အတန်းပညာမှာ မထူးချွန်ပေမယ့် အောင်မြင်ထင်ရှားသူ တချို့အကြောင်း

Thursday, May 7, 2015


ဘ၀မှာ အဆင်မပြေ အဆင်မချောဘဲ ချို့ချို့ငဲ့ငဲ့ နေထိုင်ဖြတ်သန်းသွားရသူတွေ ကိုယ့်ဝန်းကျင်မှာ အများကြီး တွေ့ဖူးကြမယ် ထင်ပါတယ်။ ဘ၀မှာ မအောင်မမြင်ဖြစ်ပြီး ဘ၀ပျက်သွားသူတွေကို လေ့လာကြည့်ရင် အချက် ၃ ချက်ကြောင့် ကျဆုံးသွားရတယ်ဆိုတာ တွေ့ရပါတယ်။ ပထမတချက်က အတတ်ပညာ မတတ်မြောက်ကြလို့ပါ။ ဒုတိယ အချက်က အတတ်ပညာ တတ်မြောက်သော်လည်း ကိုယ့်ဘ၀ ယုံကြည်ရာ ရည်ရွယ်ရာကို တစိုက်မတ်မတ် လုပ်ဆောင်ဖို့ “ဇွဲ” မရှိတာကြောင့် ဆိုတာ တွေ့ရပါတယ်။ တတိယ အချက်ကတော့ အသိဗဟုသုတ နည်းပါးတာကြောင့် ဆိုတာ တွေ့ရပါတယ်။

ဒီနေရာမှာ အတတ်ပညာ ဆိုတာ အတန်းပညာ မဟုတ်ပါဘူး။ ပညာရေးမှာ မထူးချွန်ပေမယ့် အောင်မြင်ထင်ရှားသူတွေ အကြောင်း အပတ်စဉ် တင်ပြခဲ့ပါတယ်။ အံ့သြစရာ ကောင်းတာက အဲဒီအောင်မြင်ထင်ရှားသူတွေဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ဖြစ်နေတာပါပဲ။ ပြီးတော့ သူတို့ဟာ ချမ်းသာကြွယ်ဝတဲ့ မိဘတွေက မွေးဖွားလာတာ မဟုတ်ဘဲ ကိုယ်တိုင်ကြိုးစားပြီး အောင်မြင်လာသူတွေဆိုတာ တွေ့ရမှာပါ။

အဲဒါကိုကြည့်ရင် အောင်မြင်တဲ့ ဘ၀ဆိုတာ အတန်းပညာပေါ်မှာ မူတည်နေတာ မဟုတ်ဘူးဆိုတာ သိမြင်နိုင်ပါတယ်။ ပညာရေးမှာ မအောင်မြင်ပေမယ့် အောင်မြင်သူတွေအကြောင်း တင်ပြပေးပါမယ်။ အဲဒီထဲမှာ အားကစားသမားတွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေလည်း ပါဝင်နေပါတယ်။

 Christina Maria Aguilera (ခရစၥတီနာ မာရီယာ အဂြီလီရာ)

photo - mtvindia.com

သူမကို ၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ နယူးယောက်ရှိ Staten Island မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အခုဆိုရင် အသက် ၃၃ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ သူမ ငယ်စဉ်ကတည်းက မိဘတွေက ကွာရှင်းပြတ်စဲ ခဲ့တာကြောင့် သူမဟာ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းခဲ့ရတာပါ။ ငယ်စဉ်ကတည်းက ဟိုပြောင်း သည်ပြောင်း ပြောင်းရွှေ့နေထိုင်ခဲ့ရပေမယ့် သူမရဲ့ ခရစ္စတီနာလေးဟာ ငယ်စဉ်ကတည်းက အဆိုတော်ဖြစ်ဖို့ စိတ်ဆန္ဒ ပြင်းပြခဲ့ပါ တယ်။ ၁၉၈၉ ခုနှစ်မှာတော့ The All Nes Mickey Mouse Club က သူမကို ဖိတ်ခေါ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၁၉၉၉ မှာတော့ “Genie in a Bottle” သီချင်းနဲ့ စတင်အောင်မြင်သွားပါတယ်။ အဲဒီနောက် သူမဟာ သန်းချီတဲ့ သီချင်းခွေတွေရောင်းချရပြီး၊ ဆုတံဆိပ်တွေလည်း အများအပြား ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး အနုပညာရှင် ဂရမ်မီဆုလည်း ပါဝင်ပါတယ်။ သူမရဲ့ မိခင် တယောပညာရှင် Shelly Loraine က အမေရိကန်ဖွား တဦးဖြစ်ပြီး၊ ဖခင်ဖြစ်သူ Fausto Xavier Aguilera ကတော့ အီကွေဒေါနိုင်ငံဖွား ဖြစ်ပါတယ်။

သူမကို လွှမ်းမိုးတဲ့ ဂီတ ပညာရှင်တွေကတော့ Mariah Carey (မာရီယာ ကာရေး)၊ Whitney Houston နဲ့ Jannet Jackson (မိုက်ကယ်ဂျက်ဆင်ရဲ့ ညီမ) တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ ခင်ပွန်းက Jordan Bratman (ဂျော်ဒန် ဘရက်မင်း) ဖြစ်ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်၊ အေပြီ ၁၅ မှာ ကွာရှင်းပြတ်စဲခဲ့ပြီး ကလေးတယောက် မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

သူမ ပြောတဲ့ ထင်ရှားတဲ့ စကားတွေက ဘရစ်နေစပီးယားနဲ့ ပတ်သက်ပြီး “ကျမတို့ တယောက်နဲ့ တယောက် မုန်းနေပါတယ် ဆိုတဲ့ ကောလာဟလက တကယ့်အမှန် မဟုတ်ပါဘူး။ မနှစ်သက်တာမျိုး ဘဲစားဘဲချေ ဆိုတာမျိုး မရှိဘူး။ ဘရစ်နေစပီးယား အောင်မြင်တာတွေနဲ့ ပတ်သက်ပြီး ကျမ ဂုဏ်ယူပါတယ်။ သူမက အရမ်းအလုပ်လုပ်တဲ့သူပါ။ ကျမ အထူးအထွေ ပြောစရာ မရှိပါ။ ဒါပေမယ့် ကျမမှာ သူမကို ချစ်ခြင်းတွေသာ ရှိနေပါတယ်” လို့ ပြောပါတယ်။

နောက်ပြီး သူမ ပြောတာ ရှိသေးပါတယ်။ အဲဒါကတော့ “ကျမ သီချင်းတွေ ဆိုနေတဲ့ အချိန်တိုင်း အဲဒီသီဆိုနေရတဲ့ အချိန်မှာ ကျမကို ကျမ ပိုင်တယ်ဆိုတာ ခံစားမိပြီး၊ ကျမရဲ့ အကောင်းဆုံး ဖွင့်ထုတ်ပြဖို့ပဲ ရှိပါတယ်။ ဂီတက ကျမကို ကိုယ့်အသိုက်အမြုံကို ပြန်တွေ့သလိုမျိုးခံစားရပါတယ်။ အဲဒီကနေပြီး တခြားသူတွေလည်း အသိုက်အမြုံ တွေ့ဖို့ ကျမ သီဆိုတဲ့ သီချင်းကနေ ရစေဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ နွေးထွေးတဲ့ အိမ်ရာအသိုက်အမြုံဆိုတာ လူတိုင်းအတွက် အထူးအဓိက အရေးပါတယ်လေ” လို့ ပြောပါတယ်။

Orlando Bloom (အော်လန်ဒို ဘလွမ်းမ်)

photo - guardianlv.com


Pirates of the Caribbean: The Curse of the Black Pearl ဇာတ်ကားနဲ့ အထူးထင်ရှားလာတဲ့ ရုပ်ရှင်သရုပ်ဆောင် အော်လန်ဒို ဘလွမ်းမ် အကြောင်း ဆက်လက်တင်ပြပေးပါဦးမယ်။

သူ့ကို ၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့၊ အင်္ဂလန်နိုင်ငံ ကင်တာဘာရီမှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ဖခင်က Herry Bloom ဖြစ်ပြီး၊ လူထုအခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ သူ့ အသက် ၄ နှစ်သားမှာပဲ ဖခင်ဖြစ်သူဟာ လေဖြတ်ပြီး ကွယ်လွန်သွားခဲ့တာကြောင့် မိခင်(Sonia) ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာသူပါ။

သူဟာ ကင်တာဘာရီမှာရှိတဲ့ St. Edmunds School ကိုတက်ရောက်ခဲ့ပါတယ်။ အနုပညာအလုပ် အတော်များများကို လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းကပွဲတွေမှာ ပါဝင် ကပြခဲ့သလို ကိုယ့်အရပ် ကိုယ့်ဇာတ် ဖျော်ဖြေမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူက ကဗျာစာပေ ရေးသားခြင်းကို အားပေးတာကြောင့် ကဗျာတွေလည်း ရေးသားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် British American Drama Academy မှာ ပညာသင်ဆု ရရှိခဲ့ပြီး၊ အခြား လူငယ် သရုပ်ဆောင်တွေလိုပဲ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ၁၉၈၆ မှာ Casuality ၊ ၁၉၉၇ မှာ Mdisomer Murder ၊ ၁၉၉၉ မှာ Smack the Pony ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

သူဟာ ၂၀၁၀ ခုနှစ်မှာ ဇူလိုင် ၂၂ ရက်နေ့မှာ Miranda Kerr နှင့် အိမ်ထောင်ကျခဲ့ပြီး ကလေးတယောက် မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ တရားဝင် ကွာရှင်းတာမျိုး မဟုတ်ဘဲ ကွဲကွာ နေတယ်လို့ သိရပါတယ်။

သူပြောတဲ့ မှတ်သားစရာ စကားတချို့ကို ဆက်လက်တင်ပြပါဦးမယ်။

ချစ်ခြင်းတရားနဲ့ ပတ်သက်ပြီး “ကျနော်ဟာ ချစ်ခြင်းထဲမှာ ချစ်နေမိတာပါ။ အဲဒီလို ချစ်နေချိန်မှာ သူမ အကြောင်း မစဉ်းစားဘဲ မနေနိုင်အောင်ပါပဲ” လို့ ဆိုပါတယ်။ သူ့ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း “ကျနော် လုပ်ကိုင်နေရတဲ့ အလုပ်က မာရသွန် အပြေးသမားတယောက်လိုပါပဲ။ မြန်မြန်ပြေးဖို့ ဆိုပြီး ကျနော် မမြင်ပါဘူး။ ရေရှည်ခံနိုင်ရည်က အဆုံးအဖြတ် ပေးသွားမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။    


နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved