Toyota Belta တွေ ခေတ်မကုန်သေးဘူး

Wednesday, March 25, 2015


ဓါတ်ပုံများ - www.autoworlds.com

ကျနော်တို့ ပြည်တွင်ကားလောကရဲ့ အစကတော့ ၂၀၁၂ ခုနှစ်လို့ ပြောရမှာပါ။ ၂၀၁၁ခုနှစ်ထဲကနေ စပြီး မော်တော်ကားအသစ်တွေ တင်သွင်းလာလိုက်တာ ၂၀၁၂ မှာအပြိုင်သွင်း အပြိုင်ဝယ်တဲ့ အဆင့်ကို ရောက်တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် Luxury တွေတော့ ဘယ်ဟုတ်ပါ့မလဲ။ အလယ်အလတ်တန်းစားနဲ့ တန်ကြေးနည်းမော်ဒယ်တွေပေါ့။ အဲဒီထဲက ဘယ်မော်ဒယ်တွေများ အခုခေတ်ရဲ့ မော်တော်ကားလောကမှာ ပန်းကောင်းပန်နိုင်ခဲ့ကြပါသလဲ။ Honda Fit, Nissan AD Van, Toyota Probox နဲ့ Toyota Belta တွေပေါ့။ တန်ကြေးနည်းနည်းနဲ့ ၀ယ်နိုင်၊ စီးနိုင်ကြတာကိုး။

ဒါပေမယ့် သူတို့တွေ အခုပန်းပန်နေနိုင်သေးရဲ့လား။ AD Van နဲ့ Probox တွေက ကောလာဟလ သတင်းတွေ ထွက်လို့ထွက်၊ နောက်ပြီး Fit တွေကျတော့ Highway မကောင်းချင်ဘူးဆိုပြီး ဈေးတွေ ထိုးကျလို ထိုးကျနဲ့ပါ။ ခေတ်ဦးဆရာလေးယောက်ထဲမှာတော့ ဒီနေ့ထိအောင် ပန်းပန်နေနိုင်တာက Belta တစီးပဲကျန်တော့တယ် ပြောရမှာပါ။ သူ့ပြိုင်ဖက်အနေနဲ့ Honda Civic ၀င်လာပါသေးတယ်။သူ့ထက် သာတာတော့မှန်ပေမယ့် ဈေးနှုန်းကပါ သာနေပြန်တော့ လူတိုင်း မ၀ယ်နိုင်ကြ၊ မ၀ယ်ချင်ကြပြန်ဘူး။ ကဲ Belta ဘက် ပြန်လှည့်လိုက်ရအောင်။

အရည်အသွေးပိုင်းကလည်း အရင်ဝင်နေတဲ့ မော်ဒယ်တွေအတိုင်းပဲကျတယ်၊ လျော့တယ် ဆိုတာမျိုး အပြစ်ပြောခံရတာနည်းတယ်။ ဒီဇိုင်းအနေအထားကလည်း ခေတ်ရှေ့ မပြေးပေမယ့် ခေတ်မီနေသေးတယ်။ စွမ်းဆောင်ရည်ကလည်းမဆိုးဘူး။ ဒီထဲကမှ ကိုယ်ထည် အနေအထားကလည်း မြန်မာပြည်မှာတော့ ၅ယောက်ကို ကောင်းကောင်းစီးလို့ ရနိုင်နေတယ်။ ဒါပေမယ့် ပြောရရင်တော့ကိုယ်ထည်ကသေးပါတယ်။ တခုကွက်တိ ဖြစ်သွားတာက ရန်ကုန်လမ်းတွေကကျပ်နေတော့၊  ၅ယောက်စီး ရတာချင်း အတူတူ ကိုယ်ထည်သေးတဲ့ Belta က ဟုတ်နေပြန်ရော။

ဈေးကွက်ထဲ ကျနော်မြင်မိသလောက်တော့ နောက်ပိုင်းမှ ၀င်ထားတဲ့ Belta တစီးက ကီလို နှစ်သောင်းကျော်လောက်ပဲ မောင်းရသေးတဲ့ အနေအထား။ မော်ဒယ်ကသာ ၂၀၀၈ ဆိုပေမယ့် သိပ်ပြီးမစီးရ၊ မမောင်းရသေးဘူး။ ရုပ်ထွက်၊ အခြေအနေ၊ အပြင်အဆင်၊ အရည်အသွေး ကြယ်လေးပွင့်လောက်ပါလို့ ဆိုနိုင်နေသေးတယ်။ ဒါကိုမှ ၁၂၅ သိန်း ကျော်ကျော်လောက်ပဲရှိနေတယ်။

ပြောရရင် Belta က ဈေးနဲ့ စားနေတဲ့ မော်ဒယ်ပါ။ ဈေးလည်းမတက်ဘူး၊ အရည်အသွေးလည်းမပျက်ဘူး။ ဒီတော့ လူကြိုက်များတော့တာပေါ့။ နောက်ပြီးအိမ်သုံးအနေနဲ့တင် မဟုတ်ဘဲပွဲတက် အနေအထားမှာပါ Sedan ဖြစ်နေတော့ ကောင်းသွားတာပေါ့။ ဒီတော့လုပ်ငန်းသုံးတဲ့ အိမ်သုံးကား သပ်သပ်ယပ်ယပ်တစီးကို ဈေးလည်း သိပ်မပေးရဘဲ စီး လိုတယ်ဆိုရင်တော့ Belta တွေက ပန်းပန်နေဆဲပါလို့ အကြံပေးချင်ပါတယ်။ ဒီနေရာမှာ အခုနောက်ပိုင်း Equipment တွေတင် မဟုတ်ဘဲ မောင်းပြီးတဲ့ ကီလိုအရေအတွက်ကပါ စကားပြောလာတော့ ဈေးကိုတော့ အထက်မှာ ကျနော် ပြောခဲ့တဲ့ ဈေးနဲ့ နည်းနည်းချိန်ဆကြည့်ဖို့ပါပဲ။


 
လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved