ရွှေဖရုံသီးက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေကို ပေးနိုင်သလဲ

Wednesday, June 10, 2015


photo-sheknows.com

ဖရုံသီးရဲ့အသားရော အစေ့ရောကပါ လူသားများအတွက် အကျိုးကျေးဇူးများစွာ ပေးလျက်ရှိပါတယ်။ ဖရုံသီးမှာပါဝင်တဲ့ ဗိုက်တာမင်များနဲ့ အဟာရကြွယ်ဝခြင်းများကြောင့် အိမ်ထောင်ရေး သုခကို ပိုမို ရရှိအောင် ကူညီပေးတဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းရန်၊ အသားအရေများ ချောမွေ့လာရန်လည်း ပံ့ပိုးပေးနိုင်ပါတယ်။

အသက်အရွယ်ကိုနုပျိုစေခြင်း

ဖရုံသီးတွင် အိုမင်းရင့်လျော်မှုကို ဆန့်ကျင်နိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်သော  ဗိုက်တာမင်-အေ ကြွယ်ဝစွာ ပါရှိတာမို့ ဖရုံသီးကို စားသုံးခြင်းအားဖြင့် အရေးပြားရှိ ဆဲလ်များကို အသစ်ပြန်လည် လဲလှယ်ပေးတဲ့ အာနိသင်ကို ရရှိစေမယ့်အပြင် အသားအရေကို နုပျိုချောမွေ့စေသော ကော်လဂျင် ထုတ်လုပ်ပေးမှုကိုလည်း ပိုမို မြင့်မား စေပါတယ်။

ကိုယ်ခန္ဓာအလေးချိန်အားလျော့ချပေးနိုင်ခြင်း

လိမ္မော်ရောင်ရှိတဲ့ ဖရုံသီးရည်တစ်ခွက်မှာ ဖိုင်ဘာမျှင်ပမာဏ (၃)ဂရမ်ပါရှိပြီး ကယ်လိုရီ (၅၀)မျှသာပါရှိကာ အဆီဓါတ် လုံးဝမပါရှိပါဘူး။ ဖိုင်ဘာမျှင်များစွာပါဝင်တဲ့ အစားအစာဖြစ်တာကြောင့် အလွယ်တကူ ရင်ပြည့်စေနိုင်ပြီး ခန္ဓာကိုယ်မှလည်း အစားခြေခြင်းအတွက် အချိန်ယူပေးရတာမို့ ထပ်မံအစာစားလိုမှုကို နှောင့်နှေးစေတာပါ။

photo - doctormurry.com

အိမ်ထောင်ရေးသုခအားမြှင့်တင်ပေးခြင်း 

ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံခန့် ထည့်ထားတဲ့ ဖရုံစေ့ပမာဏတွင် လူတိုင်းအတွက် နေ့စဉ် လိုအပ်တဲ့ ဇင့်ဓာတ် ပမာဏရဲ့ ၁၇ ရာခိုင်နှုန်း ပါရှိပါတယ်။ ထို ဇင့်ဓာတ်မှာ အမျိုးသားများအတွက် လိုအပ်သော လိင်မှုရေးရာတွင် စွမ်းဆောင်နိုင်ခြင်း၊ လိင်ဆက်ဆံရာတွင် အားကောင်းခြင်း၊ မျိုးပွားနိုင်ခြင်း စသည်တို့ကို ပိုမို ကောင်းမွန် လာစေရန် အထောက်အကူပြုနိုင်ကြောင်း Discovery Fit  & Health အစီအစဉ်မှာ ဖော်ပြထားပါတယ်။

အမျိုးသားများရဲ့ ဆီးကြိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း

လွန်ခဲ့သော (၂၀)ရာစုရဲ့ အစောပိုင်းကာလတွေမှာ ဖရုံစေ့အား ဆီးကြိတ်ရောင်ရမ်းခြင်း ဝေဒနာများ ကုသရာမှာ အသုံးပြုခဲ့ကြောင်း Prevention မဂ္ဂဇင်းတွင် ဖော်ပြထားပါတယ်။ ဖရုံစေ့တွင် ဖိုင်တိုစတီရောလို့ ခေါ်တဲ့ ရောဂါကိုကာကွယ်ပေးနိုင်သော ဓါတ်ပေါင်းတစ်မျိုးပါရှိပြီး အဲ့ဒီဓာတ်ပေါင်းမှ ရောင်ရမ်းနေသော ဆီးအိတ်ရဲ့ အရွယ်အစားအား ပြန်လည်လျော့ချပေးနိုင်ပါတယ်။ အမျိုးသားတစ်ဦးဟာ တစ်အောင်စမျှသော ဖရုံစေ့ပမာဏအား တစ်ပတ်လျှင် (၃)ကြိမ်မျှ စားသုံးသင့်ကြောင်း ဒေါက်လက် စခါး ဆိုသူ ပညာရှင်တစ်ဦးမှ တိုက်တွန်းထားပါတယ်။

ဗိုက်ထဲရှိသံထိုးခြင်းကိုကုသပေးနိုင်ခြင်း 

ဖရုံစေ့မှာ လူတို့အတွက် ဖျားနာခြင်းကို ဖြစ်စေတဲ့ မလိုအပ်သော ၀မ်းတွင်းရှိ ပိုးမွှားများကို ဖယ်ရှားပစ် နိုင်ကြောင်း ဆေးဝါးဗေဒ ပညာရှင် ဒက်ဘီ အက်ဆင်က Living Well မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါတယ်။ ကနဦး အမေရိကန်လူမျိုးမှာတော့ ဖရုံစေ့အား ဆေးဝါးအဖြစ် နေ့စဉ် အသုံးပြုခဲ့သော အစဉ်အလာရှိခဲ့ပြီး အာဖရိက၏ အချို့သောဒေသများတွင်လည်း ဖရုံစေ့အား တုတ်ပြားသံချရာတွင် အသုံးပြုခဲ့ကြပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း ။  http://www.rd.com/slideshows/health-benefits-of-pumpkin/#ixzz3cW7teXRW

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved