ပြည်မြို့က တက္ကသိုလ်ကျောင်းသားတွေ စလှုပ်ရှားပြီ

Monday, March 9, 2015



ဓာတ်ပုံများ - ကောင်းမြတ်မင်း/ ဧရာဝတီ)

လက်ပံတန်းမြို့မှာ တားဆီးခံထားရတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်မှောက် စစ်ကြောင်း ကျောင်းသားတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားတွေနဲ့ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားတွေ ပူးပေါင်းကာ မနေ့ည ၁ နာရီခန့်က ကျောင်းသားသမဂ္ဂအလံတွေနဲ့ ဗွီနိုင်းပိုစတာတွေ လိုက်ကပ်တဲ့ လှုပ်ရှားမှုတွေ ပြလုပ်ခဲ့ကြပါတယ်။



 ကျောင်းသားသမဂ္ဂအလံတွေကို ရွှေတချောင်းလမ်းပေါ်ရှိ တက္ကသိုလ်မိန်းအပေါက်ဝနဲ့ သိပ္ပံဆောင်အပေါက်ဝတွေရှေ့မှာ လိုက်လံချိတ်ဆွဲခဲ့ကြပြီး၊ ကျောင်းသားထုကို ဝန်းရံကြ၊ ကျောင်းသားတွေကို အကြမ်းမဖက်ပါနဲ့စတဲ့ ဗွီနိုင်းပိုစတာတွေကို ပြည်မြို့တလမ်းမောင်းကွေ့အနီး ချိတ်ဆွဲခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုနဲ့အတူ ပြည်ဒေသခံ နိုင်ငံရေးအင်အားစုများမှ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေငြာချက်တွေကိုလည်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအဆောင်တွေမှာ လိုက်လံဖြန့်ဝေခဲ့တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

“ လက်ပံတန်းမှာပိတ်မိနေတဲ့  ပင်မသပိတ်စစ်ကြောင်းနဲ့ ထပ်တူရှိနေတယ်ဆိုတာကို ပြသလို၊ ကျောင်းသားလှုပ်ရှားမှု တွေမှာ လက်ပတ်နီဝတ်လူဆိုးလူမိုက်တွေကို ဥပဒေမဲ့ အသုံးပြုနေတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ကျနော်တို့ပူးပေါင်းလုပ်ခဲ့ကြတာပါ။” လို့ အဲဒိကျောင်းသားက ဆက်ပြောပါတယ်။


 နည်းပညာတက္ကသိုလ်ကျောင်းသားတဦးကလည်း “ မလိုလားအပ်တဲ့ ကိစ္စတွေမဖြစ်အောင် လုပ်ရမှာ အစိုးရမှာ တာဝန်ရှိတယ်။ ဥပဒေလက်လွတ် အကြမ်းဖက်ဖြိုးခွင်းမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖေါ်ထုတ်ပေးဖို့ သူတို့မှာ တာဝန်အရှိဆုံးပါ။ သပိတ်မှောက်ကျောင်းသားတွေနဲ့ အစိုးရသဘောတူထားတဲ့အတိုင်း အမျိုးသားပညာရေးဥပဒေကို သဘောထားမှန်ကန်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။” လို့ပြောပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြ တောင်းဆိုမှုတွေလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved