Volkswagen Touareg 2015 ဆိုတာ

Wednesday, June 10, 2015



Volkswagen ရဲ့ မော်ဒယ်တွေက ပြည်တွင်းနဲ့ စိမ်းနေတာတော်တော်လေးတော့ ကြာနေပြီနော်။ ဒါပေမယ့် လူတိုင်းကတော့ VW ကိုသိနေတုန်းပါပဲ။ ဒါကလည်း တခြားကြောင်းတော့ မဟုတ်ပါဘူး။ တချိန်က ပြည်တွင်းမှာ အစီးများ၊ အသုံးများနေချိန်ကတည်းက ကောင်းလို့ပေါ့။ ဒါဆ VW  ရဲ့ မော်ဒယ်တွေက ကောင်းရဲ့သားနဲ့ ဘာလို့ ဒီနေ့ဈေးကွက်မှာသိပ်မရှိတော့တာလဲ၊ မေးချင်ပါသလား၊ အဲ့ဒီအတွက် အဖြေကတော့ သူကိုယ်တိုင်က မြန်မာပြည်ဈေးကွက်ကို မော်တော်ကား တင်သွင်းမှု လျှော့ချလိုက်လို့၊ မတင်သွင်းတော့လို့၊ နောက်ပြီးဘေးနားကနေ ဂျပန်ကားတွေ ဒီဇိုင်းဆန်း၊ ပုံစံစုံစုံနဲ့ ဈေးကွက်ဝင်လာတာတွေကြောင့်ပါ။

ကောင်းပါပြီ၊ ဒါဆိုဒီနေ့ကျနော်တို့ မေ့ထားတာကြာပြီ ဖြစ်တဲ့ VW ရဲ့ မော်ဒယ်တစ်ခု ဖြစ်တဲ့ Touareg နဲ့ ပြန်ပြီးမိတ်ဆက်ပေးချင်ပါတယ်။ ဒါကလည်းတခြားကြောင့်တော့ မဟုတ်ပါဘူး။ စီးချင်၊ ဝယ်ချင်တဲ့သူရှိရင် ဝယ်နိုင်အောင်လို့ပါ။ ဒီခေတ်ကလည်း မော်တော်ကားတွေ တင်သွင်းခွင့်ပေးနေချိန်ဆိုတော့ လူတိုင်းက ကိုယ်ကြိုက်တာ တင်သွင်းနေကြတာဖြစ်သလို နောက်ဆုံး Lincoln ရဲ့ Navigatorvdk မော်ဒယ်တောင်မှ ပြည်တွင်းမှာလာတွေ့နေရတာဆိုတော့ အခုTouareg ကိုစိတ်ဝင်စားသူရှိမယ်ထင်ပါရဲ့ဗျာနော်၊ ကောင်းပါပြီ၊ ကျနော်တို့ ဆက်ကြည့်ရအောင်ပါနော်။

အားသာချက်

အလယ်အလတ်တန်းစားအရွယ်ရှိ SUV တစီးအတွက် Hybrid စနစ်နဲ့ပါ ရွေးချယ်ဝယ်ယူနိုင်အောင် ဖန်တီးထားတာက နှစ်သက်စရာ ဖြစ်ပြီးတော့ ဒီအချက်ကြောင့်ပဲ ပြောရမယ်ဆိုရင် မော်ဒယ်ရဲ့ ဆီစားများမှု ကို လျှော့ချပစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ပြီးတော့ VW က သူ့ရဲ့ မော်ဒယ်ကို Luxury ဆန်အောင် ဖန်တီးထားတာမဟုတ်ဘဲ Off-Road အတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် Ground-Clearance လည်း များပြားသလို လမ်းကြမ်းမောင်းနှင်နိုင်မှုလည်း ပိုမိုကောင်းမွန်တာတွေ့နိုင်ပါတယ်။ နောက်ဆုံးပြောချင်တဲ့ တချက်ကတော့ VWuTouaregရဲ့ ရှေ့ဘက်လေခွင်းပေါက်စနစ်တွေကို နဂိုကုမ္ပဏီရဲ့ ပုံစံအတိုင်း Steel အစင်းသားပုံစံနဲ့ ဖန်တီးထားတာက VW ကို မှတ်မိပေါ်လွင်စေနိုင်တာဖြစ်ပြီး အောက်ဘက် လေခွင်းစနစ်တွေကတော့ Audi ရဲ့  SUV တွေနဲ့ ဆင်တူအောင် ဖန်တီးထားတာတွေ့ရပါတယ်။

တည်ဆောက်မှု

ဥရောပအခြေစိုက်ကုမ္ပဏီထုတ် မော်ဒယ်ဖြစ်တာနဲ့အညီ မော်ဒယ်ကို အောက်ဘက်  Frame ပိုင်း အထူးတောင့်တင်းခိုင်မာအောင် ဖန်တီးထားတာတွေ့ရပြီး ကားအကြမ်းခံနိုင်မှုဆိုင်ရာ စစ်ဆေးချက်မှာ ကြယ် လေးပွင့်ခွဲ အနေအထားထိအောင် ရရှိထားတာက Luxury တန်းဝင် Crossover မော်ဒယ်တွေနဲ့တောင်မှ တန်းတူလိုက်နေတာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ကိုယ်ထည်ပိုင်း တည်ဆောက်ပုံမျိုးမတွေ့ရပဲ Wheelbase ကို ပုံမှန်ထက် ကျယ်ထားတာ တွေ့နိုင်ပြီး အတွင်းခန်း ပိုမိုကျယ်ဝန်းအောင် ဖန်တီးထားပါတယ်။ နောက်ဘက် ဝန်တင်ခန်း အပိုင်းမှာ အနည်းငယ် ပုံမှန်မော်ဒယ်တွေထက် ကျဉ်းမြောင်းပြီးအတွင်းခန်းတွေကတော့  ရှေ့ဘက် ၅၇ လက်မခွဲနဲ့ နောက်ဘက်ခန်းက ၅၇ လက်မရှိမှာဖြစ်လို့ ပုံမှန်ထက် နည်းနည်းပိုကျယ်ပါတယ်နော်။ အတွင်းခန်းတည်ဆောက်မှုအပိုင်းမှာ Control တွေလည်း တပ်ဆင်ထားရှိမှုနည်းပါးသလို Feature ပိုင်းလည်း အသုံးပြုနိုင်မှု သိပ်မများလှဘဲ လုပ်ဆောင်ချက်တော်တော်များများကို Display စနစ်ကနေ Touch စနစ်နဲ့သွားမှာ ဖြစ်ပါတယ်။



အင်ဂျင်ပိုင်း

တပ်ဆင်ထားတဲ့ အင်ဂျင်က ကျနော်ပြောနေတဲ့ Hybrid မော်ဒယ်က ၃ ဒသမ ဝ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရတာက နည်းနည်းပိုနေသလိုပါပဲ။ ဒါပေမယ့် ကျနော် လေ့လာ ကြည့်မိသလောက်တော့ VW က အခုမော်ဒယ်ကို ဆွီဒင်နဲ့ အီတလီတို့ကအစ နှင်းလမ်းလို လမ်းလည်းချောနိုင်၊ လမ်းလည်း ကြမ်းနိုင်မယ့် အနေအထားမျိုးမှာ လုံခြုံစိတ်ချရမှု ကောင်းကောင်းရအောင် ဖန်တီးထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်ပဲထင်ပါတယ်၊ အင်ဂျင်က စွမ်းအင် ထွက်ရှိမှုအပိုင်းမှာ အားနည်းတာတွေ့နိုင်ပြီး ရုန်းအားအပိုင်းမှာ ပိုကောင်းတာတွေ့ရပါတယ်။

မောင်းနှင်နိုင်မှု

အင်ဂျင်ရဲ့ စွမ်းအင်ထွက်ရှိမှုနှုန်းက Hybrid မော်ဒယ်မှာ မြင်းကောင်ရေ ၂၈၀ ထိအောင် ထွက်ရှိမှာဖြစ်တာကြောင့် စွမ်းအင်ထွက်ရှိမှု ကောင်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် တောင်တက်လမ်းနဲ့ လမ်းကြမ်းမှာ မော်ဒယ်ကပိုပြီး အံဝင်တာတွေ့ရပါတယ်။ အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှုက မထင်မှတ်ဘဲကောင်းမွန်နေပြန်ပြီး အကြီးစားပေါင် ၄၀ဝ၀ ကျော်လေးတဲ့ မော်ဒယ်က တနာရီမိုင် ၆၀ နှုန်းကိုအချိန် ၆ စက္ကန့် ဝန်းကျင်နဲ့ရောက်အောင် မောင်းနှင်နိုင်မယ်ဆိုတာက ကောင်းပါတယ်။ ဒါပေမယ့် တခုရှိတာကတော့ ကွေ့လမ်းမှာတော့ အရုန်းအားနည်းတာဖြစ်ပြီး အရှိန်သေမှု မြန်တာကိုတွေ့ရပါတယ်။

ဆီစားနှုန်း

မော်ဒယ်က Transmission ပိုင်းမှာ Auto စနစ်ကို သုံးထားတာကလည်း ဆီစားများစေနိုင်တာတွေ့ရသလို Drive စနစ်ကလည်း ဘီးစုံယက် စနစ်နဲ့ဆိုတော့ ပြောမနေပါနဲ့တော့။ နောက်ပြီး လည်ပတ်အားကလည်း များသေး၊ ဝန်တင်ဆောင် ရုန်းကန်နိုင်မှုကိုလည်း ပေါင် ၁၅၀ဝ ဝန်းကျင်လောက်ထိအောင် ဖန်တီးထားတာ ဆိုတော့ ဆီစားများတာ အပြစ်မဆိုသာသလို ဖြစ်နေပါတယ်။ ခံသာသွားတာဆိုလို့  Hybrid စနစ် ထည့်သွင်းထားတာတခုပဲရှိပြီး အဆိုပါ စနစ်ကြောင့်ပဲ မော်ဒယ်က ဆီတဂါလန်ကို ပျမ်းမျှ ၂၂ မိုင် လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်တာကို တွေ့ရသလို ဘီးစုံယက်စနစ်ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းနဲ့ မကိုက်ညီဘဲ မြို့တွင်းလမ်းကြောင်းမှာ ဆီစားပိုများပြီး တဂါလန်ကို မိုင် ၂၀ လောက်ပဲ စီးနိုင်မှာ ဖြစ်ပေမယ့် အဝေးပြေးလမ်းကြောင်းတွေမှာ ဆိုရင်တော့ ဆီတဂါလန်ကို ၂၆ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်လို့ တကယ်တမ်းအကြမ်းခံ SUV တစီးကို စဉ်းစားနေသူတွေအတွက်ကတော့ ဆီစားနှုန်းတခုကို မေ့ထားပေးမယ်ဆိုရင် ကျန်တာအားလုံးက Touareg စွမ်းဆောင်ပေးနိုင်တာမရှိလောက်ပါဘူးလို့ ဆိုလိုက်ပါရစေဗျာ။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved