Volkswagen ရဲ့ ရှားရှားပါးပါး SUV (သို့မဟုတ်) Touareg

Tuesday, May 5, 2015


photo-edmunds.com

Volkswagenရဲ့ မော်ဒယ်တွေက ပြည်တွင်းနဲ့ စိမ်းနေတာတော်တော်လေးတော့ ကြာနေပြီ ဆိုရမှာပါ။ ဒါပေမယ့် လူတိုင်းကတော့ VW ကိုသိနေတုန်းပါပဲ။ ဒါကလည်း တခြားကြောင့်တော့မဟုတ်ပါဘူး။ တချိန်က ပြည်တွင်းမှာ အစီးများ၊ အသုံးများနေချိန်ကတည်းက VW ရဲ့ ကောင်းကြောင်းက သတင်းမွှေးခဲ့လို့ပေါ့။ ဒါဆို VW ရဲ့ မော်ဒယ်တွေက ကောင်းရဲ့သားနဲ့ ဘာလို့ ဒီနေ့ဈေးကွက်မှာ သိပ်မရှိတော့တာလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။

အဲဒီအတွက် အဖြေကတော့

သူကိုယ်တိုင်က မြန်မာပြည်ဈေးကွက်ကို မော်တော်ကားတင်သွင်းမှု လျော့ချလိုက်လို့၊ မတင်သွင်းတော့လို့၊ နောက်ပြီး ဘေးနားနိုင်ငံတွေကနေ ဂျပန်ကားတွေ ဒီဇိုင်းဆန်းဆန်း၊ ပုံစံစုံစုံနဲ့ ဈေးကွက်ဝင်လာတာတွေကြောင့်ပါ။ ကောင်းပါပြီ၊ ဒါဆိုဒီနေ့ ကျနော်တို့ မေ့ထားတာကြာပြီဖြစ်တဲ့ VW ရဲ့ မော်ဒယ်တခုဖြစ်တဲ့ Touareg နဲ့ ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ VW ကို မမေ့သေးတဲ့ သံယောဇဉ် လက်ကျန်မကုန်သေးတဲ့သူတွေအတွက် စီးချင် ၀ယ်ချင်ကြတယ်ဆိုရင် ၀ယ်နိုင်ကြအောင်လို့ပါ။ ဒီခေတ်ကလည်း မော်တော်ကားတွေ တင်သွင်းခွင့်ပေးနေချိန်ဆိုတော့ လူတိုင်းက ကိုယ်ကြိုက်တာ တင်သွင်းနေကြတာ ဖြစ်သလိုနောက်ဆုံး Lincoln ရဲ့ Navigator လိုမော်ဒယ်တောင်မှ ပြည်တွင်းမှာတွေ့နေရပြီ ဖြစ်တဲ့အတွက် အခုပြောမယ့် Touareg ကိုလည်း စိတ်ဝင်စားသူ ရှိမယ်ထင်ပါရဲ့။ ဒါဆို အခုကျနော်တို့ ဆက်ကြည့်ရအောင်ပါနော်။

အားသာချက်

အလယ်အလတ်တန်းစားအရွယ်ရှိ SUV တစီးအတွက် Hybrid စနစ်နဲ့ပါ ရွေးချယ်ဝယ်ယူနိုင်အောင် ဖန်တီး ထားတာက နှစ်သက်စရာဖြစ်ပြီးတော့ ပြောရမယ်ဆိုရင် ဒီအချက်ကြောင့်ပဲ မော်ဒယ်ရဲ့ ဆီစားများမှုကို လျော့ချပစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ VW က သူ့ရဲ့ မော်ဒယ်ကို Luxury ဆန်အောင် ဖန်တီးထားတာမဟုတ်ဘဲ Off-Road အတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် Ground-Clearance လည်းများပြားသလိုလမ်းကြမ်းမောင်းနှင်နိုင်မှုလည်းပိုမိုကောင်းမွန်တာတွေ့နိုင်ပါတယ်။ နောက်ဆုံးပြောချင်တဲ့ တချက်ကတော့ VW က Touaregရဲ့ ရှေ့ဖက် လေခွင်းပေါက် စနစ်တွေကို နဂိုကုမ္ပဏီရဲ့ ပုံစံအတိုင်း Steel အစင်းသားပုံစံနဲ့ ဖန်တီးထားတာက VWကို မှတ်မိပေါ်လွင်စေနိုင်တာဖြစ်ပြီး အောက်ဖက် လေခွင်းစနစ် တွေကတော့ Audi ရဲ့ SUV တွေနဲ့ ဆင်တူအောင် ဖန်တီးထားတာ တွေ့ရပါတယ်။

တည်ဆောက်မှု

ဥရောပအခြေစိုက် ကုမ္ပဏီထုတ် မော်ဒယ်ဖြစ်တာနဲ့အညီ မော်ဒယ်ကို အောက်ဖက် Frame ပိုင်းအထူး တောင့်တင်းခိုင်မာအောင် ဖန်တီးထားတာ တွေ့ရပြီး ကားအကြမ်းခံနိုင်မှုဆိုင်ရာ စစ်ဆေးချက်မှာ ကြယ်လေးပွင့်ခွဲ အနေအထားထိအောင် ရရှိထားတာက Luxury တန်းဝင် Crossover မော်ဒယ်တွေနဲ့တောင်မှ တန်းတူလိုက်နေတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ကိုယ်ထည်ပိုင်း တည်ဆောက်ပုံမျိုး မတွေ့ရဘဲ Wheelbase ကိုပုံမှန်ထက် ကျယ်ထားတာတွေ့နိုင်ပြီး အတွင်းခန်းပိုမို ကျယ်ဝန်းအောင် ဖန်တီးထားပါတယ်။ နောက်ဖက် ၀န်တင်ခန်း အပိုင်းမှာ ပုံမှန် မော်ဒယ်တွေထက် အနည်းငယ် ကျဉ်းမြောင်းပြီးအတွင်းခန်းတွေကတော့ ရှေ့ဖက် ၅၇လက်မခွဲနဲ့ နောက်ဖက်ခန်းက ၅၇လက်မရှိမှာဖြစ်လို့ ပုံမှန်ထက် နည်းနည်းပိုကျယ်ပါတယ်နော်။ အတွင်းခန်း တည်ဆောက်မှုအပိုင်းမှာ Controlတွေလည်း တပ်ဆင် ထားရှိမှုနည်းပါးသလို Feature ပိုင်းလည်း အသုံးပြု နိုင်မှု သိပ်မများလှဘဲ လုပ်ဆောင်ချက် တော်တော်များများကို Display စနစ်ကနေ Touch စနစ်နဲ့သွားမှာ ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း

တပ်ဆင်ထားတဲ့ အင်ဂျင်က   Hybrid စနစ်ပါ မော်ဒယ်မှာ ၃.၀ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာက နည်းနည်းပိုနေသလိုပါပဲ။ ဒါပေမယ့် ကျနော် လေ့လာကြည့်မိသလောက်တော့ VW က အခုမော်ဒယ်ကို ဆွီဒင်နဲ့ အီတလီတို့ကအစ နှင်းလမ်းလိုလမ်းလည်းချောနိုင်၊ လမ်းလည်း ကြမ်းနိုင်မယ့် အနေအထားမျိုးမှာ လုံခြုံစိတ်ချရမှု ကောင်းကောင်းရအောင် ဖန်တီးထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်ပဲထင်ပါတယ်၊ အင်ဂျင်က စွမ်းအင်ထွက်ရှိမှုအပိုင်းမှာ အားနည်းတာတွေ့နိုင်ပြီး ရုန်အားအပိုင်းမှာ ပိုကောင်းတာတွေ့ရပါတယ်။

မောင်းနှင်နိုင်မှု

အင်ဂျင်ရဲ့ စွမ်းအင်ထွက်ရှိမှုနှုန်းက Hybrid မော်ဒယ်မှာ မြင်းကောင်ရေ ၂၈၀ ထိအောင် ထွက်ရှိမှာ ဖြစ်တာကြောင့် စွမ်းအင်ထွက်ရှိမှု ကောင်းတယ်လို့ သတ်မှတ်နိုင်ပြီး တောင်တက်လမ်းနဲ့ လမ်းကြမ်းတွေ အတွက် ပိုပြီးသင့်တော် အံဝင်တာတွေ့ရပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက မထင်မှတ်ဘဲ ကောင်းမွန်နေပြန်ပြီး အကြီးစားပေါင် ၄၀၀၀ ကျော် လေးတဲ့ မော်ဒယ်က တနာရီမိုင် ၆၀နှုန်းကို အချိန် ၆စက္ကန့် ၀န်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ် ဆိုတဲ့အချက်က သဘောကျစရာပါ။ ဒါပေမယ့် တခုရှိတာကတော့ ကွေ့လမ်းမှာတော့ အရုန်းအားနည်းပြီး အရှိန်သေမှု မြန်တာကို တွေ့ရပါတယ်။

ဆီစားနှုန်း

မော်ဒယ်က Transmission ပိုင်းမှာ Auto စနစ်ကိုသုံးထားတာကလည်း ဆီစားများစေနိုင်တာ တွေ့ရသလို Drive စနစ်ကလည်း ဘီးစုံယက်စနစ်နဲ့ဆိုတော့ ပြောမနေပါနဲ့တော့။ နောက်ပြီး လည်ပတ်အားကလည်း များသေး၊ ၀န်တင်ဆောင် ရုန်းကန်နိုင်မှုကိုလည်း ပေါင် ၁၅၀၀ ၀န်းကျင်လောက်ထိအောင် ဖန်တီးထားတာဆိုတော့ ဆီစားများတာ အပြစ်မဆိုသာသလို ဖြစ်နေပါတယ်။ ခံသာသွားတာဆိုလို့ Hybrid စနစ် ထည့်သွင်းထားတာတခုပဲရှိပြီး အဆိုပါ စနစ်ကြောင့်ပဲ ဆီတဂါလံကို ပျမ်းမျှ ၂၂မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကို တွေ့ရသလို ဘီးစုံယက်စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းနဲ့ မကိုက်ညီဘဲ မြို့တွင်းလမ်းကြောင်းမှာ ဆီစားပိုများပြီး တဂါလံကိုမိုင် ၂၀လောက်ပဲ စီးနိုင်မှာ ဖြစ်ပေမယ့် အဝေးပြေး လမ်းကြောင်းတွေမှာ ဆိုရင်တော့ ဆီတဂါလံကို ၂၆မိုင် လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်လို့ တကယ်တမ်းအကြမ်းခံ SUVတစီးကို စဉ်းစားနေသူတွေအတွက်ကတော့ ဆီစားနှုန်းတခုကို မေ့ထားပေးမယ်ဆိုရင် ကျန်တာအားလုံးက Touaregမစွမ်းဆောင် ပေးနိုင်တာမရှိလောက်ပါဘူးလို့ ဆိုလိုက်ပါရစေဗျာ။

 
လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved