နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပြန်လည်ကျင်းပခဲ့တဲ့ ရိုးရာနွားအလှပြိုင်ပွဲ

Thursday, March 5, 2015



ဓာတ်ပုံများ -ကောင်းမြတ်မင်း/ The Irrawaddy

 နှစ်စဉ် တပေါင်းလဆန်း (၈) ရက်နေ့ကနေ လပြည့်နေအထိ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ရွှေနတ်တောင်ဘုရားပွဲတော်မှာ နှစ်ပေါင်း(၃၀)ကျော်ခန့်ကစလို့ ထည့်မကျင်းပဖြစ်ခဲ့တဲ့ ရိုးရာနွားအလှ၊ အသားကျ (ဒုံး) ပြိုင်ပွဲကို ဒီနှစ်မှာ စတင် ထည့်သွင်း ကျင်းပခဲ့ပါတယ်။

ရွှေနတ်တောင် ဘုရားပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တာ ယခုနှစ်နဲ့ပါဆိုရင် ၁၇၇ ကြိမ်မြောက်ဖြစ်သွားခဲ့ပါပြီ။

ဘုရားပွဲကို ပြည်ခရိုင်အတွင်းက တောင်သူလယ်သမားတွေအများဆုံး လာရောက်ကြတာဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုမှုကြောင့် ရိုးရာနွားအလှပြိုင်ပွဲကို ထည့်သွင်းခဲ့ရတာဖြစ်တယ်လို့၊ သဲကုန်းမြို့နယ်က လာရောက်ယှဉ်ပြိုင်တဲ့ ဦးချိုပေါက်က ပြောပါတယ်။



“ကျနော့်အသက် ငါးဆယ်ကျော်ပြီ။ လူပျိုဘ၀ကတည်းက ဒီပွဲမှာလာပြိုင်နေကြပွဲ မလုပ်ဖြစ်တာ နှစ်သုံးဆယ်ကျော်ပြီ၊ အဓိက ဒီမှာလာတဲ့ တောင်သူလယ်သမားတွေက ပွဲလုပ်ပေးဖို့တောင်းဆိုတာရယ်၊ အခုခေတ် လူငယ်တွေ ရိုးရာ နွားပြိုင်ပွဲကို မြင်ဖူးစေချင်တာရယ်ကြောင့် ကျင်းပတာပါ။ အဓိက နွားပြိုင်တဲ့အခါ ချန်ပီယံဖြစ်သွားလို့ကတော့ ၅ သိန်းတန်တဲ့နွားက ၁၀ သိန်းဖြစ်သွားတာပဲ။ ကျနော်ရဲ့နွားရဲလေးဆိုဆုရထားလို့ ၁၈ သိန်းလောက် ပေါက်ဈေးရှိတယ်။”လို့ ဦးပေါက်ချိုက ပြောပါတယ်။

နွားအလှပြိုင်ရာမှာ အသားကျ (ခေါ်) နွားလှည်း နှစ်စီးယှဉ်ပြိုင်တဲ့အခါ လျင်မြန်မှုကို ဦးစားမပေးဘဲ ပြေးတဲ့အခါမှာ နွားတွေရဲ့ ခြေထောက်တွေ ယိုင်သွားခြင်းရှိမရှိနဲ့ ပန်းဝင်တဲ့အထိ လှလှပပဝင်ရောက်လာနိုင်မှု ရှိမရှိကို အမှတ်ပေးဒိုင်တွေက အကဲဖြတ်ပေးတာပါ။

နောက်တမျိုးကတော့ ဒုံးလို့ခေါ်တဲ့ လျင်မြန်မှု(အပြေးမြန်) အရင်ဆုံးပန်းဝင်နိုင်မှုကိုသာ ဦးစားပေးတဲ့ ပြိုင်ပွဲဆိုပြီး (၂) မျိုးပြိုင်ရတာပါ။ ဒီနှစ်မှာ ပြည်ခရိုင်အတွင်း မြို့နယ် ၆ ခုကနေ နွားအရှဉ်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ တခါပြိုင်ရင် ၂ ရှဉ်းနှုန်းနဲ့ ရှုံးထွက် ပတ်လည်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဒိုင်တဦးက ရှင်းပြပါတယ်။



“ဘောလုံးပွဲတွေလိုပဲ အလံတခုတည်းကို လုသလို ပတ်လည်ယှဉ်ပြိုင်ရတယ်။ အရှဉ်း ၂၀ ဝင်ပြိုင်တာဆိုတော့ ရှုံးထွက်ပဲလုပ်မယ်။ နွားတွေကို လက်ဝှေ့သမားတွေလိုပဲ ဝိတ်တန်းခွဲပြီး မျှတဲ့ ၂ ရှဉ်းကို ဒိုင်တွေက တွဲပေးရတယ်။ တွဲပေးတဲ့နေရာမှာ နွားတွေရဲ့ သွားအရေအတွက်ကိုကြည့်ပြီး သွားစုံ နွားအကြီးတန်း (က)(သက်ကြီး)၊ သွားစုံ အကြီးတန်း (ခ)(သက်ငယ်)ဆိုပြီး သတ်မှတ်သလို၊ ငယ်သွားမလဲသေးတဲ့နွားတို့ ၊ သွားလေးချောင်း၊ ခြောက်ချောင်းစသဖြင့် အဲဒီလို နွားတွေရဲ့ သွားတွေကို ကြည့်ပြီး သူတို့တွေကို တွဲပေးရတယ်။ သွား ၈ ချောင်းပေါက်ပြီဆို သွားစုံပြီပေါ့။” လို့ ၎င်းက  ဆက်ရှင်းပြပါတယ်။

အဲဒီလို နွားအလှပြိုင်တဲ့အခါ တရွာနဲ့တရွာ မြို့နယ်တမြို့နယ်နဲ့ တမြို့နယ်၊ အပြိုင်အဆိုင် အားပေးကြလို့ လုံခြုံရေးကို အထူး ဂရုစိုက်ရသလို၊ တရားမဝင်လောင်းကြေးတွေနဲ့ အလောင်းအစားပြုကြတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။


 နွားပြိုင်ပွဲကျင်းပတာမှာတွေ့ကြုံရတဲ့ အခက်အခဲတွေကတော့ လုံခြုံရေးနဲ့ အလောင်းအစား ပြဿနာအပြင် ပြည်ပကို တရားမဝင် နွားတင်သွင်းနေသူတွေကြောင့် ပြိုင်ပွဲဝင်ဖို့ နွားတွေနဲ့ မြို့နယ်တွေကို ဖြတ်သန်းတဲ့အခါ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ကြုံတွေခဲ့ရကြောင်း သဲကုန်းမြို့နယ် အင်းမ(ရွာသစ်ကုန်းကျေးရွာ)က ဦးချိုပေါက်က ပြောပါတယ်။

“ ကျနော် ဒီပွဲကိုအလာ အင်းမရဲက ဖမ်းတယ်။ နောက်ဆုံး နွားအလှပြပြိုင်ပွဲ ဖိတ်စာ ပြန်သွားယူပြီး ပြတော့မှ အဆင်ပြေတယ်။ အခုဆို မြို့နယ် တခုနဲ့တခုတောင် ဖြတ်သန်းဖို့မလွယ်တော့ဘူး။ ပြည်ပပို့တဲ့ နွားမှောင်ခိုတွေကြောင့်လို့ ပြောတာပဲ၊ ဘယ်လမ်းကြောင်းကနေ နွားတွေသယ်တယ်ဆိုတာ အစိုးရသိတယ်။ နွားဆိုတာ ဖွက်ပြီး သယ်သွားလို့ ရတဲ့အရာ မဟုတ်ဘူး။ နယ်စပ်ဂိတ်တွေကိုသာ သေသေချာချာ ကြပ်မတ်ထားရင် ဒီပြဿနာမဖြစ်ဘူး။ အခုတော့ ကိုယ့်ပြည်တွင်းထဲတောင် နွားနဲ့သွားဖို့ လာဖို့ အဆင်မပြေတော့ဘူး။” လို့ သူက ဆက်ပြောပါတယ်။


ရွှေနတ်တောင်ဘုရားပွဲရဲ့ ထူးခြားမှုတခုကတော့ ပေါင်းမိုးလှည်းလို့ခေါ်တဲ့ အမိုးတပ်နွားလှည်းတွေ ရာနဲ့ချီပြီး လာရောက်ကြပါတယ်။ အဲဒီလှည်းတွေဟာ ကိုယ့်မြို့နယ်၊ ကိုယ့်ကျေးရွာအစုအဖွဲ့လေးတွေအလိုက် လယ်ကွင်းပြင်နဲ့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သင့်တော်သလို လှည်းဝိုင်းတွေပြုလုပ်ကာ တပါတည်းယူလာတဲ့ မီဖိုချောင်သုံး အိုးခွက်၊ ပန်းကန်တွေနဲ့ ပွဲတော်စတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ချက်ပြုတ်စားသောက်နေထိုင်ကြပါတယ်။  


ပွဲတော်ကိုလာရောက်ကြသူအများစုဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူတွေ ဖြစ်တဲ့အတွက် ဈေးတန်းတွေထဲမှာ လက်မှုလယ်ယာသုံးပစ္စည်းအရောင်းဆိုင်တွေကိုလည်း တခြားပွဲတော်တွေနဲ့မတူ တမူထူးခြားစွာ မြင်တွေ့ခဲ့ရပြီး ရွှေနတ်တောင်ဘုရားပွဲတော်မှာ ဒီနှစ်ကစပြီး ရိုးရာနွားအလှပြိုင်ပွဲကို ထည့်သွင်းကျင်းပပြုလုပ်ပေးခဲ့လို့ ဝင်ရောက် ယှဉ်ပြိုင်သူတွေရော ကြည့်ရှုအားပေးသူတွေကပါ အားရကျေနပ်တယ်လို့ ပြောဆိုနေကြပါတယ်။


ကောင်းမြတ်မင်း 







  






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved