သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၁၈)

Friday, April 3, 2015




ပျင်းတတ်သူများလည်း အောင်မြင်ခွင့် ရှိတဲ့ အကြောင်း ဆက်ပြောပါဦးမယ်။ အခုတပတ်မှာတော့ အက်ဆေးလေး တပုဒ်နဲ့ ပြောဖို့ စိတ်ကူးထားပါတယ်။ ဘ၀ အောင်မြင်မှု စကားလုံးတချို့ အကြောင်းပေါ့။

စကားလုံးများနှင့် ကျနော်

''ကမ္ဘာလောကကြီးကို စကားလုံးများဖြင့် တည်ဆောက်ထားခြင်း မဟုတ်''ဆိုသော စကားကို ကြားမိတိုင်း ''စကားလုံးများ'' အကြောင်း ဆက်ပြီးတွေးနေမိတတ်ပါသည်။ ကျွန်တော်တို့သည် ''စကားများ'' ဖြင့် တစ်ဦး၏ခံစားချက်၊ အတွေး၊ စိတ်ကူး တို့ကို အခြားတစ်ဦးသို့ ပေးပို့မျှဝေကြရပြီး၊ ထိုမှ အချင်းချင်း ခံစား နားလည်ကြရပါသည်။ စကားလုံးများသည် ကြွယ်ဝသော အဓိပ္ပာယ်ကို ဆောင်ယူလာတတ်သဖြင့် အံ့သြစရာ ကောင်းပါသည်။ မိမိပြောချင်သလို ပြောလို့ရခြင်းသည်လည်း စကားလုံးများ၏ လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါသည်။

စကားလုံးများသည် ပါးစပ်က ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ အခြားလူများကိုပါ ထိခိုက်နစ်နာစေတတ်သည်များလည်း ရှိနိုင် ပါသည်။ တစ်ခါတရံ စကားလုံးများသည် ကြောက်စရာရောဂါ ဆိုးများကဲ့သို့ ကုရာနတ္ထိဆေးမရှိ ဖြစ်တတ်ပါသည်။ ထို့အပြင် ပြင်းထန်သည့် လက်နက်များကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေပြန်ပါသည်။ ဒ့ါကြောင့် စကားလုံးတွေကို ကျွန်တော်တို့ သတိထားပြီး သုံးစွဲရန် လိုပါလိမ့်မည်။

Thoughts are impossible without words. ဟု John Dewey က ပြောခဲ့ခြင်းသည် အတွေးစိတ်ကူး အရေးကြီးသလို ထိုအတွေးစိတ်ကူးကို ပြောပြဖို့ စကားသည်လည်း အရေးကြီးသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အချို့သော စကားတို့သည် ခံစားနားလည်ရုံမျှမက လိုက်နာကျင့်သုံးအပ်သည်ကိုလည်း တွေ့နိုင်ပါသည်။ လေးစားအပ်သော ပုဂ္ဂိုလ်များ၏ မှတ်သား လိုက်နာ ကျင့်သုံးအပ်သော စကားများစွာရှိပါသည်။ အထူးသဖြင့် ဘဝဖြတ်သန်းမှုအတွက် အားပေးအထောက်အကူပြုသော စကားများကို မှတ်သား၊ လိုက်နာ၊ ကျင့်သုံးအပ်ပါသည်။ တင်ပြလိုသည်မှာ ဘဝတလျှောက် ကျွန်တော် မှတ်သား လိုက်နာ ကျင့်သုံးသော စကားအချို့ အကြောင်းဖြစ်ပါသည်။

စကားလုံးများနှင့်ပတ်သက်၍ ကျွန်တော့်အား ပထမဆုံးပြောင်းလဲသွားစေသည့် စကားမှာ အဖိုးမဆုံးခင်က ပြောခဲ့သော စကားဟု ပြောရမည်ထင်ပါသည်။ ''အရာရာကို မေ့နိုင်စွမ်း ရှိပါစေ..လူလေး၊ ကျေးဇူးတရားမှ အပ ပေါ့ကွယ်'' ဟူသည့် စကားကြောင့် ကျေးဇူးကန်းရာရောက်မည့် အပြော၊ အဆို၊ အပြုအမူများကို ထိန်းသိမ်းနိုင်ခဲ့၊ စောင့်စည်းနိုင်ခဲ့ပါသည်။ ဘဝ တလျှောက်လုံး နိုင်ငံရေး နယ်ပယ်နှင့် အခြား ဘဝမျိုးစုံကျင်လည်ခဲ့ရပြီး 'အနီ' ဖြစ်ခဲ့ဖူးသူ ကျွန်တော့် အဖိုး၏ စကားကို မမေ့ပါ။

''လူလေး..မင်းမိုက်ချင် မိုက်၊ ဒါပေမယ့် မရိုင်းနဲ့ကွ။ တစ်ခါတလေတော့ စိတ်ဆိုးဒေါသဖြစ်ပြီး ရိုင်းကောင်းရိုင်းသွား ရင်တောင်.. ဘယ်တော့မှ မယုတ်မာမိစေနဲ့ လူလေး''ဟု ပုလွေဆရာ၊ နှဲဆရာ၊ ဖြစ်ခဲ့ဖူးသူ တောင်သူလယ်သမား ကျွန်တော့် အဖေ၏ စကားကိုလည်း မမေ့ပါ။ လူမှုဆက်ဆံရေး ထူးချွန်ဆု ရနိုင်စရာအကြောင်းမရှိသည့်တိုင် ကျွန်တော် ရိုင်းမိ၊ မိုက်မိတတ်တောင်မှ မယုတ်မာခဲ့ပါ။ ကျွန်တော့် အဖေ၏ စကားကို မမေ့ပါ။

ကျွန်တော့်အဖေ၏ညီ၊ ဘဒွေးလေးက ''အမှားလုပ်ဖို့ အင်အား များသူတွေ အလယ်မှာ အမှန်တရားဆိုတာ ရယ်စရာ တစ်ခုပဲကွယ့်။ ကိုယ် လက်ခံယုံကြည်ထားတာကို အယူသည်း အစွဲကြီးတဲ့သူတွေရှေ့မှာ ဘယ်တော့မှ ချမပြလေနဲ့ လူလေး။ ရယ်စရာဖြစ်သွားလိမ့်မယ်''လို့ ပြောပြဖူးပါသည်။ ပါတီကောင်စီခေတ်တွင် မန္တလေးတိုင်း ကောင်စီဝင် ဖြစ်ခဲ့ဖူးသူ ဘဒွေးလေး၏ စကားကိုလည်း မမေ့ပါ။ ယုံကြည်ရာ အမှန်တရားအတွက် အခြေအနေ၊ အချိန်အခါနှင့် လူပုဂ္ဂိုလ်ကို ရွေးတတ်ခဲ့လာပါသည်။

ကျွန်တော့်အဖိုး၊ ကျွန်တော့်အဖေနှင့် ဘဒွေးလေး တို့သည် သူတို့ခေတ် သူတို့အခါက သူတို့ဖြတ်သန်းကြုံတွေ့ခဲ့ရသော အတွေ့အကြုံမှရလာသည့် သင်ခန်းစာများကို ကျွန်တော့်အား စကားလုံးနည်းနည်းဖြင့် ဘဝ လမ်းညွှန်အဖြစ် ပြောပြ မှာကြားခဲ့ခြင်း ဖြစ်မည်ဟု ထင်ပါသည်။ အဖိုး၊ အဖေနှင့် ဘဒွေးလေးတို့ ကွယ်လွန်သွားခဲ့သည်မှာ ကြာပါပြီ။ သို့သော် သူတို့ပြောပြ ညွှန်ပြသော စကားများကြောင့် ကျွန်တော့် ဘဝတွင် လိပ်ပြာလုံ၊ လိပ်ပြာသန့်စွာ နေထိုင် ဖြတ်သန်း လာခဲ့သည်မှာ အနှစ် ၄ဝ ပင်ရှိခဲ့ပါပြီ။ သူတို့ ပြောပြမှာကြားခဲ့သည့် စကားများ များစွာရှိပါသေးသည်။ အားလုံးသည် သူ့နေရာနှင့်သူ၊ သူ့တန်ဖိုးနှင့်သူ၊ သူ့အမှန်တရားနှင့်သူ ရှိနေကြပါသည်။

အမှန်တကယ်တွင် စကားဆိုသည်မှာ လူအချင်းချင်း ဆက်သွယ်ရေးအတွက် အသုံးပြုသော ကြားခံသာ ဖြစ်ပါသည်။ ကြားခံဖြစ်သော စကားလုံးများကို အသုံးပြုလျက် တစ်ဦးတစ်ယောက်၏ ခံစားမှုအား အခြားတစ်ဦး တစ်ယောက်ဆီသို့ ပို့ပေးပြီး မျှဝေခံစားနားလည်ကြရပါသည်။ တစ်ဖက်က ပေးပို့သည့် သို့မဟုတ် ပြောပြသည့်စကားကို ကျန်တစ်ဖက်က နားလည်လက်ခံနိုင်ဖို့ လည်းလိုပါလိမ့်မည်။ တစ်နည်းအားဖြင့် ထပ်ဆင့်ရလျှင် တစ်ဖက်ကပေးပို့သောစကားကို ကျန်တစ်ဖက်က လက်ခံနိုင်စွမ်း ရှိဖို့လိုအပ်သည့်အပြင် ခံယူကျင့်သုံးဖို့လည်း လိုအပ်ပါသည်။ အကယ်၍ ပေးပို့သူက ပေးပို့သော်လည်း လက်ခံသူက လက်မခံ၊ နားမလည်၊ မကျင့်သုံးဖြစ်နေပါက ပြောစကားတို့သည် အချည်းအနှီး ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် စကားများသည် အကျိုးလိုသည့်စကား၊ အကျိုးပျက်စေမည့်စကား စသည်ဖြင့် ဝေဖန်စိစစ်ပြီးမှ လက်ခံကျင့်သုံးအပ်ပေသည်။

အချို့စကားတို့သည် လူတစ်ဦးတစ်ယောက်သာမက အခြားသူများအတွက်ပါ လက်ခံကျင့်သုံးအပ်သည်ဟုလည်း ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော် ၁ဝတန်း အောင်သည့်နှစ်က ဖြစ်ပါသည်။ အောင်စာရင်းထွက်မည့်ရက်ကို သေချာ သိရသည့်အခါ ကျွန်တော်နှင့် သူငယ်ချင်းတို့သည် 'လူကြီးဖြစ်ပြီ၊ အထိမ်းအမှတ်အဖြစ် အရက် သောက်ကြမည်'ဟု တိုင်ပင်ကာ အောင်စာရင်းမထွက်ခင် အရင်နေ့တည်းကပင် တိတ်တဆိတ်စီစဉ်ထားကြပါသည်။ သို့သော် ကျွန်တော်တို့ သူငယ်ချင်းတစ်စု စတင်စားသောက်မည့် အချိန်တွင် မည်သို့မည်ပုံ အဖေသိရှိသွားသည် မသိ၊ စားသောက်တော့မည့်ဆဲဆဲဝိုင်းသို့ ကျွန်တော့်အဖေ ရောက်လာပါတော့သည်။ တစ်ချို့ သူငယ်ချင်းများက ထွက်ပြေးမည်ပြင်ကြသည်။ ကျွန်တော်လည်း ထိတ်လန့်သွားပြီး ''ဟုတ်တယ် အဖေ၊ ၁ဝ တန်းအောင်လို့ ကျွန်တော်တို့ အရက်သောက်ကြမလို့'' ဟု အေးအေးဆေးဆေးပြန်ပြောလိုက်ပါသည်။ အဖေက အားလုံး ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြဖို့၊ ဘာမှကြောက်စရာမလိုကြောင်း ပြောပြီး၊ အညာဓလေ့ ခွက်လှည့်သောက်မည့် အရက်ခွက်ကို ကျွန်တော့်ဆီမှ လှမ်းယူကာ-
''လူလေးတို့ ၁ဝတန်းအောင်ကြတာ အဖေလည်း ဝမ်းသာတယ်၊ ဂုဏ်ယူတယ်ဟေ့။ တစ်ခုပဲ အဖေပြောမယ်၊ အားလုံးမှတ်ထားနော်'' ဟု ဆိုကာ အရက်ခွက်ကို မြှောက်ဂုဏ်ပြုပြီး တစ်ကျိုက်တည်းမော့ သောက်လိုက်ပါသည်။

ပြီးတော့မှ-

''လူလေးတို့.. အရွယ်ရောက်တဲ့ ယောက်ျားတိုင်း အရက်သောက်ခွင့်ရှိတယ်၊ အရက်သောက်တဲ့အတွက် မူးခွင့် ရှိတယ်၊ ဒါပေမယ့် အရက်မူးလို့ဆိုပြီး ဘယ်တော့မှ မှားခွင့် မရှိဘူး။ အဲဒါမြဲမြဲ မှတ်ထားကြ'' ဟုပြောပြီး အမြည်း တစ်ဖတ်ကို မြည်းကာ ကျွန်တော်တို့ ကြိတ်ပြီးစီစဉ်ထားသည့် စားသောက်ဝိုင်းမှ ထွက်ခွာသွားပါတော့သည်။

သည်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ သူငယ်ချင်းများ ပြန်ဆုံမိတိုင်း၊ စကားစပ်မိတိုင်း ပြောမိတတ်ကြ ပါသည်။ ပြောမိတိုင်းလည်း ''အရက်မူးလို့ဆိုပြီး မှားခွင့်မရှိ'' ဆိုသည့် စကားအမြဲပါပါသည်။ ထိုစကားကြောင့် ကျွန်တော်နှင့် သူငယ်ချင်းများမှာ အရက်ကြောင့်ဆိုပြီး ဘဝတစ်လျှောက် ဘယ်တော့မှ မမှားကြတော့ပါ။

ကျွန်တော်သည် စကားလုံးများကို ယုံကြည်ပါသည်။ စကားလုံးများပြောသည့်အတိုင်း လိုက်နာကျင့်သုံးအပ်သည် ဟုလည်း ယုံကြည်ပါသည်။ အထူးသဖြင့် ဘဝအတွက် အမြဲတမ်းအကျိုးရှိစေမည့် စကားများကို မှတ်သား, လိုက်နာ, ကျင့်သုံးအပ် သည်ဟုလည်း ယုံကြည်ပါသည်။ အမြဲတမ်းမှန်ကန် ကောင်းကျိုးရှိခြင်းသည် သစ္စာတရားဟုဆိုလျှင် ကျွန်တော်သည် သစ္စာတရား ကို ယုံကြည်ခြင်းလည်း ဖြစ်နိုင်ပါသည်။

ဆက်လက် ဖော်ပြပေးပါဦးမယ်။

ပျင်းတဲ့
နိုင်စွမ်း



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved