင်ပါတယ်။ နောက်တချက်ကတော့ Coupe တန်းဝင် မော်ဒယ် ဖြစ်သလို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် အရှိန်မြှင့်တင် မောင်းနှင်နိုင်မှု အထူးကောင်းမွန်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ TT က ဘယ်လောက်ထိအောင် အောင်မြင်တဲ့ မော်ဒယ်လဲ ဆိုရင် Coupe အဖြစ်နဲ့တောင်မှ မဟုတ်ဘဲ Hatchback နဲ့ SUV တွေ အဖြစ်နဲ့ပါ ဈေးကွက်မှာ ရနိုင်တာပဲ ဖြစ်ပါတယ်။

Powertrain

Evora S မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃.၅ လီတာသုံး Toyota က ထုတ်လုပ်ပေးထားတဲ့ V6 အင်ဂျင် ဖြစ်ပြီးတော့ အဆိုပါ အင်ဂျင်က ရုန်းအား ၂၅၈ပေါင်-ပေမှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၂၇၆ ကောင်အား ထိအောင် ရှိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရုန်းအား၊ စွမ်းအား အပိုင်းအရတော့ မော်ဒယ်က တောင်တက်လမ်းကြောင်းနဲ့ ကွေ့လမ်းလို အပိုင်းတွေမှာ အားကောင်းဖို့ ရှိပေမယ့် လမ်းဖြောင့်၊ လမ်းကောင်းမှာတော့ တခြားမော်ဒယ်တွေထက် အားနည်းချက် နည်းနည်း ရှိနိုင်ပါတယ်။

TT RS ရဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၂.၅ လီတာသုံး ပုံမှန် ငါးလုံးထိုး အင်ဂျင်တပ်ဆင်ထားတာကြောင့် နည်းနည်းတော့ ဆန်းနေစေပါတယ်။ လေးလုံးထိုးအင်ဂျင်အတွက်ဆိုရင်တော့ ၂.၅ လီတာသုံးက အကြီးဆုံး ဖြစ်ပေမယ့် ငါးလုံးထိုးအတွက်ကတော့ အနေတော်လောက်ပါပဲ။ ဒါပေမယ့် တခုရှိတာက V Series အင်ဂျင်ကို တပ်ဆင်ထားတာ မဟုတ်လို့ TT RS က လူငယ်တွေကြိုက်နှစ်သက်လောက်အောင် အင်ဂျင်သံ ကောင်းပါ့မလားဆိုတာပါပဲ။ ဒါပေမယ့် အသံထွက်ကို မကြိုက်ဘူးဆိုရင်တော့ Turbo Pipe ကို ၀ယ်ထည့်လိုက်ရင် အသံကောင်းသွားပါလိမ့်မယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ ရုန်းအားက ၃၄၃ပေ-ပေါင် ရှိပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၆၀အား ဖြစ်တာကြောင့် ပြိုက်ဖက်မော်ဒယ်တွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို တွေ့နိုင်ပါတယ်။

Audi TT RS

 စွမ်းဆောင်ရည်

Evora S ရဲ့ Transmission ပိုင်းမှာက ဂီယာချက် ၆ချက်ကိုပဲ သုံးပြီး မောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရသလို အခုပြောနေတဲ့ Evora S ကတော့ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၄.၆စက္ကန့်ထဲနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်တာလည်း တွေ့ရပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာတော့ မော်ဒယ်က အနည်းငယ် အားနည်းပြီးတော့ တနာရီ ၁၆၃ မိုင်နှုန်းလောက်ပဲ ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Evora S မဟုတ်တဲ့ ပုံမှန် Evora မော်ဒယ်တွေကတော့ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၄.၉စက္ကန့််နဲ့ ရောက်မယ်လို့ ဆိုပေမယ့် စမ်းသပ်မောင်းနှင်သူတွေကတော့ အဆိုပါ အချိန်လောက်နဲ့ မရောက်ဘူးလို့ ဆိုကြပါတယ်။ နောက်ပြီး အဆိုပါ ပုံမှန်မော်ဒယ်တွေက Top Speed အပိုင်းမှာလည်း အားနည်း ကြပြန်ပါတယ်။

Audi ရဲ့ မော်ဒယ်ကတော့ Auto အဖြစ်နဲ့ပါ Transmission စနစ်ကို ရရှိအောင် ဖန်တီးထားတာ တွေ့ရပြီးတော့ ပြောရမယ် ဆိုရင် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ V Series တန်းဝင် အင်ဂျင်တပ် မော်ဒယ် မဟုတ်ပေမယ့် ကောင်းပါတယ်။ တနာရီ မိုင် ၆၀နှုန်းလို အတိုင်းအတာအတွက် အချိန် ၄.၅ စက္ကန့်လောက်ပဲ ယူမှာ ဖြစ်သလို အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာလည်း တနာရီ မိုင် ၁၇၆မိုင် လောက်ထိအောင် မောင်းနှင်နိုင်မယ့် အနေအထားက Sport တစီး အနေနဲ့ရော အမိုးဖွင့်ကားတစီး အဖြစ်နဲ့ပါ အထူးကောင်းမွန်တဲ့ အားသာချက် ဖြစ်နေစေတာပါ။

Safety

Sport တစီးအတွက် အရေးအကြီးဆုံး အပိုင်းက စွမ်းဆောင်ရည်ပြီးရင် ထိန်းချုပ်နိုင်မှု အပိုင်းပါပဲ။ ဘယ်လို ထိန်းချုပ်နိုင်မှုတွေလဲ ဆိုရင်တော့ လက်ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းတွေ ဖြစ်ပါတယ်။ သေချာတာ တခုက လက်ကိုင်ပိုင်းမှာတော့ Lotus ရဲ့ မော်ဒယ် ဖြစ်တဲ့ Evora S က လှည့်ကြည့်စရာ မလိုအောင် ကောင်းမှာ ဖြစ်ပြီး ဒါကလည်း လက်ရှိ ဈေးကွက်မှာ ရှိနေသမျှ မော်ဒယ်တွေ Brand တွေထဲမှာ Lotus က လက်ကိုင်ပိုင်း နည်းပညာ အကောင်းဆုံး ဖြစ်လို့ပါပဲ။ ကျန်တဲ့ ဘရိတ်အပိုင်းမှာတော့ Evora S မှာ Antilock ဘရိတ်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး အသက်ကယ် လေအိတ်စနစ်တွေ တပ်ဆင်ထားတာ တွေ့ရပေမယ့် လိုအပ်ချက်တခုအနေနဲ့ ဘေးဘက် အသက်ကယ် လေအိတ်စနစ်ကို ဖြုတ်ထားတာပဲ ဖြစ်ပါတယ်။

Audi ရဲ့ မော်ဒယ်ကတော့ အသက်ကယ် လေအိတ်စနစ်အပိုင်းမှာ အပြည့်စုံဆုံး ဖြစ်အောင် တပ်ဆင်ထားတာ တွေ့ရသလို နောက်ဖက်ထိုင်ခုံတန်းအတွက်ပါ အသက်ကယ် လေအိတ်စနစ်တွေ တွေ့ရတာပဲ ဖြစ်ပါတယ်။ ဘရိတ်စနစ်မှာလည်း ABS စနစ်ကိုပဲ တပ်ဆင်ထားတယ် ဆိုပေမယ့် လျှပ်စစ်အကူစနစ်နဲ့ ဘရိတ်စနစ်ကိုထပ်ပိုးထားတာ တခုက အမြန်နှုန်း ထိန်းသိမ်းရမှု အပိုင်းကို ပိုကောင်းစေတာ တွေ့ရပါတယ်။ ဘရိတ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ တနာရီ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး အနေနဲ့ ၁၁၂ပေပဲ ယူတာကြောင့် Sport တစီးမှာ ရှိသင့်တဲ့ အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အခြားအချက်များ

Evora S အနေနဲ့ ဆီစားနှုန်းကလည်း ဆီတဂါလံကို ပျမ်းမျှ ၂၂မိုင်လောက်ထိအောင် စီးနင်းနိုင်မယ့် အနေအထားတွေက ဆွဲဆောင်မှု ကောင်းနေစေတဲ့ သဘောပါ။ ပြောရရင် ဆီတဂါလံကို မြို့တွင်း အနေအထားမှာ ၁၈မိုင်လောက်နဲ့ အဝေးပြေးလမ်းမတွေ အနေအထားမှာ ၂၆မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်း အနေအထားကတော့ TT RSထက် သေးတာ တွေ့ရပြီး နှစ်ယောက်စီး မော်ဒယ် အနေနဲ့ ပိုပီသတဲ့ အနေအထားပါ။
Audiရဲ့ မော်ဒယ်ကတော့ အကြီးစား တန်းဝင် အမိုးဖွင့် ပြိုင်ကား ဖြစ်ပြီးတော့ သူက ဆီစားနှုန်း တဂါလံကို ပျမ်းမျှ ၂၄မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ကာ မြို့တွင်းလမ်းကြောင်းတွေမှာ မိုင် ၂၀လောက်နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာ ၂၈မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ ကိုယ်ထည်ပိုင်းနဲ့ ထိုင်ခုံ တည်ဆောက်ပုံ အနေအထားအရ မော်ဒယ်က ခရီးသည် လေးယောက်ထိအောင် လွတ်လပ်စွာ လိုက်ပါစီးနင်းနိုင်မယ့် အနေအထား ဖြစ်တာလည်း တွေ့ရပါတယ်။

ဒါဆို ကျနော်တို့ မော်ဒယ်နှစ်ခုကို နှိုင်းစာကြည့်တာ လုံလောက်ပြီထင်ပါတယ်။ TT RS က အင်ဂျင် အရွယ်သေးပေမယ့် စွမ်းဆောင်ရည် မြင့်တယ်၊ ဒါပေမယ့် ဈေးတော့ များတယ်။ တဖက်က Lotusကကျတော့ ဈေးသက်သာတယ်၊ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်း အမီလိုက်နိုင်တာ တွေ့ရသလို အရွယ်နဲ့ ဒီဇိုင်းပိုင်း ကောင်းမွန်ပြီး ရုပ်ထွက်ပိုင်းကလည်း ဆရာကျတဲ့ အနေအထားတွေမို့ Sport တစီးအနေနဲ့ သုံးမယ်ဆိုရင် သုံးပျော်တဲ့ မော်ဒယ် အနေအထား ဖြစ်တာကြောင့် ဈေးနှုန်းလေး တချက်ကိုပဲ ကြည့်ပြီး ကိုယ် ဘယ်လောက် သုံးမယ်ဆိုတာလေးနဲ့ ဆုံးဖြတ်ရမယ့် မော်ဒယ် နှစ်ခုလို့ပဲ ဆိုလိုက်ပါရစေဗျာ။


လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved