ဓါတ်ပုံများ - www.blogspot.com |
အရင်တုန်းကတော့ အသေးစား Truck ဈေးကွက်ဆိုရင် Toyota က ထုတ်တဲ့ Light-truck လေးတွေနဲ့ TownAce လေးတွေက လူကြိုက်များတဲ့ မော်ဒယ်တွေပါ။ သူတို့က ၀န်လည်း တင်နိုင် ခရီးဝေးလည်း သွားနိုင်သလို စွမ်းဆောင်ရည်လည်း မဆိုးတော့ လူကြိုက်များကြတယ်လေ။ အခုတော့ သူတို့လိုပဲ Hyundai Porter II တို့၊ အခု ပြောမယ့် Kia Bongo IIIတို့လို အသေးစား ကုန်တင်ယာဉ်လေးတွေ ဈေးကွက် ထပ်ဝင်လာတော့ အရင်က တခေတ်ထခဲ့တဲ့ Toyota TownAceတွေ ဘယ်ချောင် သွားအိပ်နေကြလဲ မေးရမလောက်ပျောက်ကုန်ကြပါတော့တယ်။ ပျောက်ဆို အခု ပြောနေတဲ့ Bongo III တွေက မော်ဒယ်လည်း မြင့်တယ်၊ ရုပ်ထွက်တွေလည်း လှသလို၊ ကိုယ်ထည်ကလည်း ကြီးသေးတယ် မဟုတ်လား။ ပြောရရင် ၀န်များများ မတင်နိုင်သည့်တိုင်အောင် လူများများတော့ စီးနိုင်တာကိုးဗျ။ နယ်ဘက်တွေ အတွက်ကတော့ ကွက်တိပါပဲ။
ခေါင်းခန်းရဲ့အကျယ် အနေအထားကလည်း တခြား မော်ဒယ်တွေထက် ပိုတယ်။ ဒါပေမယ့် နောက်ထပ် လူလိုက်စီးနိုင်လောက်သည့်တိုင်အောင်တော့ မကျယ်ဘူးပေါ့။ ဒါပေမယ့် အဆင်ပြေပါတယ်။ နောက်ဖက် ကုန်တင်ဖို့ နေရာကလည်း အလျားရှည်တော့ နေရာလေး ပိုတယ်။ အင်ဂျင်ပိုင်းက ၂.၉ လီတာသုံး ဆိုတဲ့ အင်ဂျင်က အခုလောက် အသေးစား ကုန်တင်ယာဉ် တစီးအတွက် နည်းတယ်လို့ ဆိုနိုင်ပေမယ့် အရမ်းကြီး လမ်းကြမ်းကို မခိုင်းဘဲနဲ့ ၀န်လည်း အများကြီး မတင်ဘူးဆိုရင် ဆီစားနှုန်းကို သက်သာစေနိုင်တာကြောင့် ကောင်းတယ်လို့ ဆိုရမှာပါ။
အရောင်အပိုင်းကတော့ အပြာနဲ့ အဖြူတွေ အ၀င်များပေမယ့် တော်တော်များများကတော့ အပြာကို ပိုကြိုက်တာ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ အပြာထက် အဖြူက ပိုအဆင်ပြေပါတယ်။ နောက်ပြီး Bongo III ဆိုတာက Parking နေရာလေးဆောက်ပြီး သေချာ သိမ်းထားမှရမယ့် မော်ဒယ်မျိုး မဟုတ်ဘဲ မိုးထဲရေထဲမှာ သွားမယ့် သုံးမယ့် မော်ဒယ်ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ နေရောင်ပြင်းပြင်းက အရောင်လွင့်လွယ်စေနိုင်တာကြောင့် အဖြူရောင်ကိုပဲ အလေးသာတာဖြစ်ပါတယ်။
ဈေးနှုန်း အပိုင်းမှာတော့ ဆက်စပ် ပစ္စည်းတပ်ဆင်မှု ဆိုတာထက် အရောင်နဲ့ မော်ဒယ်အပေါ်ပဲ ဈေးနည်းနည်း ကွာတာ တွေ့ရပါတယ်။ ၂၀၀၅ခုနှစ် ၀န်းကျင်က သိန်း ၁၁၀ လောက်နဲ့ ၂၀၀၈ ၀န်းကျင်ဆိုရင် ၁၃၀ ၀န်းကျင်လောက် ရှိနေတာပါ။ ဒါပေမယ့် ဒီ မော်ဒယ်က အ၀ယ်များပေမယ့် တခြား အိမ်စီးမော်ဒယ်တွေလို ဈေးမကိုင်တတ်ကြပါဘူး။ ဆိုလိုရင်းကတော့ ဈေး အလျော့အတင်း ရှိတာကြောင့် Bongo III ကို စိတ်ဝင်စားတယ်၊ လုပ်ငန်းသုံး လိုတယ်ဆိုရင်တော့ ဈေးနည်းနည်းနဲ့ ရအောင် ဆစ်ပြီးသာ ၀ယ်လိုက်ပါလို့ အကြံပေးလိုက်ပါရစေဗျာ။ ကျနော့်သဘော ပြောရရင်တော့ Bongo III ဆိုရင် မော်ဒယ်မြင့်လေ ပိုကြိုက်လေပါပဲ။
လင်းထက် (IA)
0 comments :
Post a Comment