Impala နဲ့ Impreza မှာ ဘယ်မော်ဒယ်ကိုရွေးမလဲ

Monday, May 25, 2015


Sabura Impreza



ဒီတပတ်မှာတော့ ကျနော်တို့ အကြမ်းခံ ကားကောင်းကောင်းတွေဖြစ်တဲ့ Impala နဲ့ Impreza မော်ဒယ်နှစ်ခုထဲက စိတ်ကြိုက်ဖြစ်မယ့် မော်ဒယ်ကို ရွေးထုတ်လိုက်ရအောင်။ ဒါပေမယ့် ခေါင်းစဉ်မှာ ကျနော် ပေးထားသလိုမျိုးပဲ တကယ်တမ်းက မော်ဒယ်နှစ်ခုစလုံးအနေနဲ့ Sedan တန်းဝင် မော်ဒယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် Impala က Sedan ပုံစံအပြည့်ရှိတာ တွေ့နိုင်ပေမယ့် သူနဲ့ ယှဉ်ကြည့်မယ့် Impreza ကတော့ ဆီဒင် ပုံစံဆိုတာထက်  Muscle ကားပုံစံမျိုး ချိုးဆစ်ထားတာ တွေ့နိုင်ပါတယ်။

ဒီတော့ ပုံစံလေးကွဲသွားရုံနဲ့ ဘာတွေ ကွာခြားသွားသလဲဆိုတော့  Impala ကို မြို့တွင်းသုံးအနေနဲ့ရော ပွဲတက်အနေနဲ့ပါ သုံးနိုင်ပေမယ့် လမ်းကြမ်းမောင်းနှင်ဖို့ ဒီလောက်ကြီး မသင့်လျော်တဲ့ အချိန်မှာ Impreza ကတော့ ပွဲတက်အနေအထားမျိုးအတွက် အဆင်မပြေလောက်ပေမယ့် လမ်းကြမ်းနဲ့ ခရီးဝေးစိတ်ကြိုက် မောင်းနှင်နိုင်မှု အနေအထားတွေမှာ အားကောင်းသွားတော့တာပဲ ဖြစ်ပါတယ်။ ဒီလိုမော်ဒယ်တခုနဲ့ တခု အားသာချက်ချင်း မတူညီတဲ့ မော်ဒယ်နှစ်ခုကို ကျနော်က နှိုင်းစာပြဖို့ စဉ်းစားမိတာကလည်း စာဖတ်သူတို့ အနေနဲ့ စိတ်ကြိုက်ဖြစ်မယ့်၊ အသုံးဝင်မယ့် မော်ဒယ်ကို ရွေးချယ်နိုင်စေချင်တာကြောင့် ဖြစ်ပါတယ်။

အားသာချက်

Impala ရဲ့ အဓိက အားသာချက်က အတွင်းပိုင်း တည်ဆောက်မှု ပုံစံဖြစ်ပြီးတော့ ကြည့်ကောင်းတယ် ဆိုတာထက် ရေရှည်အတွက် အသုံးခံနိုင်အောင် ဖန်တီးထားတာမျိုး ဖြစ်ပါတယ်။ အသက်ကယ် လေအိတ် စနစ်လိုအပိုင်းတွေနဲ့ Featureတွေလည်းအဆင့်မြင့်သလိုအသုံးလည်းတည့်စေပါတယ်။ နောက်ဆုံး တချက်ကတော့ နောက်ဘက် အတွင်းခန်းအနေအထား ဖြစ်ပြီးနောက်ဘက်ခန်းက ကျယ်ဝန်းတာကြောင့် လိုက်ပါ စီးနင်းမယ့် ခရီးသည်တွေအတွက် စိတ်ကြိုက်ပါပဲ။

Impreza ရဲ့ ကောင်းကွက်တခု ဖြစ်တဲ့ လေးဘီးယက်စနစ် ဖြစ်ခြင်းကနေ စပြောပါ့မယ်။ ဒီစနစ်ကြောင့် မော်ဒယ်က ရုန်းအားပိုကောင်းလာတယ်၊ ပြေးနှုန်းပိုတက်လာတယ်၊ အရှိန်ပိုမြန်လာတယ်။ ကောင်းတယ်။ နောက်တချက် မြန်မြန်မောင်းနိုင်တဲ့ ကားတွေအတွက် အသက်က လက်ကိုင်နဲ့ ဘရိတ် Imprza က စိတ်ချ ယုံကြည်ရလောက်တဲ့ လက်ကိုင်စနစ်ကို တပ်ဆင်ထားတယ်။ Power Steering လို့ဆိုရအောင်ဗျာ။ နောက်ပြီးဘရိတ်ပိုင်းကတော့ အထူးကောင်းဆိုတဲ့ အဆင့်ထိမရောက်ပေမယ့် မဆိုးလှပါဘူး။

အားနည်းချက်

Impala  မှာ အင်ဂျင်စနစ် တော်တော်များများကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပေမယ့် လေးလုံးထိုး အင်ဂျင်စနစ်နဲ့ လာတဲ့ မော်ဒယ်တွေကတော့ စွမ်းဆောင်ရည် အပိုင်းမှာ ပုံမှန်ထက် အားနည်းတာတွေ့ရပါတယ်။ ပြီးတော့ နောက်ဘက် မြင်ကွင်းကို ရိုက်ပြမယ့် နောက်ဘက် ကင်မရာရဲ့ Resolution လို့ ဆိုရမယ့် ကြည့်လင် ပြတ်သားမှု အားနည်းတာကြောင့် နောက်ထပ် အဆင့်မြှင့်ရတာမျိုးတွေ လုပ်ဆောင်ရမယ် ထင်ပါတယ်။

Impreza ရဲ့ အားနည်းချက် အပိုင်းကဆိုရင်တော့ အဓိကအနေနဲ့ တချက်ပဲ ပြောစရာလောက်လောက် လားလားရှိတယ်။ အဲဒါ ဘာလဲဆိုတော့ နားကလောစရာပါ။ ဘာကို နားကလောတာလဲဆိုရင်တော့ အင်ဂျင်ရဲ့ ဆူညံသံ။ Subaru ရဲ့ ထွက်သမျှ မော်ဒယ် တော်တော်များများမှာ ဒီပြဿနာ ဖြစ်တတ်တာ အားလုံးသိပါတယ်။ ဒီလိုပါပဲ အခုမော်ဒယ်မှာလည်း အင်ဂျင်သံက ပုံမှန်ထက် ဆူညံနေတာ တွေ့ရပါတယ်။


Chevy Impala
 ကားဘော်ဒီပိုင်း

Impala ရဲ့ ကိုယ်ထည်ပိုင်းမှာတော့ အရောင် ရွေးချယ်နိုင်မှုအတွက် စုစုပေါင်းအရောင် ၁၁ ရောင် လောက်ထိအောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အတွင်းဘက် ဒီဇိုင်းကတော့ သားရေ၊ အထည်နဲ့ Plastic ဦးစားပေးပုံစံ ၅ မျိုးရနိုင်ပါတယ်။ မော်ဒယ်က အကြီးစားတန်းဝင် ဆီဒင်ဖြစ်ပြီးတော့ အလျားက ၁၆ ပေနဲ့ ၉ ဒသမ ၃ လက်မရှိမှာ ဖြစ်ပြီးမျက်နှာစာအကျယ်ကတော့ ၆ ပေနဲ့ ၁ လက်မ ဖြစ်ကာအမြင့်ကတော့ ၄ ပေနဲ့ ၁၀ ဒသမ ၉ လက်မရှိမှာပါ။ အတွင်းခန်းအနေအထားကို ကြည့်မယ်ဆိုရင် ရှေ့ဘက်ခန်းက ၅၈ လက်မနီးပါးနဲ့ နောက်ဘက်ခန်းကတော့ ၅၇ လက်မထိအောင် ရှိမှာလည်း ဖြစ်ပါတယ်။

Impreza ရဲ့ အရောင်ရွေးချယ်နိုင်မှုအဖြစ်နဲ့ လူကြိုက်များတဲ့ အရောင်တွေဖြစ်တဲ့ ငွေမင်ရောင်၊ ပုလဲ နက်ရောင်တွေအပါအဝင် တခြားအရောင် ၇ ရောင် ထုတ်လုပ်တာ တွေ့ရသလိုအတွင်းဘက်ပိုင်းကတော့ အနက်နဲ့ အထည်အရောကိုပဲ ရပါလိမ့်မယ်။ ကိုယ်ထည်ရဲ့ အလျားက ၁၅ ပေနဲ့ ၁ လက်မနီးပါးရှိမှာဆိုတော့ ဆီဒင်ထဲမှာအလျားရှည်တယ်လို့ ဆိုနိုင်မှာဖြစ်ပြီး မျက်နှာစာက ၅ ပေနဲ့ ၉ လက်မနီးပါးရှိပါမယ်။ အလျားရှည်တော့ တခုကောင်းတာက ခရီးသည် လိုက်ပါခန်းမှာ ဖြစ်စေ၊ နောက်ဘက် ဝန်တင်ခန်းမှာဖြစ်စေ နေရာပိုကျယ်မှာ ဖြစ်ပြီးတော့ မြို့တွင်းလမ်းတွေအတွက်တော့ လမ်းကြောင်းပြောင်းဖို့ ခက်ခဲစေနိုင်တာလည်း ကြုံရနိုင်ပါတယ်။

အင်ဂျင်ပိုင်း

Impalaမှာ ၂ ဒသမ ၅ လီတာသုံးလေးလုံးထိုးအင်ဂျင်စနစ်နဲ့လည်းရနိုင်သလို ၃ ဒသမ ၆ လီတာသုံးV6 အင်ဂျင်နဲ့လည်းရနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ V6 ကိုပဲအားပေးချင်ပါတယ်။ အင်ဂျင်သံလည်း တည်ငြိမ်ကောင်းမွန်တာ တွေ့ရသလို စွမ်းဆောင်ရည်လည်း ကောင်းမွန်ပါတယ်။ အင်ဂျင်က လည်ပတ်အား တမိနစ် အပတ် ရေ ၅၂၀ဝ မှာ ရုန်းအား ၂၆၄ ပေ-ပေါင်ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၅ ကောင်အားထိအောင်ရှိမှာလည်းဖြစ်ပါတယ်။
Impreza မှာတပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်ရင် အလေးချိန် ပေါင် ၃၀ဝ၀ နီးပါးရှိမယ့် ဆီဒင်တစီးအတွက် ၂.ဝ လီတာသုံးလေးလုံးထိုးအင်ဂျင်က ဒီခေတ်အတွက် နည်းနည်းလောက် နောက်ကျန်ခဲ့သလိုပါပဲ။ သူ့ရဲ့ ရုန်းအားက ၁၄၅ ပေ-ပေါင် မှာထွက်ရှိလာမယ့် စွမ်းအင်ပမာဏဖြစ်တဲ့ မြင်းကောင်ရေ ၁၄၈ ကောင်အားကို မြင်ရပြန်တော့လည်း ကျနော် အပြစ်တင်မယ်လို့ ရည်ရွယ်ထားတဲ့ စကားလုံးတွေ ပျောက်သွားရပြန်ရောဗျာ။ အင်ဂျင်ရဲ့ တမိနစ် လည်ပတ်အား ၆၂၀ဝ ကတော့ ပုံမှန်ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု တနာရီ ကီလိုမီတာတရာကို အချိန် ၅ စက္ကန့် ဝန်းကျင်လောက်ထိအောင် ယူမယ်ဆိုတာကသင့်လျော်ပါတယ်။

တခြား Impala ရဲ့ စွမ်းဆောင်ရည်အပိုင်းမှာတော့ အထက်မှာပြောခဲ့တဲ့ V6 အင်ဂျင်ကိုရှေ့ဘီးယက် စနစ်နဲ့ ချိတ်ဆက်ထားပြီးAutoစနစ်နဲ့ ဂီယာချက် ၆ ချက်ကိုသုံးကာမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုကတော့ တနာရီမိုင် ၆၀ နှုန်းကိုအချိန် ၆ ဒသမ ၅ စက္ကန့်လောက်ပဲ ကြာမှာ ဖြစ်ပါတယ်။ Impalaရဲ့ ပျမ်းမျှ ဆီစားနှုန်းက V6 မော်ဒယ်တွေဆိုရင် ဆီတဂါလန်ကို ၂၄ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ မြို့တွင်းလမ်းကြောင်းတွေမှာဆိုရင်တော့ ၁၈ မိုင် လောက်ထိအောင်ပဲရမှာ ဖြစ်ပြီး Highway ဆိုရင် တော့ ၂၈ မိုင်လောက်ထိအောင် ရမှာပါ။
Impreza ကတော့ လေးဘီးယက်စနစ်အတွက် အသုံးပြုနိုင်မယ့် ဂီယာချက်က ၅ ချက် ဖြစ်ပြီးတော့ Manual စနစ်နဲ့ ဆိုရင် အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်း အားနည်းမှာဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှုနှုန်းကိုတော့ အားကောင်းသွားစေပါမယ်။ ပျမ်းမျှ ဆီတဂါလန်ကိုမိုင် ၃၀ လောက် စီးနိုင်မယ်ဆိုရင် ဆီဒင်တစီးအတွက် လုံလောက်ပြီလို့ သင်ထင်လား။ ထင်တယ်၊ လက်ခံတယ်ဆိုရင် Impreza က သင့်အတွက် အဆင်သင့်ပါပဲ။ မြို့တွင်းလမ်းကြောတွေမှာဆီတဂါလန်ကို ၂၆ မိုင်နှုန်းနဲ့ အဝေးပြေးလမ်းတွေမှာဆိုရင် ၃၄ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့ ဘယ်မော်ဒယ်ကိုစိတ်ကြိုက်တွေ့မိပါသလဲ။ ကျနော့် မျက်စိထဲမှာတော့ ဝေခွဲရ ခက်နေပါတယ်။ ဒါပေမယ့် တခုရှိတာက မော်ဒယ်နှစ်ခုကြား အဓိကကွာဟချက်ဖြစ်တဲ့ အချောသုံးမှာလား၊ အကြမ်းသုံးမှာလားဆိုတဲ့ မေးခွန်းကို ကိုယ်တိုင် ဖြေကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ အဆင်ပြေမယ် ထင်ပါတယ်နော်။


လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved