မိန်းမလှလေးနဲ့ ပြည့်တန်ဆာလုပ်ငန်းရဲ့သရုပ်မှန်များ

Wednesday, March 25, 2015



pretty woman ရုပ်ရှင်ဇာတ်ကားမှ ရစ်ချက်ဂီရိနဲ့ ဂျူ လီယာရောဘတ်(photo-huffingtonpost.com)

သမိုင်းဝင် အောင်မြင်ခဲ့တဲ့ “Pretty Woman”ဆိုတဲ့ အချစ်ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိခဲ့တာ အခုဆိုရင်  (၂၅)နှစ်တိုင်ခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့ အမေရိကန်နိုင်ငံမှာ အဲဒီဇာတ်ကားကို ပြန်လည် ပြသခဲ့ပါတယ်။ ယနေ့ထိဆိုရင် ဒီဇာတ်ကားရဲ့ အသားတင်ဝင်ငွေဟာ ဒေါ်လာငွေသန်းပေါင်းငါးရာ နီးပါးရှိပါတော့မယ်။

အဲဒီဇာတ်ကားမှာ သရုပ်ဆောင် ဂျူလီယာရောဘတ်ဟာ စိတ်လွတ်လက်လွတ်ပျော်တတ်တဲ့ အပျော်အပျက်မ လေးတဦးလို သရုပ်ဆောင်ထားပြီး ဇာတ်လမ်းထဲက သူရဲ့ချစ်သူကတော့ အယ်လ်အေမြို့က ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ရစ်ချက်ဂီရီပဲ ဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းကို ဆွဲဆောင်မှုရှိအောင် သရုပ်ဆောင်နှစ်ဦးကပဲ အဓိက ဦးဆောင်သွားကြတာပါ။

ဒါပေမယ့် ဒီဇာတ်လမ်းရဲ့ တစ်ခုတည်းသောပြဿနာကတော့ ပြည့်တန်ဆာလုပ်ငန်းအကြောင်း ဖော်ပြ ထားရာမှာ တကယ့်အဖြစ်အပျက် အမှန်တရားတွေနဲ့ ကွာခြားနေခြင်းပဲဖြစ်ပါတယ်။

ကွတ်မြို့ရဲစခန်းရဲ့ ပရောဂျက်မန်နေဂျာ တစ်ဦးလည်းဖြစ်၊ လိင်ကုန်ကူးခံရခြင်းမှ လွတ်မြောက်လာသူလည်း ဖြစ်သူ မာရီရန် ဟက်ချာဆိုသူ အမျိုးသမီးတစ်ဦးက ပြည့်တန်ဆာလုပ်ငန်းတွေကို လုပ်ကိုင်နေကြရတဲ့သူတွေ အကြောင်းနဲ့ လိင်ကုန်ကူးခံရခြင်းအကြောင်းတွေကို အခုလို ရှင်းပြခဲ့တာပါ။

ပြည့်တန်ဆာလုပ်ငန်းဆိုတာ အရုပ်ဆိုးအကျည်းတန်လှပါတယ်။ များသောအားဖြင့် လိင်ကုန်ကူး ခံရခြင်းကြောင့်ပဲဖြစ်တယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ရဲ့မူလဇာတ်ညွှန်းက အမှောင်လောကမှာ အရဲစွန့် ပြီးလုပ်ကိုင်ရတဲ့ အခြေအနေတစ်ခုအကြောင်းကို  ဖော်ပြရေးသာပုံရပါတယ်။ ဒီလိုလုပ်ငန်းတွေကနေ လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ကျွန်မအနေနဲ့ကတော့ ဒီိလိုအဖြစ်အပျက်မျိုးတွေဟာ ၀မ်းနည်းဖွယ် ကောင်းတဲ့ အမှန်တရားတစ်ခုပါ။

ကျွန်မတို့ထဲက အနည်းအကျဉ်းမျှသာ ဒီလိုလွတ်မြောက်တဲ့ဘ၀မျိုးကို ရွေးချယ်နေထိုင် အသက်ရှင် နိုင်ကြတာဖြစ်ပါတယ်။ ကျွန်မတို့တတွေဟာ ဒီလိုပြည့်တန်ဆာဘ၀မှာနေရတာ မပျော်ပါဘူး။ အများတကာနဲ့ လိင်ဆက်ဆံနေရတာကိုလည်း မနှစ်သက်ကြပါဘူး။ ချမ်းသာကြွယ်ဝသူတွေရဲ့ အခြံအရံလုပ်ပေးနေရတဲ့ သူတွေကစလို့ အင်တာနက် စာမျက်နှာပေါ်ကနေ မိမိကိုယ်ကိုရောင်းနေရတဲ့သူ အပါအ၀င် အဲဒီ အမျိုးသမီး တွေဟာ တကယ်တော့ သရုပ်ဆောင်တွေချည်းပါပဲ။

FBI တွေကတော့ လိင်ကုန်ကူးခြင်းကို “အတင်းအဓမ္မတိုက်တွန်းမှု၊ လိမ်လည်လှည့်ဖျားမှု၊ အကျပ်ကိုင်မှု”လို့ နံမည်တပ်ကြပါတယ်။  FBI ရဲ့ အဆိုအရ အမေရိကရဲ့ ပြည့်တန်ဆာ ဈေးကွက်ထဲကို နှစ်စဉ် လူပေါင်း တစ်သိန်းခန့် ရောက်ရှိလျက်ရှိပါတယ်။ ကျွန်မရဲ့လုပ်ငန်းရေးရာအရရော၊ ပုဂ္ဂိုလ်ရေးရာ အတွေ့အကြုံအရပါ ပြောရရင် ဒီလောကထဲရောက်ရှိလာကြတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးအများစုဟာ အမြတ်ထုတ် ခံလိုက်ရခြင်းကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ လိင်ကုန်ကူးခံရခြင်းကြောင့်ပါပဲ။  အများစုကတော့ ရှေ့ရေးအတွက် ဘာအာမခံချက်မှ မပေးစွမ်းနိုင်တဲ့ အသိုင်းအ၀ိုင်းတွေက ရောက်ရှိလာခြင်းပါ။

မိန်းကလေးအများစုဟာ သူတို့ရဲ့ “ချစ်သူရည်းစား”လို့ ခေါ်တဲ့ လူတွေကနေတဆင့် ဒီလောကထဲကို စတင်ရောက်ရှိလာတာဖြစ်ပြီး နောက်တော့ မူးယစ်ဆေးစွဲလို့ မိမိခန္ဓာကို အဆုံးအစမရှိရောင်းစားနေရတဲ့ ဘ၀ထဲကို အပြီးရောက်သွားတော့တာပါပဲ။ ကျွန်မတို့တတွေကိုလာပတ်သက်တဲ့ ယောကျာ်းတွေကတော့ ရုပ်ရှင်ထဲက မင်းသား ရစ်ချက်ဂီရီနဲ့ စိတ်သဘောထားတူတဲ့ အမျိုးသားတွေတော့ ဘယ်ဟုတ်ပါ့မလဲ။

တိုတိုနဲ့လိုရင်းကို ပြောရရင်တော့ (၈၅)ရာခိုင်နှုန်းသော အမေရိကန် အမျိုးသားတွေကတော့ အမျိုးသမီးတွေနဲ့ ငွေပေးပြီး မပျော်ပါးတတ်ကြပါဘူး။ ဒါပေမယ့် ဒါမျိုးတွေကို တချို့ကတော့ လုပ်တတ်ကြတယ်။ အဲဒီအထဲမှာ ချမ်းသာတဲ့သူက အနည်းအကျဉ်းပဲ ရှိပါတယ်။ များသောအားဖြင့် အဲဒီလို အခကြေးငွေပေးပြီး လိင်ပျော်ပါး တတ်သူတွေဟာ ကျွန်မတို့ရဲ့ အနီးအနားမှာ ရှိတဲ့သူတွေပဲဖြစ်တယ်။ ကျွန်မတို့ ကျောင်းစာသင်ခန်းထဲက သူတွေ၊ ထမင်းတ၀ိုင်းတည်း ထိုင်စားနေတဲ့ မိတ်ဆွေတွေ၊ ရုံးက မျက်နှာချင်းဆိုင်စားပွဲမှာ ထိုင်ပြီး အလုပ်လုပ် နေတဲ့သူတွေဟာ တကယ်တော့ အင်တာနက်ကနေ အမျိုးသမီးတွေကို ခေါ်ယူပြီး လူမသိသူမသိ လိင် ပျော်ပါး နေတဲ့သူတွေ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီလိုလူမျိုးတွေကတော့ သူနဲ့ အတူလာပျော်ပါးပေးရတဲ့ အမျိုးသမီးတစ်ဦးကို အဲဒီဘ၀ထဲက ကယ်တင်ပြီး ခမ်နားထည်ဝါပြီး ကြည်နူး ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ထဲကို ခေါ်ဆောင်လာမယ့်သူတွေတော့ မဟုတ်ပါဘူး။

ရဲတွေ၊ တရားလိုတွေ၊ တရားသူကြီးတွေကလည်း လိင်ကုန်ကူးခြင်းအကြောင်းကို စတင် သိရှိစ ပြုလာပါပြီ။ ဆယ်စုနှစ်တွေ များစွာလွန်သွားပြီးနောက်မှာတော့ အဲဒီလိုလိင်ကုန်ကူးခြင်းခံရတဲ့ သူတွေဟာ ပြုစုကုသမှုကို လိုအပ်နေတာဖြစ်ပြီး အဲဒီဘ၀တွေထဲကို ပြန်ရောက်သွားစေတဲ့ အပြစ်ပေးမှုကို ခံထိုက်သူတွေ မဟုတ်ကြောင်း သူတို့တတွေ နားလည်စပြုလာပါပြီ။ ကွတ်မြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦးဖြစ်သူ တော်မ်ဒါ့တ်ဆိုသူကတော့ အမျိုးသမီးတွေ ဒီလိုဘ၀တွေထဲက လွတ်မြောက်စေလိုတဲ့ မျှော်လင့်ချက်တွေနဲ့ အဲဒီဘ၀တွေကနေ လွတ်မြောက်လာတဲ့ ကျွန်မတို့လို လူတွေကို လိုက်ရှာငှားရမ်းပြီး အမျိုးသမီးငယ်လေးတွေကို အတွေ့ အကြုံတွေနဲ့ ရှင်းပြအားပေးစေပါတယ်။

ဒါပေမယ့် တချို့အမျိုးသမီးတွေကတော့ ရဲစခန်းကို ထပ်ဖန်တလဲလဲ ပြန်လည်ရောက်ရှိ လာတတ်ပါတယ်။ ရောက်လာရတဲ့ အကြောင်းအရင်းကတော့ ပြည့်တန်ဆာခေါင်းတွေက ရိုက်နှက်လိုက်လို့ မဟုတ်ဘဲ သူတို့ဆက်ဆံပေးရတဲ့ သူတွေက ရိုက်နှက်လို့ပဲဖြစ်ပါတယ်။ လာလိုက်ရင်လည်း အရိုက်ခံရလို့ ရလာတဲ့ ဒဏ်ရာတွေနဲ့ သွားတွေကျွတ်ထွက်သွားတာမျိုးတွေနဲ့ပဲ တွေ့ရပါတယ်။ အခကြေးငွေပေးပြီး လိင်ဆက်ဆံတဲ့ အမျိုးသားအတော်များများဟာ လိင်ဆက်ဆံရုံသက်သက်မဟုတ်ဘဲ နိုင်လိုမင်းထက် ပြုမူတတ်တာကိုလည်း တွေ့ရပါတယ်။ ကျွန်မတို့တတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေလို့ သိပေမယ့် သူတို့က ဂရုမစိုက်တတ်ကြပါဘူး။ အဲဒါကြောင့် ပြည်တန်ဆာအဖြစ် လိင်ဆက်ဆံခံရခြင်းနဲ့ အဓမ္မပြုကျင့်ခံရခြင်းဆိုတဲ့ အဖြစ်အပျက်နှစ်ခုကို ခြားထားတဲ့စည်းဟာ အမှန်တကယ်တော့ေ၀၀ါး နေပါတယ်။

တကယ်တော့ လူကုန်ကူးမှုတွေ၊ အဓမ္မကျင့်ခံရမှုတွေ၊ ပြည့်တန်ဆာပြုခြင်းခံရမှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာဖြစ်ပြီး အင်မတန် လှပချောမွေ့တဲ့ လူနှစ်ယောက်အကြောင်းကို ရိုက်ကူးထားသော “Pretty Woman” ကဲ့သို့ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားထဲက အဖြစ်အပျက်နဲ့ကတော့ တခြားစီဖြစ်ပါတယ်။

ဒါတွေကိုသိပြီး ခေါင်းဆောင်တချို့ကနေ ဗျူဟာသစ်တစ်ခုကို ဖန်တီးလာပါတယ်။ အဲဒီဗျူဟာသစ်ကတော့ လူကုန်ကူးတဲ့သူ၊ ပြည့်တန်ဆာခေါင်းတွေကို မဖမ်းဆီးဘဲ ဖောက်သည်တွေကို အရေးယူဖို့ပဲဖြစ်ပါတယ်။ အင်တာဗျူးတွေမှာတော့ ယောကျာ်းတွေက သူတို့ ဒီလို အခငွေပေးပြီး လိင်ဆက်ဆံတာကို မိသားစုဝင် ပဲဖြစ်ဖြစ်၊ အလုပ်ရှင်ကပဲဖြစ်ဖြစ် သိသွားတာမျိုး၊ ဒါမှမဟုတ် ပြောပလောက်တဲ့ ဒဏ်ငွေရိုက်ခံရတာမျိုး၊ သူတို့ ကားတွေကို သိမ်းဆည်းပစ်တာမျိုး အစရှိတဲ့ အကျိုးဆက်တွေ ရှိလာမယ်ဆိုရင်တော့ လုပ်ရပ်တွေကို ရပ် လိုက်မယ်လို့ ဖြေကြားထားပါတယ်။

လွန်ခဲ့တဲ့ အနှစ်(၄၀)လောက်ကတော့ အဓမ္မပြုကျင့်တာတွေ၊ အိမ်တွင်းအကြမ်းဖက်တာတွေကို ဟန့်တားဖို့အတွက် ဘာမှလုပ်ပေးလို့မရဘူးလို့ လူတွေက ထင်မြင်ခဲ့ကြတယ်။ အခု ဒီကနေ့ခေတ်မှာတော့ အဲဒါတွေကို အလွန်ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုလို့ ကျွန်မတို့ မြင်လာကြပါပြီ။ လိင်ကုန်ကူးမှု အတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။ လူတစ်ဦးရဲ့ စိတ်အာသာပြေဖို့အတွက် အခကြေးငွေပေးပြီး လိင်ဆက်ဆံတာမျိုးဟာ သင့်လျော်တဲ့အရာမဟုတ်ပါဘူးလို့ အမျိုးသားတွေကလည်း အချင်းချင်း ပြောဆို သတိပေးလာကြတာကို စတင်တွေ့ရှိနေရပါပြီ။ ယောကျာ်းလေးတွေကလည်း အမျိုးသမီးလေးတွေဟာ ရောင်းကုန်ဝယ်ကုန် ပစ္စည်းတစ်ခုမဟုတ်ကြောင်းနဲ့ လေးစားစွာဆက်ဆံဖို့လိုအပ်ကြောင်း အသိတရားနဲ့ ရင့်ကျက်လာဖို့ လိုအပ်ပါတယ်။

ဒီနှစ်မှာတော့ ဥပဒေအထောက်အကူပြု အေဂျင်စီတွေနဲ့ အကျိုးတူပူးပေါင်းထားတဲ့ အမေရိကန်နိုင်ငံမှ မြို့ (၁၁)မြို့ကနေ CEASE (Cities Empowered Against Sexual Exploitation) ဆိုတဲ့ ကွန်ယက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီကွန်ယက်ကတော့ အခုလက်ရှိ ကျွန်မနဲ့ သူငယ်ချင်းတွေ ကွတ်မြို့ရဲ့ ရဲစခန်းမှာ လုပ်နေတဲ့ အကျိုးဆောင်မှုတွေကို တိုးချဲ့လုပ်ကိုင်စေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီကွန်ယက်မှာပါဝင်တဲ့ အဓိက ကျသူတွေကတော့ ကျွန်မတို့လို “ရှင်သန်ကျန်ရစ်နေသူ”တွေလို့ မိမိကိုယ်ကို ကင်ပွန်းတပ်ထားတဲ့ ဘ၀တူ လူတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့တတွေဟာ နိုင်ငံတ၀ှမ်းမှာ ဖြန့်ကျက်အကျိုးပြုနေတာဖြစ်ပြီး ပြောင်းလဲမှု တွေကိုလည်း မြင်တွေ့နေရပြီဖြစ်ပါတယ်။

ဒီလိုပြည့်တန်ဆာစီးပွားရေမျိုးတွေကို ဆက်လက်တည်တန့်အောင် လောင်စာထည့်ပေးနေတာတော့  ရာဇ၀တ်မှုတွေပဲဖြစ်ပါတယ်။ သို့ပေမယ့် လျို့ဝှက်ရဲတပ်ဖွဲ့တွေကို ဖွဲ့စည်းထားပြီးဖြစ်ပြီး ဓါးစာခံဖြစ်တဲ့သူတွေကို ဖမ်းဆီးဖို့ မဟုတ်ဘဲ ဖောက်သည်တွေကို အရေးယူဖို့ပဲ ဖြစ်ပါတယ်။ ဖောက်သည်တွေကို အပြစ်ဒဏ်ချမှတ်ရုံနဲ့ ပြီးဆုံးသွားတာမဟုတ်ဘဲ ပညာရေးအစီအစဉ်တွေနဲ့ အသိပေးဖို့လည်း လိုအပ်ပါတယ်။ အင်တာနက် စာမျက်နှာပေါ်က (သို့) လမ်းမပေါ်က တွေ့ခဲ့တဲ့ အမျိုးသမီးတွေကို အကြမ်းဖက်အနိုင်ကျင့်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ ဒဏ်ရာအမျိုးမျိုးရဲ့ နောက်ကွယ်မှာရှိတဲ့ အမှန်တရားတွေကို ဖောက်သည်ကိုယ်တိုင် ပြန်လည်ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ အသိပညာပေးတဲ့ အစီအစဉ်မျိုးတွေဟာ နေရာယူလာကြပါပြီ။

တစ်နေ့နေ့မှာတော့ အကျဉ်းတန်လှတဲ့ ပြည့်တန်ဆာလုပ်ငန်းအကြောင်းကို ထူးခြားတဲ့ ဇာတ်သိမ်းလေးနဲ့ ရိုက်ပြထားတဲ့ ဇာတ်လမ်းတွေ ဟောလီးဝုဒ်ကနေ ထုတ်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံတစ်ခုကို ဥပါဒ်ဖြစ်စေတဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ လျော့ကျသွားတဲ့ ဇာတ်သိမ်းမျိုးရှိတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးတွေပေါ့။ ဖောက်သည်မရှိရင် စီးပွားဆိုတာလည်း မဖြစ်ပါဘူး။ ပြည်တန်ဆာအလုပ်ဆိုတာ ကမ္ဘာ့ရှေးအကျဆုံး အလုပ် တစ်ခုမဟုတ်ပါဘူး။ တကယ်တော့ အဲဒီအလုပ်ဟာ ကမ္ဘာ့ရှေးအကျဆုံး အဖိနှိပ်ခံ အလုပ်တစ်ခုရယ်ပါ။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.huffingtonpost.com/marian-hatcher/pretty-woman-and-the-ugly-truth_b_6904804.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved