ပျင်းတတ်သူများလည်းအောင်မြင်ခွင့်ရှိတဲ့ အကြောင်းဆက်ပြောပါဦးမယ်။ အခုတပတ်မှာတော့ ပုံပြင်လေးတပုဒ်နဲ့ ပြောဖို့ စိတ်ကူးထားပါတယ်။ ဘ၀ အောင်မြင်မှု သော့ချက်အကြောင်းပေါ့။ အဖိုးတန် ရတနာသေတ္တာကြီးကို ပိတ်ထားတာသော့ခလောက်ပါ။ အဲဒီသော့ခလောက်ကိုဖွင့်နိုင်တာသော့ချောင်းငယ်လေးပါ။ အောင်မြင်မှု ရတနာသိုက်ကြီးကို ဖွင့်ဖို့ ပုံပြင်လေးတခု ဖော်ပြလိုက်ပါတယ်။
ဘ၀ သော့ချက်များ
“ဘ၀မှာ အောင်မြင်ချင်ရင် ဘ၀ရဲ့ အောင်မြင်ရေးသော့ချက်တွေကို ဂရုစိုက်ကြည့်မြင်တတ်ရမယ် ကွဲ့” လို့ မေမေစပြောတုန်းက ကျမကောင်းကောင်းနားမလည်ခဲ့ပါဘူး။ “ပြီးတော့ လိုလားတာကို ဦးတည် သုံးသပ်ပြီး နည်းလမ်းရှာဖွေ ရတယ်။ အားလျော့တဲ့ အတွေးစိတ်ကူးတွေ မရှိစေနဲ့ ကွဲ့” လို့ မေမေဆက်ပြောတာကိုလည်း ငယ်ရွယ်လွန်းသေးတဲ့ ကျမအတွက် နားမလည်ခဲ့ပါဘူး။
အဲဒီတုန်းကကျမအလယ်တန်းဆင့် အောင်ပြီးအထက်တန်းတက်ရမယ့် နှစ်ပါ။ အသက်က ၁၃ နှစ်ကျော်စအချိန်ပါ။ ကျမဖေဖေကအဆုံးမဲ့ ခရီးကိုထွက်ခွာသွားတာလည်းမကြာသေးဘူးလေ။ ဖေဖေရှိတုန်းကတော့ ကျမအစ်ကိုနဲ့ ကျမကိုပုံပြင်တွေ ပြောပြ၊ သင်္ချာတွေ ရှင်းပြနဲ့ ပျော်ရွှင်ရသလိုမေမေကလည်းကျမကြိုက်နှစ်သက်တဲ့ ပုဇွန်တုပ်ကွေးသံပုရာဆမ်းသုတ် လုပ်ကြွေးနေကျပေါ့။ တကယ့်ကိုပျော်ရွှင်ခဲ့ရပါတယ်။ အဖေမရှိတဲ့ အချိန်ကစပြီးကျမတို့ မောင်နှမ အရမ်းအားငယ် သွားရပါတယ်။ မေမေရှိနေသေးလို့ ကျမတို့ အဆင်ပြေခဲ့တာပါ။ မေမေကဖေဖေ့လိုတော့ ပျော်ရွှင် နောက်ပြောင် မနေတတ်ပေမယ့် တည်ကြည်တဲ့ မျက်နှာ၊ ချိုသာတဲ့ အပြောအဆိုတော့ ရှိပါတယ်။ မေမေကစကားကိုအပိုမပြောတတ်ဘူးပေါ့။ ပြောရင်လည်းတည်တည်ကြည်ကြည် လေးလေးနက်နက် ပြောတတ်ပါတယ်။
ကျမတို့လည်းအဖေမရှိတဲ့ အချိန်မှာ အိမ်ကိုရောင်းပစ်ပြီး တခြားနေရာလေးတခုကို ပြောင်းရွှေ့ခဲ့ပါတယ်။ အိမ်အသစ်ကလေးဆီကိုပေါ့။ ကျမတို့ ပြောင်းလာပြီးပစ္စည်းတွေ နေသားတကျ ချထားရလို့ မိသားစုမောနေကြပါပြီ။ အဲဒီအချိန်မှာ ပူလောင် အိုက်စပ်လာတာကြောင့် ကျမ ရေချိုးခန်းထဲဝင် ရေချိုးပါတယ်။ ကျမအစ်ကိုက စားသောက် စရာတချို့ သွားဝယ်၊ မေမေက အိမ်ပတ်ဝန်းကျင် မြေကွက်ထဲ လျှောက်ကြည့်နေတဲ့ အချိန်ပါ။
ကျမရေချိုးပြီးလို့ ရေချိုးခန်းတံခါး လက်ကိုင်ဘုကိုလှည့်လိုက်ပါတယ်။ အိုး.. ဘုရားရေ..။ လက်ကိုင်ဘုကို လှည့်ပေမယ့် တံခါးကပွင့်မသွားဘူး။ ကျမထပ်ခါထပ်ခါ လှည့်ဖွင့်တယ်၊ ဒါပေမယ့် တံခါးဘုက တုတ်တုတ်တောင် မလှုပ်။ ကျမအရမ်းစိုးရိမ်သွားပြီး အားနဲ့လှည့်ဖွင့်တယ်၊ ဒါပေမယ့် မရဘူး။ ဒါနဲ့ ရေချိုးပြီးစ ကျမကိုယ်မှာချွေးတွေ ပြန်လာပါတယ်။ ကြောက်စိတ်ကြောင့် မွန်ထူးသွားပါတယ်။ ဒါနဲ့ ရေချိုးခန်းထဲကနေကြောက်ကြောက်လန့်လန့်နဲ့ မေမေ့ကို လှမ်းအော်ပါတယ်။ ခြံဝန်း အစပ်နားခပ်လှမ်းလှမ်းရောက်နေတဲ့ မေမေဟာ ကျမအော်ခေါ်သံကို ရုတ်တရက် မကြားရပါဘူး။ ဒါနဲ့ ကျမကတံခါးကိုတဒုံးဒုံးရိုက်ထုပြီး မေ့မေ့ကိုလှမ်းအော်ခေါ်ပါတယ်။
အဲဒီအချိန်ကျမှ မေမေ ကြားသွားပြီး - “ဟဲ့ သမီးလေးဘာဖြစ်လို့လဲ” ဆိုပြီး ရေချိုးခန်းဆီ အပြေးအလွှားရောက်လာပါ တယ်။ ကျမလည်းမေမေ့ အသံကြားမှ ၀မ်းနည်းပြီး ရေချိုးခန်းထဲကနေ အော်ငိုလိုက်ပါတော့တယ်။ မေမေကဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲလို့ အကြိမ်ကြိမ် မေးပါတယ်။ ကျမကြောက်တာရယ်၊ ၀မ်းနည်းတာရယ်ကြောင့် ဘာမှ ပြန်မပြောနိုင်ဘဲ အော်ငိုနေပါတော့တယ်။ ဒါနဲ့ မေမေက ရေချိုးခန်းတံခါးကိုခေါက်ပြီး၊ “သမီးအေမီ.. ဘာဖြစ်တာလဲ၊ တံခါးဖွင့်စမ်း”လို့ စိုးရိမ်စိတ်နဲ့ မေးပါတယ်။
အဲဒီအခါကျမှ “တံခါးကဖွင့်မရလို့ အဟင့်ဟင့်” ဆိုပြီး ထပ်ငိုမိပါတယ်။ မေမေက သဘောပေါက်သွားပြီး၊ “သမီးစိတ်အေးအေးထားစမ်း။ စိတ်ပူပြီးစိတ်လှုပ်ရှားနေရင် ဘာလုပ်ရမယ် ဆိုတာ ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မလဲ။ စိတ်အေးအေးထား” လို့ လှမ်းပြောတယ်။
ကျမလည်း မေမေရောက်လာပြီမို့ နည်းနည်းစိတ်အေးသွားပါပြီ။
ဒါနဲ့ တံခါးဘုကိုလှည့်ဖွင့်ပါတယ်။ ဒါပေမယ့် မရဘူး။ မေမေက “သမီးတံခါးဘုကို လှည့်ဖွင့်နေတာ ဘယ်ဘက်ကိုလှည့် ဖွင့်တာလား။ ညာဘက်ကိုလှည့်ဖွင့်တာလား” လို့ မေးတယ်။
ကျမက “ညာဘက်ကိုလှည့်ဖွင့်တာမေမေ။ အရင် ရေချိုးခန်းမှာလည်း ညာဘက်လှည့်ဖွင့်တာပဲ မေမေရဲ့။ အဲလိုဖွင့်တာမရဘူး။ ဘယ်လိုလုပ်ရမလဲ။ တူနဲ့ ရိုက်ဖွင့်မှ ဖြစ်မှာနဲ့ တူတယ် မေမေ။ တူယူလာပေးပါ”
“ဟဲ့ သမီးရဲ့ တူကိုသမီးကိုဘယ်လိုပေးလို့ရမှာလဲ။ တံခါးမှ မပွင့်တာ” လို့ ပြောတဲ့အခါ ကျမစိတ်ပျက်သွားပါတယ်။ မေမေကဆက်ပြီး- “ညာဘက်ကိုလှည့်ဖွင့်လို့ မရရင် ဘယ်ဘက်ကိုလှည့်ဖွင့်ကြည့်စမ်း” လို့ လှမ်းပြောတယ်။ ကျမလည်းဘယ်ဘက်ကိုလှည့်ဖွင့်လိုက်တဲ့အခါ တံခါးကဂျလောက် ဆိုပြီးပွင့်သွားပါတော့တယ်။ အဲဒီကျမှ ကျမစိတ်ဖြေသာသွားရပါတယ်။
“အဲဒါကြောင့် ပြောတာသမီးရဲ့။ ဘ၀မှာ ဘယ်လိုအခက်အခဲ ဖြစ်ဖြစ် စိတ်အေးအေးနဲ့ ဘက်ပေါင်းစုံကစဉ်းစားရတယ်။ တခုမဟုတ်ရင် တခုထပ်စဉ်းစား။ ဘ၀ အခက်အခဲအောင်မြင်တယ် ဆိုတာဆက်စပ်ပြီး ဖြန့်ထွက်တွေးခေါ်ပြီးလုပ်ကိုင်ကြည့်ရတယ်။ အခက်အခဲပေါ်မှာမူတည် မစဉ်းစားဘူး၊ အခက်အခဲပြေလည်တဲ့ အနေအထားကစဉ်းစားကွဲ” လို့ ပြောပြပါတယ်။
အခုဆိုရင် ကျမဟာ ဘ၀အောင်မြင်ရေးဆွေးနွေးအကြံပေးအရာရှိတယောက် ဖြစ်နေပါပြီ။ ကျမဘ၀ရဲ့ အောင်မြင်ရေးသော့ချက်ပေါင်းများစွာကိုမေမေကပြောပြလမ်းညွှန်ပေးခဲ့တာပါ။ ဒီအကြောင်းမေမေ့ကိုပြောပြတဲ့ အခါတိုင်းမေမေက “ဖြန့်ထွက်တွေးခေါ်ပြီးဖြေရှင်းတတ်တာအောင်မြင်ရေးရဲ့ သော့ချက်ပဲ”လို့ အသက် ၇၅ နှစ်အရွယ် မေမေကအသံတုန်တုန်ရင်ရင်နဲ့ ပြန်ပြောပြီး ပြုံးနေတတ်ပါတယ်။
(Dr. Abel ၏ A Lock has a Key ကိုဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်လက် ဖော်ပြပေးပါဦးမယ်။
ပျင်းတဲ့
နိုင်စွမ်း
0 comments :
Post a Comment