ဟိုဟိုဒီဒီ Mobile App သုံးကာ လမ်းစရိတ်အတူရှယ်ပြီး တက္ကစီစီးနိုင်ပြီ

Thursday, May 7, 2015


ရန်ကုန်မြို့တွင်းမှာ တက္ကစီငှားစီးမယ့် ခရီးသည်အချင်းချင်း ကုန်ကျစရိတ်ကို မျှခံရှင်းရင်း အငှားကားတက္ကစီ တွေစီးနင်းမယ့် ကုန်ကျစရိတ်ကို ချွေတာပေးနိုင်တဲ့ Moblie Application တခုကို Synapse Original ကုမ္ပဏီကနေ ထုတ်လုပ်လိုက်ပါပြီ။

အဲဒီ Application နာမည်ကိုတော့ HoHo-DeDe (ဟိုဟိုဒီဒီ)လို့ အမည်ပေးထားပြီး App ကို မေလ ၇ ရက်နေ့၊ ကြာသပတေးနေ့က စပြီး Play Store မှာ Download ဆွဲယူပြီး အခမဲ့အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

App ကို အသုံးပြုပြီး ခရီးစဉ်တွေကို ကြိုတင်စီစဉ်တာဖြစ်ဖြစ်၊ ချက်ချင်းစီစဉ်တာမျိုးဖြစ်ဖြစ် ပြုလုပ်နိုင်မှာပါ။ ကိုယ့်အနီးနားဝန်းကျင်မှာရှိတဲ့ App အသုံးပြုသူတွေရဲ့ သွားမယ့်ခရီးစဉ်၊ သွားမယ့်လမ်းကြောင်းတွေကို App မှာ တွေ့ရမှာဖြစ်ပြီး App ကိုအသုံးပြုနေတဲ့အခါမှာလည်း အင်တာနက်ရှိဖို့လိုအပ်ကာ ကိုယ့်တည်နေရာကို ဖော်ပြပေးတဲ့ GPS ကိုလည်း ဖွင့်ထားဖို့ လိုအပ်ပါတယ်။

“ဒီ Application မှာ ကျနော်တို့ Service ၃ ခု ပေးထားတယ်။ ပထမတခုက ချက်ချင်းသွားမယ် Instant Ride ပေါ့။ ချက်ချင်းပဲ ဒီကို ရောက်တယ်၊ ချက်ချင်း ဒီနေရာကနေ သွားမယ်။ ချက်ချင်းရှာလို့ရတယ်။ နောက်တခုက ကြိုပြီး စီစဉ်ထားတာ Organized Ride ပေါ့၊ ဒီနေ့မသွားသေးဘူး မနက်ဖြန်မှသွားမယ်၊ အဲဒါကို ကြိုပြီး စီစဉ် ထားတာ။ နေ့စဉ် ကိုယ်သွားမယ့် အချိန်တွေကိုလည်း ကြိုပြီးတင်ထားလို့ရတယ်။ နောက်ဆုံးတခု Ladies Only အမျိုးသမီးချင်း သီးသန့်စီးနိုင်အောင် ရှာဖွေလို့ရမယ့် Feature ပေါ့” လို့ Synapse ကုမ္ပဏီရဲ့ Senior Web Developer ကိုသီဟတင်မောင်အေးက ဧရာဝတီကို ပြောပါတယ်။

သူကဆက်ပြီး “ရန်ကုန်မြို့မှာနေတဲ့ ပြည်သူလူထုတွေကြား ဘာတွေလိုအပ်နေလဲဆိုတာ ကျနော်တို့ သေချာ Research လုပ်ပြီး ဒီ Application ထုတ်ထားတာပေါ့။ အဓိကရည်ရွယ်ချက်က ရန်ကုန်မြို့မှာ နေထိုင်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝတွေမှာ ဘာတွေလိုအပ်ချက်ရှိနေလဲ၊ ဒီလူနေမှုဘဝတွေကို ဒီထက် မြင့်မားသွားအောင် ဘာတွေ ထပ်လုပ်ရင်ကောင်းမလဲဆိုပြီး ကျနော်တို့ Synapse Original ကုမ္ပဏီကနေ စဉ်းစားမိပြီး ဒီ App ကို ကျနော်တို့ ဆီမှာရှိတဲ့ Mobile Developer တွေနဲ့ပေါင်းပြီး ရေးသား ထုတ်လုပ်လိုက်တာပါ” လို့ ဆိုပါတယ်။

အဲဒီ App ကို အသုံးပြုရင်း ကိုယ့်အနီးနားမှာရှိတဲ့ ခရီးစဉ်လမ်းကြောင်းတူတဲ့ ခရီးသည်အချင်းချင်း တက္ကစီကို မျှပြီးငှားတဲ့အခါ မိန်းကလေးချင်းပဲ သီးသန့် ချိတ်ဆက်ပြီး စပ်တူငှားစီးချင်တယ်ဆိုရင်လည်း Ladies only Feature ကို အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်မြို့မှာ တနေရာနဲ့ တနေရာသွားလာတဲ့အခါ ဘတ်စ်ကား၊ ရထားကြပ်ကြပ်တွေ မစီး လိုသူတွေ တက္ကစီငှားစီးတဲ့အခါ ဈေးနှုန်းမြင့်မားခြင်းကိုလည်း လျှော့ချပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ လူတန်းစားမရွေး၊ လူတိုင်းနီးပါး တက္ကစီခကို share လုပ်ပြီး စီးနိုင်အောင် ရည်ရွယ်ထားတယ်လို့ ကိုသီဟတင်မောင်အေးက ဆိုပါတယ်။

ဒီ App ကို Android OS အသုံးပြုဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး PC မှာလည်း Web Version အနေနဲ့ www.hoho-dede.com ဆိုပြီး သုံးနိုင်မှာဖြစ်ပါတယ်။ iOS သုံးဖုန်းတွေအနေနဲ့က Browser ကနေ တဆင့်ဝင်ပြီး web version သုံးလို့ ရအောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ App အသုံးပြုလိုသူတွေက အရင်ဆုံး မိမိရဲ့ Gmail သို့မဟုတ် Facebook နဲ့ Register လုပ်ပြီး Account တခု ပြုလုပ်ကာ သုံးစွဲရမှာပဲ ဖြစ်ပါတယ်။

HoHo-DeDe Mobile Application ဟာ လက်ရှိမှာ တက္ကစီဝန်ဆောင်မှုကို စတင်လုပ်ဆောင်နေပြီး အများ ပြည်သူသုံး လမ်းပန်းသွားလာရေး စနစ် မြင့်မားစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာသာမက နေပြည်တော်၊ မန္တလေးတို့လို မြို့ကြီးတွေမှာပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved