သရုပ်ဆောင်ကင်းကောင်ရဲ့ ကျန်းမာရေးစောင့်ကြည့်ရန် အနေအထားမှာရှိ

Friday, May 8, 2015


ဓာတ်ပုံ - Kyaik Kaw Kyaw Kyaw / Facebook

ပြင်ဦးလွင်မြို့မှာ မတော်တဆ ဆိုင်ကယ်တိမ်းမှောက်ရာက ဦးနှောက်အတွင်းသွေးယိုစိမ့်ပြီး သွေးခဲသွားခဲ့တာကြောင့် မန္တလေးနန်းတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သရုပ်ဆောင်ကင်းကောင်ရဲ့ ကျန်းမာရေးအခြေအနေ ပြန်လည် သက်သာနေပြီဆိုပေမယ့် စောင့်ကြည့်နေရဦးမယ်လို့ သိရပါတယ်။
သရုပ်ဆောင် ကင်းကောင်ဟာ လက်ရှိအခြေအနေမှာ စကားပြောနိုင်နေပြီဆိုပေမယ့် ဦးခေါင်းထိခိုက်မှု ဖြစ်တဲ့အတွက် ခွဲစိတ်ကုသမှု လုပ်ဖို့လိုမလို စောင့်ကြည့်ရမှာဖြစ်ပြီးဒီနှစ်ရက်၊ သုံးရက်အတွင်း ရန်ကုန်ဆေးရုံကိုပြန်ပြောင်းရွှေ့ဖို့ အစီိအစဉ်ရှိပါတယ်။

မေလ ၃ ရက်နေ့ညပိုင်းက သရုပ်ဆောင်သစ်တဦး မောင်းပြီး ကင်းကောင်လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်ဟာ တည်းခိုရာဟိုတယ် မရောက်ခင်မှာ မတော်တဆတိမ်းမှောက်ခဲ့တဲ့အတွက် ကင်းကောင်ဟာ ဒူးခေါင်း၊ခြေမျက်စိနဲ့လက်ဖျံရိုးတွေမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ မေ ၄ ရက်မှာတော့ ရိုက်လက်စ ရုပ်ရှင်ကားတခန်း ရိုက်ကူးပြီး ၅ ရက်နေ့မှာရိုက်ကူးရေးမရှိဘဲ ၆ရက်နေ့မှာ ရိုက်ကူးရေး ရှိတဲ့အတွက် ရိုက်ကူးရေးမစခင် ရေချိုးရင်းရေချိုးခန်းထဲမှာ မူးလဲခဲ့လို့ ချက်ချင်းဆေးရုံတင်ပေးခဲ့ရတယ်လို့ ကင်းကောင်နဲ့ ဇာတ်ကားရိုက်ကူးနေသူ ဒါရိုက်တာဇေပါကပြောပြပါတယ်။

ပြင်ဦးလွင်ဆေးရုံမှာ ဦးခေါင်းကို ဓာတ်မှန်ရိုက်ကူးတဲ့အခါ ဦးခေါင်းတွင်း သွေးစိမ့်နေတာ နှစ်နေရာ၊ သုံးနေရာတွေ့ရှိခဲ့လို့ ညတွင်းချင်း မန္တလေးနန်းတော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ ကင်းကောင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်လို့် ဒါရိုက်တာဇေပါက “လက်ရှိကတော့ ဦးကင်းကအကုန်ကောင်းပါတယ်။ ဒါပေမယ့်ဦးခေါင်းထဲမှာဖြစ်နေတဲ့အတွက် မသိနိုင်တဲ့ အခြေအနေတွေတော့ရှိတယ်။ ဖုန်းလည်းပြောနိုင်တယ်၊ စကားလည်းပြောနိုင်တယ်။ အစာလည်း စားနိုင်တယ်။ ဒါပေမယ့် သွေးစိမ့်နေတဲ့ နှစ်နေရာသုံးနေရာရှိတာရယ်၊ ဦးခေါင်းမှာ ဒဏ်ရာလေး ရထားတာတွေကြောင့်ရယ် ကျနော်တို့က စိုးရိမ်နေတာပါ၊ အခု သူ့မိသားစုလည်း ရောက်နေပါပြီ” လို့ပြောပြပါတယ်။

သရုပ်ဆောင်ကင်းကောင်ရဲ့ကျန်တဲ့ ကျန်းမာရေးအခြေအနေကိုတော့ ဆရာဝန်ကြီးတွေနဲ့ ဆက်သွယ်ထားပြီး သူတို့တွေရဲ့ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားကာ ခွဲစိတ်ကုသမှု လုပ်၊မလုပ် ဆိုတာကို ဆက်လက် စောင့်ကြည့်ရမယ်လို့ သိရပါတယ်။

“ဦးကင်းကျန်းမာနေပါပြီဆိုပြီး အရင်ပုံတွေတင်တာလည်း ကျနော်မကြိုက်ဘူး။ နောက်ပြီးဦးကင်းက ရှူတင်မှာဖြစ်သွားခဲ့တာပါဆိုပြီးအွန်လိုင်းမှာလျှောက်တင်ထားကြတော့ကျနော်တို့လည်းမကောင်းဘူးလေ။ကျနော်တို့ အနုပညာသမားတွေကတော့အတတ်နိုင်ဆုံးဦးကင်းကိုလိုက်ပါစောင့်ရှောက်နေပါတယ်”လို့ ဒါရိုက်တာဇေပါကဆိုပါတယ်။

 
ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved