![]() |
ဓာတ်ပုံများ - ကောင်းမြတ်မင်း / The Irrawaddy |
ပြည်မြို့လို့ ပြောတာနဲ့ အဲဒီမြို့နဲ့အတူ တွဲမြင်လေ့ရှိတဲ့ အနုပညာသမားတွေကတော့ အဆိုတော်ခင်ဝမ်း၊ ကဗျာမောင်ချောနွယ်၊ စာရေးဆရာကိုဆွေနဲ့ တေးရေးဆရာ သုခမိန်လှိုင်ဆိုတဲ့ ပြည်မြို့သားတွေပဲဖြစ်ပါတယ်။
အဲဒီအနုပညာသမားတွေထဲမှာ အဆိုတော်ခင်ဝမ်း၊ ကဗျာဆရာမောင်ချောနွယ်နဲ့ စာရေးဆရာကိုဆွေတို့ကတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း သုံးဦးစလုံး ကွယ်လွန်သွားခဲ့ပါတယ်။
ကွယ်လွန်သွားတဲ့အထဲက ကဗျာဆရာမောင်ချောနွယ်နဲ့ စာရေးဆရာကိုဆွေတို့အတွက် စကျင်ကျောက်သား အဖြူပေါ်မှာ သူတို့ရဲ့ ပုံတူရေးဆွဲထားတဲ့ ကျောက်တိုင်တွေကို စိုက်ထူခဲ့ကြပါတယ်။
အဲဒီကျောက်တိုင်တွေကို ပြည်မြို့ ရွှေဆံတော်စေတီခြေရင်း တောင်ဘက်မုဒ် ဆောင်းတန်းအနီးက ဒက္ခိဏာရုံ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ စိုက်ထူခဲ့ပြီး ကဗျာဆရာမောင်ချောနွယ်ရဲ့ ကျောက်တိုင်ကို ၂၀၁၁ ခုနှစ်မှာ စိုက်ထူခဲ့ပါတယ်။ အဲဒီကျောက်တိုင်ရဲ့နဘေးမှာ ကိုဆွေရဲ့ ကျောက်တိုင်ကို မေလ ၈ ရက်နေ့ မနက်ပိုင်းက စိုက်ထူ ဖြစ်ခဲ့ကြပါတယ်။
ဒီကျောက်တိုင်ကို ကိုဆွေ ကွယ်လွန်ပြီး သုံးနှစ်ကြာမှသာ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့စာပေအ၀ိုင်းအ၀ိုင်းက ကိုဆွေကို ချစ်ခင်မြတ်နိုးသူတွေက ဦးဆောင်ခဲ့တာလို့ သိရပါတယ်။
“ကိုဆွေက ပြည်မြို့ကို ဂုဏ်မငယ်စေတဲ့သူပါ ကဗျာအကြောင်းပြောရင် မောင်ချောနွယ်မပါရင် မပြီးသလို မော်ဒန်ဝတ္တုတိုအကြောင်း ပြောရင် ကိုဆွေအကြောင်းမပြောလို့မပြီးပါဘူး အဲဒါကြောင့် အခုလိုမျိုးအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူတာပါ”လို့ ပြည်မြို့ခံစာရေးဆရာ ကိုရည်ဇော်မောင်က ပြောပါတယ်။
ကဗျာဆရာ မောင်ချောနွယ်ရဲ့ ပုံတူထွင်းထုထားတဲ့ ကျောက်ပြားပေါ်မှာ “ အယူမှန်သူအတွက် အယူခံမလို၊ ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းဆိုခဲ့တယ်။” ဆိုတဲ့ ကဗျာကိုရေးသားထားသလို ကိုဆွေရဲ့ ကျောက်ပြားပေါ်မှာတော့ သူအမြဲပြောလေ့ရှိတဲ့ “အနုပညာတစ်ခုကို ဖန်ဆင်းတဲ့အခါ ကျွန်တော်ဟာ သူတော်စင်ဖြစ်တယ်”ဆိုတဲ့ စာတမ်းကိုပါ ရေးထိုးပေးထားပါတယ်။
ကိုဆွေရဲ့ မိသားစုတွေနဲ့အတူ မြို့ခံကဗျာဆရာတွေ၊ စာရေးဆရာတွေက ကွယ်လွန်ခြင်းသုံးနှစ်ပြည့်အဖြစ် ဒက္ခိဏာရုံဘုန်းကြီးကျောင်းမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်ခြင်း၊ ကဗျာရွတ်ခြင်း၊ ကိုဆွေအကြောင်း အမှတ်တရစကားတွေ ပြောခဲ့ကြပါတယ်။
စာရေးဆရာကိုဆွေဟာ မော်ဒန်ဝတ္တုတိုစာရေးဆရာအဖြစ်ရပ်တည်ခဲ့ပြီး သူရဲ့စာပေတွေဟာ ၁၉၇၀ ဝန်းကျင် လောက်မှာစတင်ကာ မြန်မာစာပေလောကမှာ ထင်းရှားလာခဲ့တာပါ။ သူရေးသားခဲ့တဲ့ လိမ္မော်သီးတစ်လုံး၊ မှော်တောင်ကုန်း၊ မာန်နတ်ဆိုတဲ့ ၀တ္တုတိုတွေက အထူးထင်ရှားပါတယ်။
မကြာခင်မှာပဲ ကဗျာဆရာမောင်ချောနွယ်၊ စာရေးဆရာကိုဆွေတို့ရဲ့နဘေးကို အဆိုတော်ခင်ဝမ်း ရောက်လာပါတော့မယ်။
ကောင်းမြတ်မင်း
0 comments :
Post a Comment