ဖမ်းဆီးခံကျောင်းသားပြည်သူ လွတ်မြောက်ရေး ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားတွေစတင်လှုပ်ရှား

Thursday, April 2, 2015


ဓာတ်ပုံ- ကောင်းမြတ်မင်း/ The Irrawaddy

မတ်လ ၁၀ ရက်နေ့က ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုးခွင်း ဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို လိုက်ကပ်ပြီး တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတွေကို ပြည်နည်းပညာတက္ကသိုလ်နဲ့ ပြည်မြို့ပေါ်မှာ ဧပြီလ ၁ ရက်နေ့က စတင်ပြီး ၃ ရက်နေ့အထိ ပြုလုပ်နေကြပါတယ်။

အကြမ်းဖက်ဖြိုးခွင်းမှုကို ရှုံ့ချသလို၊ မတရားဖမ်းဆီးထောင်ချခံရသူတွေကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ စတစ်ကာကမ်းပိန်းပြုလုပ်ရတာဖြစ်တယ်လို့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းက ဧရာဝတီကိုပြောပါတယ်။



“တဖက်က ကြားနားပွဲတွေလုပ်နေတဲ့အချိန်မှာပဲ ဗကသသပိတ်စစ်ကြောင်းက အဖြိုးခွင်းခံထားရတယ်။ အဲဒီအပြင် ကျောင်းသားတွေ ဝန်းရံပြည်သူတွေကိုပါ ဖမ်းဆီးထားတယ်။ သူတို့လွတ်မြောက်ဖို့အတွက် ကျနော်တို့ စတစ်ကာ ကမ်ပိန်းလုပ်ကြတယ်။ အကြမ်းဖက်မှုဆို ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ လက်မခံဘူး ဒီမိုကရေစီအစိုးရပါ ပြောပြီး အကြမ်းဖက်တဲ့အတွက် အဲဒါကိုလည်းရှုံ့ချတယ်။” လို ကိုသန့်စင်ထွန်းကပြောပါတယ်။

“အဓမ္မဖမ်းဆီးခံကျောင်းသားကျောင်းသူများနဲ့ ဝန်းရံပြည်သူများအား ချက်ချင်းလွှတ်၊ ကျောင်းသားထုကို လုံးဝအကြမ်းမဖက်ရ”  စတဲ့ စာသားပါ စတစ်ကာတွေကို ပြည်နည်းပညာတက္ကသိုလ် ကျောင်းအတွင်းနဲ့ ကျောင်းပတ်ဝန်းကျင်တွေမှာ အဲဒီကျောင်းက ကျောင်းသားတွေက လိုက်ကပ်ခဲ့တာဖြစ်သလို၊ ပြည်မြို့ပေါ်မှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး လိုက်ကပ်နေကြပါတယ်။


အခုလိုစတစ်ကာတွေကပ်ခြင်းအားဖြင့် ဘယ်လိုအကျိုးရလဒ်တွေ ရနိုင်သလဲဆိုတာကို လှုပ်ရှားမှုမှာပါဝင်တဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုစောသီဟက ပြောပြပါတယ်။

“အကြမ်းဖက်တဲ့ အစိုးရရဲ့လုပ်ရပ်တွေကို ပြည်သူလူထုလဲသိမယ်၊ အဓိကကျောင်းသူ ကျောင်းသားတွေ သိလာမှာ ဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစိတ်တဒေသအရ ဒီလှုပ်ရှားမှုတွေဟာ ရပ်သွားမှာမဟုတ်ဘူးဆိုတာပြသလို၊ ကျောင်းတွေပိတ်ပေမဲ့ ဒီ့ထက် အားကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်ပြီးတောင်းဆိုသွားမယ်။ သူတို့တွေ အဖမ်းခံရပေမယ့် ကျနော်တို့ရှိနေသေးတယ်၊ ဒီလှုပ်ရှားမှုကြီးက ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူးဆိုတာကို ပြောချင်တယ်။” လို့ ကိုစောသီဟက ပြောပါတယ်။


အဲ့ဒီ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေက အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ပြီး၊ ကျောင်းသားတွေကပ်ခဲ့တဲ့ စတစ်ကာတွေကိုလည်း နာရီပိုင်းအတွင်း လိုက်လံခွာခဲ့ကြတယ်လို့ သိရပါတယ်။




ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved