နေပြည်တော်နဲ့ မန္တလေး ဘယ်သင်္ကြန်ကို သွားချင်လဲ

Thursday, April 2, 2015



မန္တလေးသင်္ကြန် မြင်ကွင်းတခု(ဓာတ်ပုံ - တေဇလှိုင်/ The Irrawadd)

မြန်မာနိုင်ငံမှာသင်္ကြန်ဆိုရင် အစည်းကားဆုံးရန်ကုန်သင်္ကြန် ပြီးရင် နေပြည်တော်နဲ့မန္တလေးသင်္ကြန်တွေပါပဲ။ ရန်ကုန်သင်္ကြန်ကိုပဲ နှစ်တိုင်းလည်နေရလို့ ပျင်းလာရင်တခြားရွေးချယ်စရာနေရာတွေပေါ့။

နေပြည်တော်သင်္ကြန်

ဒီနှစ် နေပြည်တော်သင်္ကြန်ကတော့ နေပြည်တော်ဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ်တွေစုပေါင်းပြီး မဏ္ဍပ်ထိုးဖို့ စီစဉ် နေတယ်လို့သိရပါတယ်။
“ကျနော်တို့ Max ကလည်း နေပြည်တော်မှာ မဏ္ဍပ်တခုထိုးမှာပါ။ အဲဒီက ဟိုတယ်ဝန်ထမ်းတွေပဲ ပါဝင်မှာပါ” လို့ Max ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမိုးဝေက ပြောပါတယ်။

မဏ္ဍပ်တွေမှာ ဖျော်ဖြေရေး ကဏ္ဍအတွက် ကျပ်သိန်းပေါင်းများစွာ အသုံးပြုကြသလို မဏ္ဍပ်တွေကိုလည်း စည်းကား အောင် ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လေ့ရှိပါတယ်။ အကျွေးအမွေးမျိုးစုံ ရှိသလို မော်ဒယ်၊ ဖက်ရှင်အဖွဲ့၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေ၊ တီးဝိုင်းတွေကို ဈေးကြီးပေး ခေါ်ယူထားကြပါတယ်။

အရင်နှစ်တွေတုန်းက နာမည်ကြီး ကုမ္ပဏီကြီးတွေအနေနဲ့ နေပြည်တော် သင်္ကြန် စည်ကားအောင် တာဝန်ယူ ကျင်းပပေးဖို့ နေပြည်တော် အာဏာပိုင်တွေက ညွှန်ကြားတာတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အဲဒီလိုမျိုး တိုက်တွန်း တောင်းဆိုတာတွေ မရှိတော့ဘူးလို့ နေပြည်တော်ဟိုတယ် အသိုင်းအ၀ိုင်းက ပြောပါတယ်။
နေပြည်တော်မြို့ခံ ဦးမင်းဇော်ဇော်ထက်က “အခုနောက်ပိုင်း နေပြည်တော်သင်္ကြန်က Skynet မဏ္ဍပ်မှာပဲ လူသွားအုံနေတယ်။မြို့တော်ဝန်မဏ္ဍပ်မှာလည်း လူရှိတယ်။ လူငယ်တွေကတော့ အကုန်လုံးတနေကုန် ကကြခုန်ကြတယ်။ မဏ္ဍပ်တွေက လူစည်ကားပြီး  မပြန်အောင် မဏ္ဍပ်တွေက အစားအသောက်တွေလည်း ကျွေးကြတယ်၊ ဆိုတော့ညနေပိုင်းလည်း ဆက်ပြီး ကကြခုန်ကြတာပေါ့” လို့ ဧရာဝတီကိုပြောပါတယ်။

နေပြည်တော်မှာ သင်္ကြန်ဆိုရင် တနေရာနဲ့တနေရာ သွားလာရေးကအနည်းငယ်တော့ အခက်အခဲရှိပါတယ်။ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေရှိရင် ပိုအဆင်ပြေပါလိမ့်မယ်။ နေပြည်တော်မှာ ကားနဲ့လည်တဲ့သူလည်းရှိသလို ဆိုင်ကယ်နဲ့လည်တဲ့သူတွေလည်း များပါတယ်။

နေပြည်တော်မှာ အစည်ကားဆုံးကတော့ ဟိုတယ်ဇုန်နားတ၀ိုက်မှာပဲ။ နေပြည်တော်သင်္ကြန် စလုပ်ကာစတုန်းကတော့ တော်တော်စည်ကားပြီး အခုနောက်ပိုင်းအရင်လောက် မစည်ကားတော့ဘူးလို့လည်း သိရပါတယ်။

၂၀၁၀၊၂၀၁၁ ၀န်းကျင်လောက်မှာ အလွန်စည်ကားခဲ့ပြီး အဲဒီနှစ်တွေတုန်းက ဟိုတယ်တိုင်းနီးပါး မဏ္ဍပ်ထိုးကြတယ်။ အဲ့နောက်ပိုင်းမှာတော့ ဟိုတယ်တိုင်းမဏ္ဍပ်မလုပ်နိုင်ကြတော့ပါဘူး။

နေပြည်တော်က စည်ပင်အရာရှိတဦးဖြစ်တဲ့ ဦးကိုကိုဦးကလည်း “ဒီနှစ်စည်ပင်မဏ္ဍပ်မှာ ယိမ်းပေါင်း၂၁ခုလာကမယ်လို့ စာရင်းပေးထားတယ်။ မနှစ်က ၂၉ယိမ်းဝင်ပြိုင်တာ ဆုတွေချီးမြင့်တယ်။ ပထမဆုက သိန်း၂၀ရတယ်။ ဒုတိယဆုက ၁၈သိန်းနဲ့၂သိန်းစီ လျော့ပေးသွားတယ်။ ကျန်တဲ့ ပြိုင်တဲ့ယိမ်းအားလုံးကို နှစ်သိမ့်ဆုအဖြစ် ၄သိန်းစီပေးခဲ့တယ်။ ဒီနှစ်တော့ ဘယ်လိုသတ်မှတ်မလဲဆိုတာ မသိရသေးဘူး”လို့ ပြောပါတယ်။

မန္တလေးသင်္ကြန်

မန္တလေးသင်္ကြန်ဆိုရင် ပထမဆုံးပြေးမြင်ကြမှာကတော့ မန္တလေးကျုံးကြီးနားက ရေကစားမဏ္ဍပ်တွေပါပဲ။ တကယ်လည်း မန္တလေးမှာ အစည်ကားဆုံးက မန္တလေးကျုံးဘေးက ရေကစားမဏ္ဍပ်တွေပါပဲ။ မန္တလေးသင်္ကြန်က ကျုံးပတ်ဝန်းကျင်မှာပဲ သွားစုပြီး စည်းကားနေတာမျိုးပါ။

မန္တလေးမြို့ခံတဦးဖြစ်တဲ့ ကိုပြည်စိုင်းက

“လည်ပတ်စရာက မန္တလေးကျုံးပတ်မယ်။ ပြီးရင် ဦးပိန်တံတားသွားမယ်။ စွယ်တော်လေးတို့ ရေတံခွန်တို့ သွားလို့ရတယ်။ စစ်ကိုင်းဘက်ကိုလည်း သွားလည်တဲ့သူတွေရှိတယ်။ တော်တော်များများက ဦးပိန်တံတားကို သွားကြတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မန္တလေးသင်္ကြန်မှာ မဏ္ဍပ်တိုင်းရက်အပြည့် ပက်ကြပြီး ဒီနှစ်မှာတော့ မဏ္ဍပ်တွေကို ကျုံးတဖက်ဆီမှာ ၁၀ ခု စီ လောက်ပဲ ထားမယ်လို့ သိရပါတယ်။

တောင်ဘက်ကျုံးကတော့ အစည်ကားဆုံးဖြစ်ပြီး အရှေ့ဘက်မှာ ဌာနဆိုင်ရာမဏ္ဍပ်တွေ၊ အနောက်ဘက်မှာကတော့ တနိုင်တပိုင်မိသားစုမဏ္ဍပ်လေးတွေ ရှိပါတယ်။
စီးပွားရေးလုပ်တဲ့ မဏ္ဍပ်တွေကတော့ ရက်အပြည့်ပက်မယ်ဆိုရင် ကျပ် ၅သောင်း ၀န်းကျင် ရှိနိုင်တယ်လို့ သိရပါတယ်။ အဲဒါက အစားအသောက်ပါသလို ဖယ်ရီလည်း စီစဉ်ပေးထားပါတယ်။

ပြီးတော့ မန္တလေးသင်္ကြန်မှာ စတုဒီသာမုန့်လုံးရေပေါ်တွေ အပါအ၀င် မြန်မာမုန့်လုပ်ကျွေးတာ၊ အအေးတိုက်တာတွေ ရှိသလို သင်္ကြန်တွင်း ဒုလဘ္ဘ၀တ်တဲ့ ဘုန်းကြီးကျောင်းတွေကလည်း ဆွမ်းကပ်တာတွေရှိပါတယ်။ အများစု လည်ပတ်ကြတာကတော့ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေပါပဲ။
မန္တလေးသင်္ကြန်ဆိုရင် ယဉ်ကျေးမှုသင်္ကြန်လို့ ပြောလို့ရတဲ့ မန္တလေးသင်္ကြန်၊ အလှပြကားတွေနဲ့ သင်္ကြန်ဟာ အခုဆိုရင် ကွယ်ပျောက်သွားရတဲ့ အခြေအနေကို ရောက်နေပြီလို့ မန္တလေးမြို့အခြေစိုက် စာရေးဆရာဆူးငှက်က ဧရာဝတီကို ပြောပါတယ်။

မန္တလေးမှာ တူးပို့တူးပို့သံ သင်္ကြန်သီချင်းလေးတွေ ရှားပါးလာသလို Pop တွေ၊ Rock တွေနေရာယူလာပြီး DJ ပွတ်တာတွေနဲ့ ကခုန်ရတဲ့သင်္ကြန် ဖြစ်လာတာပါပဲ။
“ညပိုင်းမှာဆိုရင်လည်း ဖျော်ဖြေရေးမဏ္ဍပ်တွေ သိပ်မရှိတော့ဘဲ မြို့တော်ဝန်မဏ္ဍပ်လောက်ပဲ ရှိတော့တယ်။ ရပ်ကွက်တွေထဲမှာ ရပ်ကွက်အသင်းမဏ္ဍပ်တွေ မရှိတော့ဘူး။ အလှပြယာဉ်ဆိုရင်လည်း အရင်တုန်းက အသင်းပေါင်း ၅၀ ကျော်လောက်ရှိတာ အခုက မြို့မတသင်းပဲကျန်တော့တယ်။ အထူးသဖြင့် ညပိုင်းမှာ ကပြဖျော်ဖြေတဲ့ မဏ္ဍပ်က လုံးဝမရှိတော့တာပဲ”လို့ စာရေးဆရာဆူးငှက်က ဆိုပါတယ်။


ထက်နိုင်ဇော်

ရန်ကုန်သင်္ကြန်မြင်ကွင်း(ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved