ဒီနှစ်သင်္ကြန်မှာဆံပင်ဖက်ရှင် ဘယ်လိုတွေထွင်ကြမလဲ

Thursday, April 9, 2015





သင်္ကြန်အတွက်ဖက်ရှင်ကို ဖန်တီးတဲ့အခါ အရေးပါဆုံးနဲ့ဖက်ရှင်ထွင်လို့ အကောင်းဆုံးထဲမှာ ဆံပင်ဒီဇိုင်း ဖက်ရှင်ကလည်း   တခုအပါအ၀င်ဖြစ်ပါတယ်။ တနှစ်ထက်တနှစ် ဆန်းသစ်လာတဲ့ဆံပင်ဒီဇိုင်းတွေကလည်း အများကြီးရှိလာပါတယ်။

အရောင်ဆိုးမလား၊ ကျစ်ဆံမြီးကျစ်မလား၊ ဆံပင်ဆက်မလား၊ ကောက်မလား၊ ရှိတ်ထိုးမလားစတဲ့ ရွေးချယ်စရာ၊ ပြုလုပ်စရာတွေကလည်း ဆန်းသထက်ဆန်းလာပြီး သင်္ကြန်ကို အရောင်စုံစွာနဲ့ ဖြတ်သန်းစေပါတယ်။ ဖက်ရှင်ကို အလေးထားတဲ့သူတွေကတော့ အနည်းဆုံးအရောင်လေး ဆိုးလိုက်ရမှသင်္ကြန်ဖက်ရှင်ဆိုတာ ပိုပြီးပြည့်စုံစေတယ်လို့ သတ်မှတ်ထားကြတာပါ။ ဒီလိုအရောင်စုံ၊ အသွေးစုံသင်္ကြန်ဆံပင်စတိုင်လ်တွေကို ဖန်တီးပေးမယ့် ဆံပင်ဒီဇိုင်နာတချို့ကို ဒီနှစ်သင်္ကြန်မှာ ဘယ်လိုဆံပင်ဒီဇီုင်းတွေ ခေတ်စားမလဲ၊ ဘယ်လိုကာလာတွေ အဆိုးများလဲဆိုတာ ကြိုတင် မေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

မကျင်ပို့(Fancy House Hair&Beauty Spa)

ဒီနှစ်သင်္ကြန်က ဘယ်လို Hair Design တွေခေတ်စားမလဲဆိုတော့ ကာလာမှာဆိုရင် ဖန်စီကျတဲ့အရောင်တွေ အဆိုး များကြမယ်။ အရောင်မှာလည်း လေး၊ ငါး၊ ခြောက်ရောင်ဆိုးကြမယ်။ သက်တံကာလာမျိုးတွေ ဆိုးတာ ခေတ်စား ကြမယ်။ မိန်းကလေးတွေက ပန်းရောင်နဲ့ သက်တံကာလာ ဆိုးကြမယ်။ နောက် ကျစ်ဆံမြီးဆိုရင်လည်း တခေါင်းလုံး မထိုးကြတော့ဘူး။ တချောင်းစ၊ နှစ်ချောင်းစပဲကျစ်ကြမယ်။ ဥပမာ ဘီးကုပ်ပုံစံမျိုးပေါ့။ ယောကျာ်းလေးတွေကျတော့ ဒီနှစ်မှာ သူတို့က တက်တူးထိုးတဲ့ ပုံစံမျိုးကို လုပ်ကြလိမ့်မယ်။ ခေါင်းပေါ်မှာ တက်တူးဒီဇိုင်းတွေ ထိုးကြမယ်။  ဒီဇိုင်းကတော့ သူတို့ကြိုက်တဲ့ ပုံစံဒီဇိုင်းမျိုးကို လုပ်ကြလိမ့်မယ်။ နောက်ပြီး  အဲဒီတက်တူးဒီဇိုင် Shave ထိုးတာကို မိန်းကလေးတွေ တော်တော်များများလည်း ဒီနှစ်လုပ်ကြလိမ့်မယ်။ မိန်းကလေးတွေက နားရဲ့အပေါ် တခြမ်းလေးကို Shave ထိုးကြမှာ။ တခြမ်းကို အပြောင်ကြီးရိတ်လိုက်မှာ မဟုတ်ဘဲ နည်းနည်းလေး ချန်ထားပြီး သူတို့ ဒီဇိုင်း လုပ်ကြမှာ။ အဲဒါက ဒီနှစ် နိုင်ငံခြားက မော်ဒယ်လ်၊ မင်းသမီးတွေ တော်တော်များများလည်း အဲလိုဒီဇိုင်းတွေ လုပ်ထားကြတဲ့အတွက် အဲဒီ ဒီဇိုင်းလေးကို လုပ်ကြလိမ့်မယ်။ သင်္ကြန်မှာ အဲဒါကို ပိုပြီး ဦးစားပေးလုပ်ကြလိမ့်မယ် ထင်ပါတယ်။ Fancy House မှာ ဒီနှစ်ကတော့ ဆံပင်ဒီဇိုင်းကို အပေါ်က ဘီးကုပ်လေးတွေ လုပ်မယ်၊ အောက်မှာ ဆံပင်ကာလာအတုတွေ ထပ်တပ်ပေးမယ်။ သင်္ကြန်ပြီးရင် အဲဒါတွေကို ပြန်ဖြုတ်လိုက်ရုံပဲ၊ ဘာမှပြဿနာမရှိပါဘူး။


တိုနီထွန်းထွန်း

ဒီနှစ်သင်္ကြန်မှာ ယောကျာ်းလေးတွေက အပြောင်ကေကိုအညှပ်များကြတယ်။ One Way၊ Two Way ပုံစံတွေ အညှပ်များကြတယ်။ ပြီးရင်ဘေးခွဲ၊  အလယ်ခွဲတွေ လုပ်ကြတယ်။ ဘေးကို အပြောင်ညှပ်ပြီး ကြယ်ပုံစံတွေ၊ ကနုတ်တွေ ထိုးကြတယ်။ အဲဒီထဲမှာမှ ကြယ်တွေ၊ ကနုတ်တွေကို အရောင်တွေပြန်ဖော်ကြတယ်။ စာတမ်း ထိုးရင်လည်း စာတမ်းနေရာမှာ အရောင်တွေပြန်ဖော်ကြတယ်။ စာတမ်းမှာလည်း တချို့က ကိုယ့်နာမည် ကိုယ်ထိုးကြတယ်။ ဒါမှမဟုတ်ကြယ်ပုံ၊ တခြားသူတို့ကြိုက်တဲ့ အမှတ်အသားတွေ ထိုးကြတယ်။ နောက်တခုက One Way ပုံစံမျိုး ဆံပင်ထောင်ပြီး အရင်းကို ပုံစံတမျိုး၊ အဖျားကိုပုံစံတမျိုး ဆိုးကြတယ်။ တချို့ဆို One  Way ကို အမြင့်ကြီး ထောင်ပြီးမှ ဆေးဆိုးကြတယ်။ တချို့က အရောင်ဆိုးရင် ရွှေရောင်တောက်တောက် တခေါင်းလုံး ဆိုးပြီး ပန်းရောင်ကို ဟိုက်လိုက် ပြန်ဖောက်တာရှိတယ်။ တချို့က ပန်းရောင်တမျိုးပဲ မဟုတ်ဘဲ အစိမ်းတချောင်း၊ အပြာတချောင်း၊ ပန်းရောင်တချောင်းပြန်ဆိုးကြတယ်။ ဒီနှစ်ကခါတိုင်းထက်ပိုပြီးလုပ်ရဲလာကြတာကို တွေ့ရတယ်။

မိန်းကလေးတွေက ဒီနှစ်မှာ အကောက်ပုံစံ လုပ်တာပိုများလာတယ်။ အကောက်မှာမှ ၈၀% နှုန်းလောက်ကို လုပ်လာကြတယ်။ အဲဒီအကောက်ပေါ်ကမှ အရောင်တရောင်ဆိုရင်လည်း တရောင်၊ တချို့ကလည်း အရောင် သုံးရောင်လောက် စပ်ဆိုးကြတယ်။ တချို့ကျတော့ အဖျားပိုင်းလေးကိုပဲ အရောင်တွေ ဆိုးကြတာ များတယ်။ အကောက်က ရေစိုလာရင် သဘာဝအကောက်ပုံစံ ဖြစ်လာမယ့်အကောက်မျိုးကို လာကောက်ကြတယ်။ အတိုပုံစံဆိုရင် နောက်ကိုဆံပင်အကုန် စည်းလိုက်တယ်။ ပြီးရင် ဘေးနားထင်နဲ့ နောက်ဘက်ခြမ်းကို စက်ကပ်ကြေးနဲ့ အပြောင်ထိုးထားကြတယ်။ ပြီးရင်အဲဒီိအပြောင်ပေါ်မှာ ယောကျာ်းလေးတွေလိုပဲ ပုံတွေထပ်ထိုးကြတယ်။ ဒီတိုင်း သာမာန်အချိန်ဆိုရင် ဆံပင်ကိုချထားတယ်။ မသိသာဘူး။ သင်္ကြန်ရောက်မှ အဲဒီဆံပင်ကို အလယ်ကနေ ကောက်စည်းလိုက်တာ။ အဲဒီတော့မှ သူတို့ထိုးထားတဲ့ စာတမ်းကပေါ်လာတယ်။ ဆံပင်ကို အဖြောင့်ဆံပင်ထားတဲ့ သူကျတော့ အတွင်းထဲမှာ ကာလာတွေ ရောင်စုံဆိုးထားကြတာ။ အပြင်ကကြည့်ရင် ချက်ချင်းမသိသာဘူး။ အတွင်းထဲမှာ လှန်ကြည့်လိုက်မှ ပန်းရောင်၊ အပြာ၊ အစိမ်း၊ ရောင်စုံကို ဆိုးထားတာ။ အဲလိုမျိုးလည်းဆိုးကြတယ်။

မသဲ(G-Six)

ဒီနှစ် သင်္ကြန်မှာတော့ ဆေးအရောင်စပ်ပြီး ဆိုးကြတဲ့ ရေစိုပုံစံ Ombre Color လုပ်တာများနိုင်မယ်။ နောက်ပြီး မိန်းကလေးတွေက Rapper Cap ဦးထုပ်ဒီဇိုင်းလေးတွေမျိုးစုံလည်း ဆောင်းဖြစ်ကြမယ်ထင်တယ်။ ကျစ်ဆံမြီး ကျစ်တာကိုကြိုက်တဲ့သူတွေကတော့ နှစ်တိုင်းကျစ်ဆံမြီးပဲ ကျစ်ကြတယ်။ ယောကျာ်းလေးတွေကတော၊့  အထူးသဖြင့် အဆိုတော်တွေပေါ၊့ သူတို့ကတော့ Dreadlocks တွေလုပ်ကြတယ်။ မိန်းကလေးမှာလည်း တချို့ ဆံပင်အတိုထားရဲတဲ့ သူတွေကတော့ Undercut လိုဘေးနဲ့ အနောက်ဘက်တွေကို Shave အပြောင်ထိုးကြပါတယ်။

ကျစ်ဆံမြီးကျစ်တာက ဘယ်လိုပုံစံတွေများလဲဆိုတော့ အစုံပဲလာကျစ်ကြတယ်။ ကျစ်ဆံမြီးကျစ်တဲ့ ပုံစံကလည်း အစ်မတို့ စစခြင်းကျစ်ခဲ့တဲ့ ပုံစံတွေနဲ့တောင် နောက်ပိုင်းကျစ်ကြတာ မတူတော့ဘူး။ ပစ္စည်းတွေက အရင်ပုံတွေလို မဟုတ်ကြတော့ဘူး။ ကျစ်ဆံမြီးကျစ်တာကလည်း နည်းနည်းပဲတချောင်း၊ နှစ်ချောင်းကျစ်တာထက် တခေါင်းလုံး ကျစ်တာက ပိုအဆင်ပြေတယ်။ တချောင်း၊နှစ်ချောင်းကျစ်တာက ရေစိုလို့ ဆံပင်တွေကပ်သွားရင် ရုပ်ဆိုး သွားတတ်တယ်လေ။ သင်္ကြန်မဟုတ်ရင်တော့ လှတယ်။ တခေါင်းလုံးကျစ်ဆံမြီး ကျစ်မယ်ဆိုရင် အချိန်က တနာရီကနေ ခြောက်နာရီနီးပါးကြာမယ်။ ကျစ်မယ့်ပုံစံပေါ် မူတည်ပြီး ကြာမြင့်ချိန်ကွာတာပေါ့။ ဈေးနှုန်းတွေကလည်း သုံးသောင်း၊ လေးသောင်းကစပြီး ကျပ်တသိန်း၊ နှစ်သိန်းအထိရှိတယ်။ ဒီနှစ်တော့ ကာလာဆိုးတာနဲ့ကျစ်ဆံမြီးဆိုရင် ကာလာဆိုးတာကို ပိုလုပ်ကြလိမ့်မယ်။  ကျစ်ဆံမြီးကတော့ တကယ့်ကို ကြိုက်ကြတဲ့သူတွေပဲ လုပ်ကြတာ။ အစ်မ ဆီမှာကတော့ ဈေးရယ်၊ ဒီဇိုင်းရယ် သုံးတဲ့ပစ္စည်းရယ် သီခြားဖြစ်ချင်တဲ့ သူတွေကျစ်ကြတာများတယ်။ ပစ္စည်းတွေ ကိုလည်း USA ကပဲမှာသုံးတယ်။ ဒီဇိုင်းမိုက်ပြီး ကျစ်တာကိုကြည့်လိုက်တာနဲ့ G-Six မှာကျစ်တာမျိုးသိအောင် လုပ်ထားတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved