တန်ကြေးသင့် မော်ဒယ် Audi RS Q3 နဲ့ Ford Escape

Thursday, June 18, 2015


Audi RS Q3 (photo- netcarshows.com)

ကျွန်တော်တို့ ဒီနေ့အခြေစိုက် နိုင်ငံချင်း မတူပေမယ့် အရည်အသွေးပိုင်းမှာ သိပ်ပြီး မကွာသလို လူစိတ်ဝင်စားမှု များနေတဲ့ မော်ဒယ်နှစ်ခုကို နှိုင်းစားကြည့်ပြီး ဘယ်မော်ဒယ်က ပိုကောင်းမယ်ဆိုတာကို နည်းနည်းလောက် လေ့လာကြည့်ရအောင်ပါနော်။ လက်ရှိ ကျွန်တော်တို့ဆီမှာတော့ အမေရိကန် အခြေစိုက် Ford က Showroom လာဖွင့်ထားသလို Brand New မော်ဒယ်တွေကိုလဲ ၀ယ်လို့ ရနေနိုင်တာ တစ်ချက်ကတော့ ပြိုင်ဖက် ဂျာမနီ အခြေစိုက် Audi ထက်စာရင် အားသာတယ်လို့ ဆိုနိုင်မှာပါနော်။ ဒါပေမယ့် တစ်ဖက် ဈေးကွက် အနေအထားကို ပြန်ကြည့်ပြန်တော့လည်း လက်ရှိမှာက Ford ထက်စာရင် Audi က လူကြိုက်များနေတဲ့ အနေအထားမှာ ရှိနေတာကြောင့် ဘယ်သူမှ အားနည်းနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ကြည့်မှာက သူတို့ရဲ့ မော်ဒယ်တွေကိုပဲ ဖြစ်ပြီးတော့ ကုမ္ပဏီတွေအကြောင်းက ဒီလောက် အရေးမကြီးတာကြောင့် ချန်လှပ်ခဲ့လိုက်တာ အကောင်းဆုံးပါနော်။ ဒီတော့ အခု Escape နဲ့ RS Q3 တွေကိုပဲ ကြည့်လိုက်ရအောင်ပါဗျာ။

ထူးခြားချက် …

RS Q3 မှာ ပထမဆုံး မြင်မိတဲ့တစ်ချက်က Auto စနစ်နဲ့ လုပ်ဆောင်လည်ပတ်မယ့် Start/Stop စနစ်ကို တပ်ဆင်ထားတာ တွေ့ရတယ်။ ဘီးတွေက ၁၈ လက်မအရွယ်ဖြစ်ပြီးတော့ Alloy နဲ့ လာမယ်၊ Audi ရဲ့ ကိုယ်ပိုင် Drive စနစ်ကို အသုံးပြုမောင်းနှင်နိုင်မယ်၊ သူက စွမ်းဆောင်ရည်ထက် ဟန်ချက်ညီမှုကို ဦးစားပေးထားတဲ့ မောင်းနှင်မှုစနစ်ပါ။ Handbrake စနစ်က လျှပ်စစ်အကူစနစ်နဲ့ ဖန်တီးထားတာ ဖြစ်တယ်၊ ဖျော်ဖြေရေးစနစ်က ၆.၅ လက်မ အရွယ် Screen ကို ထည့်သွင်းထားတာ တွေ့ရပြီး Bluetooth စနစ်လည်း သုံးနိုင်မှာပါ။

Esccape ကတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အထူးကောင်းမွန်တယ်၊ ဆီစားနှုန်း သက်သာပြီး အဆင့်မြင့်တဲ့ စံချိန်မီတဲ့ Featureတွေ အများကြီး သုံးနိုင်မှာလည်း တွေ့ရပါသေးတယ်။ ပြီးတော့ လက်ကိုင်ပိုင်းမှာလည်း ထိန်းချုပ်မောင်းနှင်ရတာ ကောင်းသလို ဒါကလည်း Ford ရဲ့ ပင်မ ထုတ်လုပ်မှု တွေကိုက လမ်းကြမ်းမောင်းကားတွေဆိုတော့ လမ်းကြမ်းမှာတောင် သုံးနိုင်မယ့် လက်ကိုင်စနစ်တွေ ဖန်တီးထားနိုင်တဲ့ Ford အတွက်ကတော့ Escape အတွက် အကောင်းဆုံးဖြစ်မယ့် လက်ကိုင်စနစ်ကို ဖန်တီးတပ်ဆင်ထားတာ မဆန်းပါဘူးနော်။

ကိုယ်ထည်ပိုင်း …

RS Q3 မှာက HDD စနစ်ကို အခြေခံထားတဲ့ Navigation စနစ်ကို သုံးနိုင်အောင် ထည့်သွင်းထားတာမျိုး တွေ့ရသလို ရှေ့ဖက်ထိုင်ခုံတွေကို လျှပ်စစ်စနစ်နဲ့ လုပ်ဆောင်မယ့် ထိုင်ခုံစနစ်တွေလည်း ရနိုင်ပြီး ဒါကတော့ နောက်ထပ် အဆင့်မြှင့်ယူရမယ့် အနေအထားမျိုး ဖြစ်ပြီးတော့ ပုံမှန် ဈေးကွက်ဝင် မော်ဒယ်ကတော့ အဆိုပါ စနစ် မပါလာပါဘူး။ ကိုယ်ထည် အတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ မီးစနစ်ကလဲ ပုံမှန် မီးအလင်း စနစ်ပဲ ဖြစ်ပြီးတော့ LED မီးစနစ်နဲ့ လိုချင်ရင်လည်း ရနိုင်ပါတယ်နော်။ ပြီးတော့ မှန်စနစ်ကိုပါ အပူပေးနိုင်မယ့် နောက်ထပ် အဆင့်မြင့် မှန်စနစ်လည်း ရနိုင်ပါသေးတယ်။

ဒီအပိုင်းမှာတော့ Escape က အလယ်အလတ်တန်းစား SUV တစ်စီးရယ်လို့ ပြောရအောင် အလျားက ၁၄ပေ နဲ့ ၁၀လက်မကို သီသီလေး စွန်းမှာ ဖြစ်သလို မျက်နှာစာ အကျယ်ကလည်း ၆ပေကို ကျော်တယ်ဆိုရုံလေးရယ်ပါ။ နောက်ပြီး အမြင့်က ၅ပေ နဲ့ ၆လက်မသာတယ်ဆိုရုံ ဖြစ်ပြီးတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်နိုင်မှုကို ၈ လက်မ နီးပါးထိအောင် ဖန်တီးထားတာကြောင့် Off-Road အတွက်ပါ အဆင်ပြေကောင်းမွန်မှာဖြစ်ပါတယ်။ နောက်ပြီး အတွင်းဘက်ခန်း ကျယ်ဝန်းမှုက ရှေ့ဖက်ခန်း ၅၆ လက်မ နဲ့ နောက်ဖက် ၅၅ လက်မကျော် ဖြစ်တာကြောင့် အနေတော်ပါပဲ။ ဒီနေရာမှာ Escape ရဲ့ Feature တွေက ပြည့်စုံပြီးဖြစ်တာကြောင့် ကျွန်တော့် အဲဒီအပိုင်းကို မပြောလိုက်တာပါနော်။

Ford Escape 

မောင်းနှင်နိုင်မှု အပိုင်း …

RS Q3 ရဲ့ Transmission အပိုင်းမှာတော့ မော်ဒယ်က ဂီယာချက် ၇ချက်ကို အသုံးပြုမောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရပြီး Dual Clutch စနစ်နဲ့ လာပါတယ်။ ဒီတစ်ချက်ကတော့ CVT ထက်စာရင် ခရီးဝေး မောင်းနှင်မှုအပိုင်းမှာ အားနည်းကောင်းနည်းနိုင်မှာ ဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပိုပြီး အားကောင်းသွားပါလိမ့်မယ်။ ဒါကြောင့်လည်း RS Q3 က မောင်းနှင်နိုင်မှုအပိုင်းမှာ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်တာ တွေ့နိုင်ပြီးတော့ တစ်နာရီမိုင် ၃၀နှုန်းကို အချိန် ၁.၉ စက္ကန့်တည်းနဲ့ ရောက်နိုင်မှာလည်းဖြစ်သလို မိုင် ၆၀နှုန်းကိုတော့ အချိန် ၅ စက္ကန့််တည်းနဲ့ ရောက်ပါလိမ့်မယ်။ မော်ဒယ်ရဲ့ အမြန်ဆုံး မောင်းနှင်နိုင်မယ့်နှုန်းဖြစ်တဲ့ တစ်နာရီမိုင် ၁၄၀ နှုန်းကို အချိန် ၃၂.၁ စက္ကန့်နဲ့ ရောက်ရှိမှာဖြစ်လို့ တစ်မိနစ် မကြာခင်မှာပဲ Top Speed ကို ခံစားရမှာပါနော်။

Escape ရဲ့ Transmission စနစ်က Auto စနစ်နဲ့လာပြီး ဂီယာချက် အပိုင်းမှာလည်း စုစုပေါင်း ၆ချက်ထိအောင် သုံးနိုင်မှာ ဖြစ်သလို ရှေ့ဘီးယက်စနစ်လည်း ဖြစ်တာကြောင့် City အတွက်ရော Highway အတွက်ပါ ကောင်းမွန်ပါလိမ့်မယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်း ကို အချိန် ၈ စက္ကန့် ၀န်းကျင်နဲ့တင် ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်သလို ဘရိတ်ပိုင်းကလည်း ထိန်းချုပ်မှု ကောင်းမွန်တာ တွေ့ရပါတယ်။ အသက်ကယ် စနစ်စုံလင်အောင် ထည့်သွင်းဖန်တီးထားပြီးတော့ အမေရိကန်ရဲ့ မော်တော်ကားစိစစ်သုံးသပ်ရေးအဖွဲ့ရဲ့ လုံခြုံစိတ်ချရမှု အပိုင်းမှာ ကြယ်ငါးပွင့်အဆင့်ထိအောင် ရရှိထားတာ တွေ့နိုင်ပါတယ်နော်။

အင်ဂျင်ပိုင်း …

RS Q3 အနေနဲ့ ရှေ့ဖက် အင်ဂျင်အထိုင်စနစ်နဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်ပြီးတော့ ၂.၅ လီတာသုံး ငါးလုံးထိုးအင်ဂျင် ဖြစ်နေတာ တစ်ချက်က ထူးခြားနေပါတယ်။ လေးလုံးထိုး အဖြစ်နဲ့ ဆိုလည်း ရနိုင်သလို V6 အနေနဲ့ဆိုရင်လည်း အင်ဂျင်သံ တည်ငြိမ်လာမှာ ဖြစ်ပေမယ့် ငါးလုံးထိုး အင်ဂျင်စနစ် အနေနဲ့ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၇၀၀၀ ထိအောင် ဖြစ်ပြီး ရုန်းအားအပိုင်းမှာ ၃၁၀ ပေါင်-ပေရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုအပိုင်းမှာတော့ မြင်းကောင်ရေ ၃၀၆ ကောင်အားရှိမှာဖြစ်လို့ ရုန်းအား ပိုများနေတာတွေ့နိုင်သလို တောင်တက်လမ်းတွေ အတွက်လည်း အဆင်ပြေစေနိုင်ပါတယ်နော်။

Escape ရဲ့ တပ်ဆင်ထားတဲ့ အင်ဂျင်က ၂.၅ လီတာသုံး လေးလုံးထိုး အင်ဂျင်ဆိုတော့ လေးလုံးထိုး အင်ဂျင် အတန်းအစားထဲမှာ အကြီးဆုံးလောက်ဖြစ်မယ့် အင်ဂျင်အနေအထားပါ။ ဒါပေမယ့် အင်ဂျင်က ကြီးတယ် ဆိုပေမယ့် ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၆၀၀ ၀န်းကျင်ထိအောင် ရှိမှာဖြစ်သလို အများဆုံး ၀န်တင်ဆောင်နိုင်မှုက ပေါင် ၁၅၀၀ ဆိုတော့ ၂.၅ လီတာသုံးက ကြီးတယ်လို့ မပြောသာတော့ပါဘူး။ အင်ဂျင်က ရုန်းအား ၁၇၀ ပေ-ပေါင်မှာ ထွက်ရှိမယ့်စွမ်းအင် ပမာဏက မြင်းကောင်ရေ ၁၆၈ ကောင်အား ဖြစ်သလို အမြန်ဆုံးလည်ပတ်မယ့်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၆၀၀၀ ထိအောင်ပဲ ဖြစ်ပါတယ်။

သိသင့်တာလေးတွေနဲ့ သုံးသပ်မိသလောက် …

RS Q3 အနေနဲ့က ဆီစားနှုန်းအပိုင်းမှာ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၇ မိုင် လောက်ထိအောင် စီးနင်းနိုင်မယ်ဆိုတဲ့ တစ်ချက်က ၂.၅လီတာသုံး အင်ဂျင်တပ် စွမ်းဆောင်ရည်မြင့် မော်ဒယ် တစ်ခုအတွက် မဆိုးလှပါဘူး။ ဒါပေမယ့် အခုအပိုင်းမှာတော့ Escape က ပိုကောင်းတာတွေ့နိုင်ပြီး  ဆီစားနှုန်း အသေးစိတ်ကို ပြောပါဆိုရင်တော့ Escape က မြို့တွင်းလမ်းကြောတွေမှာ ဆိုရင် ဆီတစ်ဂါလံကို ၂၂မိုင်နှုန်းနဲ့ အဝေးပြေးလမ်းကြောတွေမှာ ဆိုရင်တော့ ၃၂ မိုင် လောက်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မော်ဒယ် တစ်ခုနဲ့ တစ်ခု အားနည်းချက်၊ အားသာချက် မျှနေတဲ့ မော်ဒယ် နှစ်ခုအတွက်က သင် ဘယ်လို မော်ဒယ်ကို လိုချင်တယ် ဆိုတာပဲ အဓိက ကျလာပါတယ်။ စွမ်းဆောင်ရည်မြင့် မော်ဒယ်ကို လိုချင်တာဆိုရင် RS Q3က သင့်တော်မှာ ဖြစ်ပြီး ဆီစားနည်းနည်း ဈေးချိုချို လိုချင်ရင်တော့ Escapeအနေနဲ့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်နော်။


လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved