သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု- ၁၄)

Friday, March 6, 2015





 ပျင်းတတ်တဲ့ တို့လူငယ်တို့အတွက် မျှော်လင့်ခြင်း၊ စိတ်ကူးခြင်းနဲ့ ယုံကြည်ခြင်းတွေ အကြောင်းပြောပြခဲ့တယ်နော်။ အခုတပတ်မှာတော့ ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းနည်းနည်းပြောပါမယ်။ အပျင်းပြေပုံပြင်လေးတပုဒ်နဲ့ ပြောမှာ ဖြစ်လို့ ဒီပုံပြင်ကို ပျင်းပျင်းနဲ့ ဖတ်ကြည့်ပေါ့။ ဖတ်ပြီးရင် ပျင်းပျင်းနဲ့ အတွေးနယ်ချဲ့ကြည့်တာပေါ့နော်။

ဘ၀မှာ ချန်ရစ်ရမယ့် မှတ်တိုင်

“A man is born, he works, and he dies. Then, there is nothing. We deserve more than just born, work and death. We deserve more than nothing. Because the world in which we live is our world, too. And each and every one of us by his actions must leave his mark on it. ”

“ဟေ့ အေဘယ် မင်းကအောင်မြင်ချင်တဲ့ လူငယ်တိုင်းအတွက် အကြံပြုစကားတွေ ပြောမယ်ဆို။ မင်းကအင်္ဂလိပ်လိုပြောနေတော့ ဘယ်လိုလုပ်ပြီးလွယ်လွယ်နဲ့ သိမှာလဲ။ မြန်မာလိုပြောကွ”

“လူတွေ မွေးဖွားလာတယ်၊ အလုပ်လုပ်တယ်၊ ပြီးတော့ သေဆုံးသွားတယ်။ အဲဒီအပြင် ဘာမှ မရှိဘူးတဲ့။ ငါတို့ဟာမွေးတယ်၊ အလုပ်လုပ်တယ်၊ သေဆုံးသွားတယ် ဆိုတာတွေထက် ပိုပြီးထိုက်တန်တယ်၊ အဲဒီဘာမှ မရှိတော့ဘူးဆိုတာထက် ပိုပြီးထိုက်တန်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့နေထိုင်တာလည်း ငါတို့ကမ္ဘာပဲလေ။ ငါတို့ ကမ္ဘာ ငါတို့ဘ၀ထဲမှာ ငါတို့ရဲ့ အမှတ်အသားအလုပ်တခုတော့ ချန်ထားရစ်ခဲ့ဖို့ပေါ့။ ငါ ပြောချင်တာ မှတ်တိုင် တခုတော့ ချန်ရစ်နိုင်ရမယ်ပေါ့။ အဲဒီလိုပါ”

“ဆက်ပါဦး”

စိတ်ကိုပိုင်အောင် လုပ်လို့ရတယ်
“ကြီးတယ်၊ ငယ်တယ်၊ ပညာတတ်တယ်၊ ပညာမတတ်ဘူးဆိုတာတွေ ဘာမှ မလိုဘဲ အောင်မြင်စိတ်နဲ့ ဘ၀မှာ ကိုယ့်ရဲ့အမှတ်အသားချန်ရစ်ဖို့ လူတိုင်း ကြိုးစားသင့်တယ်လေ။ ဒီလောက ဒီကမ္ဘာဟာ အားလုံးကိုယ်စီရဲ့ပိုင်ဆိုင်မှုပဲ။ အဲဒီလို ကိုယ်စီမှာကိုယ့်အောင်မြင်မှုကိုကိုယ်တိုင် ရရှိပိုင်ဆိုင်ဖို့ အကြံပြုတာပါ”

“နေပါဦးကွ အေဘယ်ရ၊ ဘာမှ မပိုင်တဲ့ လောကကြီး၊ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ ဘ၀ လို့ လူတွေ ပြောကြတယ် မဟုတ်လား။
မင်းရှင်းရှင်းလေးပြောစမ်းပါကွာ”

“အဲဒီအတွေးကမှားနေတယ်။ အဲဒီအတွေးကအရာရာကို ဖျက်ဆီးပစ်နေတာ။ `စိတ္တေနနိယေတိလောကော´ဆိုတဲ့ ဘုရားရှင် ဟောကြားထားတဲ့ စကားကို ပြက်ရယ် ပြုနေတာ။ စိတ်သည် လောကကြီးကိုဦးဆောင်တယ်လို့ ဆိုတယ် မဟုတ်လား။ ရုပ်ကဦးဆောင်တာလို့ မပါဘူးနော်။ ကိုယ့်ဘ၀ ကိုယ့်လောကကိုကိုယ့်စိတ်ကပိုင်တယ်။ မင်းပြောတာက ရုပ်ပိုင်းကိုပြောတာ။ ငါပြောတာကစိတ်ကိုပြောတာ။ ရုပ်ကသူ့သဘောသူဆောင်တတ်ပေမယ့် ကိုယ့်ရဲ့စိတ်ကို ကိုယ့်သဘောဆောင် အောင်မြင်ဖို့ကိုပြောတာဖြစ်တယ်။ လောကမှာ မင်းပိုင်ဆိုင်တာမင်းရဲ့စိတ်ပဲ။ အဲဒီစိတ်ကိုပိုင်နိုင် အောင်လုပ်”

“အင်းဟုတ်ပြီ။ ဘာတွေ ပျက်သွားပျက်သွားအရေးမကြီးသေးဘူး။ စိတ်ပျက်မသွားဖို့ အရေးကြီးတယ် ဆိုတဲ့ စကားကိုတော့ ကြားဖူးတယ် အေဘယ်”

လိုနေတဲ့ စိတ်အဟာရ

“ဟုတ်တယ်။ ဆက်ပြောရရင် လူတွေ ရုပ်အဟာရအတွက် အစားအသောက်တွေ စားသောက် အားဖြည့်ရသလို စိတ် အဟာရအတွက်လည်း အားဖြည့်ပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းပေါ့”

“ဘာလဲစိတ်လေ့ကျင့်ခန်းတွေ လုပ်ဖို့လား။ အဲဒါတွေကိုတော့ ပျင်းတယ်”

“မဟုတ်ဘူး။ အဲဒါတွေက စိတ်အားကောင်းအောင်၊ ခိုင်မာအောင် လေ့ကျင့်တာ။ အခုပြောတာက စိတ်အဟာရအတွက် ပြောတာ”

“ကြားဖူးသလိုလိုတော့ ရှိတယ်။ သေသေချာချာတော့ မသိဘူး။ ရှင်းပြပါဦး အေဘယ်”

“ဒီလိုလေကွာ… အချိန်ပြည့် တခုခုကို တွေးတောစဉ်းစားနေမယ်၊ ဒါမှမဟုတ် ဟိုဟာစဉ်းစားလိုက်၊ ဒီဟာစဉ်းစားလိုက်နဲ့ အချိန် အတော်ကြာကြာ လုပ်နေတယ် ဆိုပါတော့။ စိတ်ကညောင်းလာမယ်၊ စိတ်ငြီးငွေ့လာမယ် မဟုတ်လား”

“အင်း.. အဲသလိုမျိုး ငါ ခဏခဏ ကြုံဖူးတယ်။ စိတ်ရှုပ် ခေါင်းရှုပ်နဲ့ပေါ့”

“အဲဒါ စိတ်အဟာရလိုနေပြီလို့ ပြောတာပဲ။ ထပ်ရှင်းပြရရင် ညအိပ်ရာဝင်ချိန်မှာ နေ့ခင်းကအဖြစ်အပျက်တွေ၊ အကောင်းတွေ အဆိုးတွေကို ပြန်စဉ်းစားမိတတ်ကြမှာပါ။ ကောင်းတဲ့အချက်ထက် စိတ်ပူပင်ပူပန်ရတာတွေကို ဆက်ပြီး တွေးတောနေတတ်တာ လူတိုင်းအတွက် စိတ်အားချည့်နဲ့ အားကုန်စေတာပဲ။ ဥပမာ ကိုယ့်အလုပ်ရှင်နဲ့ စကားပြောတုန်းက ဖိအဟောက်ခံရတာတွေ၊ အလုပ်မှာဆက်လုပ်ခွင့်ရပါ့မလား၊ အလုပ်ဖြုတ်ခံရမှာလား၊ အလုပ်မရှိရင် ၀င်ငွေ ဘယ်လိုရပါ့မလဲ၊ ၀င်ငွေမရှိရင် နေရေးကို ဘယ်လိုရှင်းရမလဲ၊ စားရေးကို ဘယ်လိုရှင်းရမလဲ၊ နေထိုင်နေတဲ့ အိမ်ကလည်း လကုန်ရင် လခ ထပ်တိုးတောင်းမယ် ပြောတယ်၊ စားနေကျ ထမင်းဆိုင် ကလည်း အကြွေးတွေ လာဆပ်ဖို့ ပြောနေပြီ၊ လကုန်ရင် နယ်က မိဘတွေဆီ ငွေနည်းနည်းပို့ပေးမယ်လို့လည်း ပြောထားတာ၊ မပို့နိုင်ရင် ခက်ပြီ… စသည်ဖြင့်… အမျှင် အတန်းမပြတ် အဆိုးတွေကို ဆက်ဆက် စဉ်းစားနေမိတယ် မဟုတ်လား။ ဒါတွေဟာ ဘ၀ တိုးတက်ရေးရဲ့ အဟန့်အတားတွေပဲ”

“အေးဟုတ်တယ်။ တခါတလေဘယ်လောက်များ တွေးမိသလဲဆိုရင် မထူးပါဘူးတခုခုတော့ လုပ်မှဖြစ်မယ် ဆိုပြီးဆုံးဖြတ်ပစ် လိုက်တာတွေ ဖြစ်တဲ့အထိပဲ”

“တကယ်တော့ အဲဒါ စိတ်မှာ အဟာရနည်းနေပြီဆိုတာ ပြောနေတာ။ စိတ်အဟာရချို့တဲ့သူတွေဟာ အမှန်နဲ့ အမှားကို ခွဲခြားမတွေးတော့ဘူး၊ တွေးမိတွေးရာကိုပဲတွေးတောဆုံးဖြတ်လိုက်တာပဲ။ အဆိုးကျော့ သံသရာထဲမှာ အလွဲလွဲ အမှားအမှားနဲ့ပေါ့”

“ဒါဆိုစိတ်အဟာရအတွက် ဘယ်လိုလုပ်ရမလဲပြောပါဦး အေဘယ်”

“လွယ်ပါတယ်ကွာ။ လူတွေမှာအကောင်းဘက်ထက် အဆိုးဘက်ကိုပဲ စိတ်တွေကရောက်နေတတ်လို့ အဆိုးဘက်ကို တွေးတာ၊ သောကပွားစရာတွေကို တွေးတာပဲ။ အကြောင်းနဲ့ အကျိုးကိုဆက်စပ် စဉ်းစားတာမဟုတ်သလို၊ အကျိုးရဲ့ အကြောင်းကိုလည်း ပြန်လှန်စဉ်းစားတာမလုပ်ကြလို့ပဲ။ ဒီတော့ ဘယ်ကိစ္စမှာမဆို အမှန်ဖြစ်တာ၊ ထင်ယောင်တာလား ဆိုတာခွဲခြားနိုင်ရင် စိတ်ပျက်တာ၊ စိတ်အားငယ်တာ၊ စိတ်ညှိုးရော်တာတွေ မရှိနိုင်ဘူးပေါ့။ ဒါဟာစိတ်အဟာရအတွက် ဖြည့်ဆည်းမှု တမျိုးပဲ”

“အင်းဟုတ်ပြီ၊ စိတ်အဟာရအတွက် အမှန်ဖြစ်တာလား၊ စိတ်ကထင်ယောင်ပြီး ဖြစ်မယ်လို့ ထင်တာလားဆိုတာ စဉ်းစားရမယ်ပေါ့ ဟုတ်လား အေဘယ်”

ဦးတည်ရာမပျောက်စေနဲ့
“မှန်တာပေါ့ကွာ။ ထပ်ပြောဦးမယ်။ ဥပမာကွာ အလုပ်ကိစ္စတခုအတွက် အရေးကြီးတဲ့ လူတယောက်နဲ့ လုပ်ငန်းအကြောင်း ပြောဆိုဆွေးနွေးဖို့ ချိန်းထားတယ် ဆိုပါတော့။ အဲဒီမှာ ဘတ်စကားစီးရင်းနဲ့ စပယ်ယာနဲ့ စကားပြော အခန့်မသင့်တာမျိုး၊ ဒါမှမဟုတ် ခရီးသည် တဦးဦးနဲ့ မတော်တဆတခုခု ဖြစ်တာ ကြုံရတာမျိုး ကြုံရရင် ဘာလုပ်မလဲ”

“ငါတော့ စိတ်ဆိုးဒေါသဖြစ်နေမိမှာပဲ။ အင်းဆက်ပြောပါဦး”

“တကယ်စဉ်းစားရမှာက အလုပ်ကိစ္စအတွက် ဘယ်လိုအောင်မြင်အောင် ပြောမယ်ဆိုတာကိုပဲကိုယ့်စိတ်ကို ထားရမယ်။ လမ်းမှာတွေ့တဲ့ အဖြစ်အပျက်ဟာ မင်းဘ၀ မဟုတ်ဘူး။ မင်းဘ၀ တိုးတက်ဖို့ ခြေလှမ်းမဟုတ်ဘူး။ လုပ်ငန်းအောင်မြင်ဖို့က ပိုအရေးကြီးတယ်။ အဲဒါကြောင့် အဓိကနဲ့ သာမညခွဲခြားပြီး စိတ်ကိုထားရမယ်လို့ ပြောတာပဲ”

“အေးဟုတ်ပြီ။ မလိုအပ်တဲ့ နေရာအတွက် စိတ်အားတွေ မသုံးနဲ့။ လမ်းဘေးမှာတွေ့တဲ့ အမှိုက်ပုံကြောင့် ကိုယ့်ရည်ရွယ်ရင်း မပျက်စေနဲ့။ ငါတော့ကွာ ရွှံ့ဗွက် မစင်တွေ တွေ့မိရင် ဘာလုပ်လဲသိလား။ တိုက်တာကြီးတွေ အထက်က တိမ်တိုက်ဖြူဖြူလေးတွေကိုပဲ ကြည့်ရင်းသွားတယ်။ ကိုယ် အလိုမကျတာတွေ၊ မဖြစ်သင့်ဘူးလို့ ထင်တာတွေကို စဉ်းစားမနေတော့ဘူး။ ကိုယ်ဖြစ်ချင် ရချင် တွေ့ချင်တာကိုပဲ စိတ်ထဲမှာထားတယ်”

“ဟုတ်ပြီ..၊ ကောင်းတယ်။ ငါတို့ဟာ ဘာမဟုတ်တာတွေနဲ့ အချိန်ကုန် လူပန်းစိတ်နွမ်းဖြစ်ဖြစ်နေကြတာကိုး။ ကျေးဇူးပဲ အေဘယ်”

လက်တွေ့နဲ့ ပေါင်းစပ်ယူ

“နေဦးထပ်ပြောပါရစေဦး။ To reach your goals in life, you cannot sit back and wait for things happen – you have to "Make" them it. တဲ့။ ဒါလေးလည်း သတိပြုပါဦး”

“ဟေ့ကောင် အေဘယ်၊ လုပ်ပြန်ပြီ။ ဗမာလိုပြောကွာ”

“ဘ၀အောင်မြင်ရေးအတွက် လက်မှိုင်ချ ထိုင်ငိုင်ပြီးတခုခု ဖြစ်လာလိမ့်မယ်လို့ စောင့်လင့်နေလို့ မဖြစ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ဖြစ်လာအောင် လုပ်ယူရမှာဖြစ်တယ် တဲ့။ တနည်းအားဖြင့် လက်တွေ့နဲ့ ပေါင်းစပ်ယူတာပါပဲ”


ပျင်းတဲ့
နိုင်စွမ်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved