အဓိပ္ပာယ်များနဲ့ မင်းသမီးလေးရဲ့ အမည်

Tuesday, May 5, 2015



photo - www.today.com

ဗြိတိသျှမင်းသား ၀ီလီယံနဲ့ မင်းသမီး ကိတ်တို့ရဲ့ မွေးကင်းစ မင်းသမီးလေးရဲ့တရားဝင်အမည်ကတော့ ရှားလော့ အဲလစ်ဇဘက် ဒိုင်ယာနာဖြစ်ပါတယ်။ မင်းသား ၀ီလီယံတို့ ဇနီးမောင်နှံကတော့ မွေးဖွားလာတဲ့ သမီးရတနာလေးကို ရှားလော့လို့ အမည်ပေးခဲ့ပါတယ်။ မင်းသမီးငယ်လေးရဲ့ နာမည် အလယ်စာလုံးကတော့ အဲလစ်ဇဘက်ဖြစ်ပြီး အဘွားတော်သူ ဘုရင်မကြီးရဲ့ အမည်ကို ယူထားခြင်းဖြစ်ပါတယ်။ မင်းသမီးငယ်လေးရဲ့ နာမည် နောက်ဆုံးစာလုံးမှာတော့ ဒိုင်ယာနာဖြစ်ပြီး မင်းသား ၀ီလီယံရဲ့ မိခင်ဖြစ်သူ၊ မင်းသမီးလေးရဲ့ အဖွားတော်စပ်သူ ဒိုင်ယာနာမင်းသမီးရဲ့ အမည်ကို မှည့်ယူထားခြင်းပါ။

ရှားလော့ဆိုတာကတော့  မင်းသမီးလေးရဲ့ အဘိုးဖြစ်သူ ဝေလမင်းသားကြီး ချားလ်ရဲ့ အမည်ကို မှီငြမ်းခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။  ကင်းဘရစ်မြို့စားမင်းသမီးလေးရဲ့မိခင်ဖြစ်သူ ကာရိုး မစ်ဒယ်တန်ရဲ့ အမည်ဟာလည်း ချားလ်ဆိုတဲ့ နံမည်နဲ့ အဓိပ္ပါယ်စပ်ဆက်မှုရှိတာမို့ မင်းသမီးလေးရဲ့ နာမည်ဟာ ပြည့်စုံလို့နေပါတယ်။

ရှားလော့ဆိုတဲ့ နာမည်ဟာ တော်ဝင်တဲ့ နံမည်ဖြစ်သလို မကြာသေးမီနှစ်များက လူအများ အသုံးပြုကြသော နံမည်ကြီးတဲ့ အမည်လည်း ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ရှားလော့ဆိုတဲ့ နာမည်ဟာ လူအများဆုံး မှည့်ခေါ်အသုံးပြုတဲ့ အမည် (၁၀)ခု စာရင်းထဲမှာ အပါအ၀င်ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာတော့ လက်ရှိ ပေါ်ပြူလာအဖြစ်ဆုံး အမည်စာရင်းထဲရဲ့ နံပတ် (၂၀) နေရာမှာ ရှိပါတယ်။ စကော့တလန်နိုင်ငံမှာတော့ ရှားလော့ဆိုတဲ့ နာမည်ဟာ အကျော်ကြားဆုံးနာမည် စာရင်းရဲ့ (၂၁)နေရာမြောက်မှာရှိပြီး ဝေလ၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံမှာတော့ အမှည့်အများဆုံး နံမည် (၅၀)ထဲမှာ ပါဝင်လျက် ရှိပါတယ်။ ရှားလော့ဆိုတဲ့ နာမည် ကို အမျိုးသားများအတွက်တော့ ချားလ်လို့ မှည့်ခေါ်အသုံးပြုတတ်ကြပြီး အဓိပ္ပါယ်ကတော့ “လွတ်လပ်သောသူ” လို့ ဆိုပါတယ်။


အမေရိကန်တော်လှန်ရေးခေတ်က အုပ်စိုးမင်းလုပ်ခဲ့သူ တတိယမြောက် ဂျော့ဘုရင်၏ ကြင်ယာတော် မိဖုရားရဲ့ အမည်ဟာလည်း ရှားလော့ဖြစ်ခဲ့ပြီး ၄င်းတို့ရဲ့ သမီးတော်ကိုလည်း ရှားလော့လို့ အမည်ပေးခဲ့ပါတယ်။ အဲလစ်ဇဘက်ကတော့ ဟေဗရူးအမည်ဖြစ်ပြီး “ဘုရားသခင်ထံသို့ ကတိပြုအပ်နှံထားခြင်း”လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီနာမည်ဟာ ကမ္ဘာ့အနောက်နိုင်ငံတွေမှာတော့ ခေတ်အဆက်ဆက်က မှည့်ခေါ်ခဲ့ကြတဲ့ အမျိုးသမီး အမည်တစ်ခုလည်း ဖြစ်ပါတယ်။ တော်ဝင်သူတွေ ကြိုက်နှစ်သက်ကြတဲ့ အဲလစ်ဇဘက်ဆိုတဲ့ အမည်ဟာ အမေရိကန်နိုင်ငံမှာတော့ လူအများဆုံးမှည့်ခေါ်တဲ့ နာမည်များထဲက နံပတ်(၁၀)နေရာမှာရှိပြီး အင်္ဂလန်နိုင်ငံမှာတော့ (၃၇)ခုမြောက် နေရာမှာရှိပါတယ်။ ဝေလ၊ စကော့တလန်နဲ့ အိုင်ယာလန် နိုင်ငံများမှာတော့ အမျိုးသမီးများကို မှည့်ခေါ်လေ့ရှိတဲ့ ထိပ်ဆုံးအမည် (၁၀၀)စာရင်းမှာ ပါဝင်ပါတယ်။

ကလေးငယ်ရဲ့ နာမည်နောက်ဆုံးစာလုံးဖြစ်တဲ့ ဒိုင်ယာနာဆိုတာကတော့ မင်းသားဝီလီယံရဲ့ ကွယ်လွန်သူ မိခင်ကို ရည်ညွှန်းပြီး ပေးတဲ့အမည်လည်း ဖြစ်ပါတယ်။ ဒိုင်ယာနာဆိုတဲ့ နာမည်ဟာ ဒဏ္ဏာရီလာ ရောမ နတ်ဘုရားမများထဲက အမဲလိုက်သော နတ်ဘုရားမနဲ့ လ နတ်ဘုရားမရဲ့အမည်နာမဖြစ်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း ။  ။ http://www.today.com/parents/britains-baby-princess-named-charlotte-elizabeth-diana-t19096?cid=par-huffpost-gravity

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved