တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် ၀ိုင်းစုခိုင်သိမ်း

Monday, March 16, 2015



ဓာတ်ပုံ - တင်ထက်ပိုင်/ The Irrawaddy

တေးစီးရီးတခွေ ပရိတ်သတ်ကြားထဲ ရေပန်းစားနိုင်ဖို့နေနေသာသာ ထွက်ရှိနိုင်ဖို့တောင် တော်တော်လေး အားယူကြိုးစား ထုတ်လုပ်နေကြရတဲ့ မြန်မာ့တေးစီးရီးလောကမှ ထွက်လိုက်တဲ့ တကိုယ်တော်စီးရီးတိုင်း ပေါက်မြဲပေါက်ဆဲ ဖြစ်နေတဲ့ အဆိုတော် မင်းသမီးတလက် သူ့ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်တော့ပါမယ်။

သူကတော့ အဆိုတော် ၀ိုင်းစုခိုင်သိမ်းပါ။ ဒီတကိုယ်တော်ဖျော်ဖြေပွဲဟာ ဂီတသက်တမ်း ၁၀ နှစ်ပြည့်အမှတ်တရ အနေနဲ့ပြုလုပ်တာပါ။ ဒါကို “Action in 10 years Wine Su Khine thein One Lady Show” လို့ အမည်ပေးထားပြီး MEP(Myanmar Event Park) မှာ ပြုလုပ်မှာပါ။

အခုပြုလုပ်မယ့် One Lady Show နဲ့ ပတ်သက်ပြီး ၀ိုင်းစုခိုင်သိန်းက “၀ိုင်းစုဒီပွဲလေးကို လုပ်ချင်နေတာကြာပါပြီ၊ အတတ်နိုင်ဆုံး ပါဖောမန့်တွေရော ၊ သီချင်းပိုင်းတွေရောကို တင်ဆက်သွားမှာပါ။ သီချင်းပိုင်းမှာလည်း ၀ိုင်းစုပရိသတ်က ဘယ်လိုသီချင်းမျိုးတွေ နားဆင်ချင်လဲမေးကြည့်တယ်။ အများနားဆင်ချင်မယ့် သီချင်းလေးတွေနဲ့ ပါဖောမန့်လုပ်လို့ အဆင်ပြေမယ့် သီချင်းလေးတွေကို ဆိုဖို့ရည်ရွယ်ထားပါတယ်” လို့ ဆိုပါတယ်။

ဒါ့ထက် သီဆိုဖျော်ဖြေမှုအပိုင်းမှာ ၀ိုင်းစုခိုင်သိမ်းနဲ့အတူတူ အနုပညာရှင်များစွာ ပါဝင်သီဆိုပေးကြမယ်လို့လည်း သိရပါတယ်။

တီးဝိုင်းအနေနဲ့ The Trees Band နဲ့  Lazy Club က တီးခတ်ပေးမှာပါ။

လက်မှတ်တွေကိုတော့ VVIP၊ VIP နဲ့ ရိုးရိုးဆိုပြီး သတ်မှတ်ထားပါတယ်။ VVIP အတွက် လက်မှတ်ဈေးနှုန်း ကျပ်  ၇၀၀၀၀၊ VIP အတွက် ကျပ် ၅၀၀၀၀ နဲ့ ရိုးရိုးထိုင်ခုံမပါအတွက် ကျပ် ၁၀၀၀၀ နှုန်းသတ်မှတ်ထားပါတယ်။ Online ကနေ လက်မှတ်ဝယ်ယူချင်သူတွေအနေနဲ့ www.myasiaticket.com မှာ ၀ယ်ယူနိုင်မှာပါ။

ဝိုင်းစုခိုင်သိမ်းဟာ ဂီတလောကမှာ တေးရေး ဆောင်းဦးလှိုင်ရဲ့ “ကောင်မလေးတယောက်အကြောင်း” ဆိုတဲ့ တေးသီချင်းနဲ့ ပရိတ်သတ် သတိထားမိလာခဲ့သူပါ။ နောက်ပိုင်းမှာလည်း “အပြစ်မမြင်ပါဘူး"  "ပြန်လာခဲ့" စတဲ့ တေးသီချင်းတွေနဲ့လည်း ပရိသတ်အသိအမှတ်ပြုခံခဲ့ရသူလို့လည်း ဆိုနိုင်ပါတယ်။ လတ်တလောမှာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား  စတဲ့ တကိုယ်တော် တေးစီးရီးတွေ ထွက်ရှိထားပြီး အခု နောက်ဆုံးမှာ အမျိုးသား အဆိုတော် ၁၄ ဦးနဲ့ အတူ သီဆိုထားတဲ့ “ခါချနေရတယ်” ဆိုတဲ့ တေးစီးရီးဟာလည်း ပရိသတ်ကြားပျံနှံ့နေပါပြီ။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved