စွမ်းဆောင်ရည်ပြည့် ကုန်ကား Porter II

Wednesday, May 20, 2015




photo-autotrade.com

လက်ရှိ ပြည်တွင်းဈေးကွက်မှာက Porter II ရဲ့ ဈေးကွက်နေရာက တခြားမော်ဒယ်တွေနဲ့စာရင် နည်းနည်းပျောက်နေသလိုပါပဲ။ အကြောင်းကတော့ လူကြိုက်များနေတာက အရင်ကတည်းက သုံးနေခဲ့တဲ့ Toyota TownAce တွေဖြစ်ပြီးတော့ အဆိုပါ မော်ဒယ်တွေကတော့ ကိုယ်ထည် အလယ်အလတ်တန်းစား မော်ဒယ်တွေဖြစ်ပြီးတော့ သူတို့ထက်ငယ်တဲ့ အတန်းအစားထဲကဆိုရင် Carry တွေ Hiject တွေ လူကြိုက်များနေသလို သူတို့ထက် ပိုပြီးကြီးသွားတဲ့အထဲကဆိုရင် KIA Bongo III လို မော်ဒယ်တခုတည်း လောက်ပဲ ဈေးကွက်ဝယ်အား ရှိနေတာပါ။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ KIA Bongo  က ကိုယ်ထည်လည်း မြင့်ပြီးပြောရရင် အဟန့်လှတာကြောင့် လူကြိုက်များတာပါ။ စွမ်းဆောင်ရည်ပိုင်းနဲ့ အရည်အသွေးပိုင်းလို နေရာတွေမှာဆိုရင်တော့ အခုပြောမယ့် Porter II ကလည်း Bongo တွေနဲ့ ဒီလောက်ကြီးကွာဟလှတဲ့ အနေအထားမျိုးမှာတော့ မရှိပါဘူး။

အခု ကျနော်ပြောတဲ့ မော်ဒယ်က Porter II မော်ဒယ်၊ သူကတခြားကိုရီးယားကားတွေလောက် ဒီလောက်ကြီး လူသိများ၊ လူကြိုက်များတာမဟုတ်ဘူး၊ ပြောရရင် Bongo III ခံနေလို့၊ သူတို့က နောက်ဘက်ခန်းလည်း ပါရှိတတ်သလို ဝန်လည်းတင်ရတယ်၊ အိမ်စီးလည်းလုပ်ရတယ်၊ ဒီအားသာချက်တွေကြောင့် ဈေးကွက်မှာ လူကြိုက်များနေတာဖြစ်ပြီး Porter II ကတော့ ကုန်တင်သက်သက် ပုံစံ ဖြစ်နေတာကြောင့် အိမ်စီးပုံစံနဲ့ပါ သုံးချင်တဲ့သူတွေက Bongo ဘက်ကိုပဲဦးတည်နေကြတော့တာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေအထားချင်း ကွာခြားချက်ကို ကြည့်မယ်ဆိုရင်လည်း Porter II ကဒီလောက် ဈေးမများပါဘူး။ အလွယ်တမ်းပြောရရင် Bongo ထက်တောင် ဈေးချိုချင်ပါသေးတယ်။ ၂၀ဝ၇ ခုနှစ် လောက်က ထုတ်ထားတဲ့ မော်ဒယ်တွေ ဈေးကွက်မှာ လွယ်လွယ်ရနေနိုင်တာတွေ့ရပြီးတော့ အဆိုပါ မော်ဒယ်တွေက အရည်အသွေးပိုင်း လည်း အဆိုးကြီးအနေအထားမဟုတ်ပါဘူး။ နောက်ပြီး အင်ဂျင်ပိုင်းအနေအထားကို ကြည့်မယ်ဆိုရင်လည်း ၂ ဒသမ ၅ လီတာသုံး အင်ဂျင်စနစ်က အသေးစားကုန်တင်ယာဉ်တစီးအတွက် အနေတော်ပါ။

ဒီထက်သာ အင်ဂျင်စနစ် ပိုပြီးကြီးမယ်ဆိုရင် လုပ်ငန်းအတွက် ဆီစားနှုန်းနဲ့တွက်ခြေမကိုက်နိုင်တာလည်း ဖြစ်ပါတယ်နော်။ ဈေးနှုန်းအပိုင်းမှာကလည်း သိန်း ၁၀ဝ ဝန်းကျင်လောက်နဲ့ဆိုတဲ့ ပုံစံက လူတိုင်း လက်လှမ်းမီနိုင်တဲ့အနေအထား ဖြစ်သလို ကိုယ်ထည်ပိုင်း တောင့်တင်းမှုနဲ့ရေရှည်အသုံးခံနိုင်မှု အနေအထားတွေကစိတ်ကြိုက်တွေ့မိနေပါတယ်။ ဒီတော့ ကျနော်ကတော့ Bongo လိုနောက်ဘက် ဝန်တင်ခန်းကျဉ်းတဲ့ မော်ဒယ်ထက်စာရင် လုပ်ငန်းသုံးအတွက် Porter II ကိုရွေးချယ်သင့်တယ်လို့ ပြောလိုက်ပါရစေ။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved