"Across" မှတ်တမ်းရုပ်ရှင်ကို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်အဖွင့် ရုပ်ရှင်အဖြစ် ပြမည်

Wednesday, June 10, 2015




“ရွှေ” ဂက်စ်ပိုက်လိုင်းတလျှောက် စီမံကိန်းကြောင့် ဒေသခံများအပေါ် သက်ရောက်မှုများအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကား “Across” ကို တတိယအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် အဖွင့်ရုပ်ရှင်အဖြစ် ပြသသွားမှာပါ။

ဒီရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

“Across” မှတ်တမ်းရုပ်ရှင်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချတဲ့ “ရွှေ” ဂက်စ်ပိုက်လိုင်း စီမံကိန်း တလျှောက်ရှိ ဒေသခံတို့ရဲ့ လူနေမှုဘဝနဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုများအကြောင်းကို မြန်မာလူငယ် ဒါရိုက်တာ ၃ ယောက်က ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်တခုရဲ့ အဖွင့်ရုပ်ရှင်ဟာ အင်မတန် အရေးကြီးသည့်အတွက် အဖွင့်ရုပ်ရှင်ကို ရွေးချယ်ရာမှာ ဂရုတစိုက် ရွေးချယ်ခဲ့ရကြောင်း၊ Across မှတ်တမ်းတင် ရုပ်ရှင်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ရုပ်ရှင်ကားတခု ဖြစ်ရုံ သာမက ရုပ်ရှင်ရိုက်ကူးပုံ အရည်အသွေးအားဖြင့်လည်း နိုင်ငံတကာအဆင့်မီသော ရုပ်ရှင်ကားတခု ဖြစ်ကြောင်း လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တည်ထောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

အဲ့ဒီ မှတ်တမ်းရုပ်ရှင်ကို လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံမှ သင်တန်းဆင်းကျောင်းသား ၃ ဦးဖြစ်တဲ့ ဖြိုးဇေယျာကျော်၊ ပြည့်ဇော်ဖြိုးနှင့် ကောင်းဆင့်တို့က ပူးပေါင်းရိုက်ကူးထားခြင်း ဖြစ်ပြီး မိနစ် ၉၀ ကြာမြင့်မယ်လို့လည်း သိရပါတယ်။

ကိုဖြိုးဇေယျာကျော်က “ရွှေဂက်စ်က ဒီမြန်မာပြည်မှာ တော်တော်များများ သတိထားမိတဲ့ စီမံကိန်းပေါ့။ မြန်မာပြည်ရဲ့ ဒေသ တော်တော်များများကိုလည်း ဖြတ်သွားတယ်။ ဖြတ်သွားတဲ့ ဒေသကလူတွေ သာမန် နေ့စဉ် လုပ်ရိုးလုပ်စဉ် နေနေတာကနေ ဒီဟာကြီး အနားရောက်လာတဲ့အခါမှာ သူတို့ဘယ်လို တုံ့ပြန်ကြသလဲ၊ ဘယ်လို ခံစားချက်တွေ ရှိကြသလဲ၊ အဓိက အဲဒီအကြောင်းလေးကို ပြောချင်တာပါ” လို့ သူက ဆိုပါတယ်။

အဲ့ဒီမှတ်တမ်းရုပ်ရှင်ကား ရိုက်ကူးဖို့အတွက် ပိုက်လိုင်းဖြတ်သန်းသွားရာ ဒေသများမှာ အကြိုကွင်းဆင်း လေ့လာမှုများ သွားရောက် ပြုလုပ်ခဲ့ချိန်က စလို့ ရုပ်ရှင်ထုတ်လုပ်ရေး အပြီးသတ်ချိန်အထိ အချိန် ၁၀ လ ခန့် ကြာမြင့်ခဲ့ကြောင်း ကိုကောင်းဆင့်က ဧရာဝတီကို ပြောပါတယ်။

ရုပ်ရှင်ကား ရိုက်ကူးစဉ်က တွေ့ဆုံမေးမြန်းခဲ့တဲ့ ပိုက်လိုင်းတလျှောက်ရှိ တိုင်းရင်းသားများ အပါအဝင် ဒေသခံပေါင်း ၃၀ ကျော်ကို ဇာတ်လမ်းတွင် မထည့်သွင်းနိုင်တဲ့အတွက် သင့်တော်မယ့် အဓိက ကာရိုက်တာများ ရွေးချယ်ရာမှာ အခက်အခဲ ရှိခဲ့တယ်လို့လည်း ကိုပြည့်ဇော်ဖြိုးက ဆိုပါတယ်။
“ဒီစီမံကိန်းကြီးကြောင့် နစ်နာခဲ့တဲ့ သူတွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ရုပ်ရှင်ထဲမှာကျ ကာရိုက်တာ ၆ ယောက်ကိုပဲ ရွေးနိုင်တယ်။ ဒီ ၆ ယောက်က အနစ်နာဆုံးလို့ ဆိုလိုချင်တာ မဟုတ်ဘူး၊ ဇာတ်လမ်းတည်ဆောက်ပုံနဲ့ အသင့်တော်ဆုံး ဖြစ်မယ့်သူတွေကို ထည့်ခဲ့ရတာပါ” လို့ ၎င်းက ဆက်ပြောပါတယ်။

အဲ့ဒီ Across မှတ်တမ်းရုပ်ရှင်ကို ရုပ်ရှင်ပွဲတော် ဖွင့်ပွဲနေ့ ဇွန်လ ၁၄ ရက်နေ့ ညနေနှင့် ပွဲတော် ပထမနေ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၆ နာရီပွဲချိန်တို့မှာ နေပြည်တော် ရုပ်ရှင်ရုံ၌လည်းကောင်း၊ ဇွန်လ ၁၇ ရက်နေ့ ညနေ ၆နာရီပွဲချိန်တွင် ဝဇီရာ ရုပ်ရှင်ရုံ၌လည်းကောင်း ပြသသွားမယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြည်တွင်းရုပ်ရှင် ၃၁ ကားနှင့် နိုင်ငံတကာ ရုပ်ရှင်ကား ၃၈ ကား၊ စုစုပေါင်း ၆၉ ကားကို နေပြည်တော် ရုပ်ရှင်ရုံနှင့် ဝဇီရာရုပ်ရှင်ရုံတို့မှာ ပြသသွားမှာပါ။


တင်ထက်ပိုင်




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved