“ကိုယ့်ခြေထောက်ပေါ် ကိုယ် သေချာရပ်တည်နိုင်အောင် ကြိုးစားရတော့မယ်”

Monday, June 1, 2015






အမည် - မြူလင်းကိုကို
အသက် - ၁၈ နှစ်
ပညာအရည်အချင်း - Gread 9 (Indonesian International School Yangon)

မြူလင်းက မေလ ၂၁ ရက်နေ့မှာ သြစတေးလျမှာ စီမံခန့်ခွဲမှု ရေးရာဘာသာရပ် တက်ရောက်ဖို့အတွက် သွားမှာပါ။ သြဇီမှာ ကျောင်းသွားတက်ဖြစ်တာက မြူလင်းက ဒီမှာ Grade 5 ထဲက International school ကိုတက်ခဲ့တာ၊ ပြီးတော့ အခု University ဆက်တက်ရမှာဆိုတော့ အဲဒီမှာကျောင်းသွားတက်ဖို့ ရွေးဖြစ်သွားတာပါ။ အခု မြူလင်း သွားတက်မှာက Business Training ဘက်ကို ရွေးထားတယ်။ အရင်ဆုံး Foundation ၈ လ တက်ရမယ်၊ အဲဒါတက်ပြီးတော့မှ အဲဒီ Business ထဲကမှ ဘယ်ဟာကို သေချာ Specialize လုပ်မလဲဆိုတာ သေချာ ပြန်ရွေးရမှာပါ။ မြူလင်းသွားတက်မယ့် University က The University of Technology (UTS) ပါ။ ကျောင်းကလည်း အရင်ဆုံးအဲဒီမှာ Foundation ပြီးသွားရင် UTS မှာ University ဆက်တက်ရမယ်။ အဲဒါက ကိုယ်ယူတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး အချိန် သုံးနှစ်ကျော်ကျော်လောက် ကြာမယ်။

အဲဒီကိုသွားတဲ့အခါ မေမေ (သရုပ်ဆောင် လင်းဇာနည်ဇော်) က မြူလင်းနဲ့ အတူတူ နှစ်လသုံးလလောက် လိုက်နေပေးမယ်။ ပြီးလို့ ဟိုရောက်ပြီး မြူလင်း အဆင်ပြေသွားရင်တော့ သူပြန်လာမှာပါ။ နောက်ပိုင်း ကိုယ်တယောက်တည်း ဖြစ်တဲ့အခါမှာ မြူလင်းအတွက်ကတော့ ဘာမှ အခက်အခဲ မရှိလောက်ဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၅ တန်းလောက်ကတည်းက International School ကို ရွေးပြီးတက်ခဲ့တာဆိုတော့ တနေ့ ကိုယ်ဒီလိုသွားရမယ်ဆိုတာကို သိပြီးသားလေ။ ဒါကြောင့် အထူးခြားကြီးတော့ မရှိပါဘူး။ အခု ဒီမှာ Indonesian International School မှာ Gread 9 အထိ တက်ပြီးတော့ IELTS ကို အပြင်ဖြေ ဖြေတာပါ။ အခုနောက်ပိုင်း လူငယ်တွေ ပညာရေးဘက်ကို ပိုပြီး စိတ်ဝင်စားလာကြတယ်၊ နောက်ပြီး လူငယ်တွေအတွက် ပိုပြီး အခွင့်အလမ်းတွေ များလာပြီ၊

တခြားနိုင်ငံတွေကလည်း ကျောင်းတွေ၊ တက္ကသိုလ်တွေ လာဖွင့်နေပြီဆိုတော့ ပညာရေးကို ပို လုပ်ခွင့် ရလာတယ်။ လူငယ်တွေကလည်း မြူလင်းအမြင်မှာ သိပ်ကြိုးစားကြတာကို တွေ့ရတယ်။ နောက်ပြီး ကျောင်းမှာသင်တာတခုကိုပဲ မဟုတ်ဘဲ ကိုယ့်ဘာသာ အိမ်မှာလည်း Self study လုပ်တာတို့၊ အပြင် စာအုပ်တွေ ဖတ်တာတို့၊ ဗဟုသုတရှာတာတို့ ပိုလုပ်နိုင်လာပြီလေ။

မြူလင်း သြဇီမှာ University သွားတက်ဖို့ ရွေးချယ်ဖြစ်တယ်ဆိုတာက ဒီမှာကလည်း ပညာရေးပိုင်းဆိုင်ရာမှာ တိုးတက်လာပါပြီ၊ ဒါပေမယ့် ကိုယ်က ဒီမှာဆိုရင်  ကလေးလိုပဲဖြစ်နေတာပေါ့။ ကျောင်းတက်တာ တခုပဲလေ။ ဟိုမှာကျတော့ ကျောင်းတက်တာအပြင် တယောက်တည်း ဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် သေချာ ရပ်တည်နိုင်အောင် ကြိုးစားရတော့မှာလေ။ အဲဒီလို အတွေ့အကြုံတွေလည်း လိုချင်လို့ပါ။ ဟိုရောက်ရင်လည်း Part Time အနေနဲ့ အလုပ်လုပ်ဖို့ အတွက်ကိုလည်း ဟိုရောက်ပြီး နည်းနည်းလောက်ကြာရင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါကလည်း အတွေ့အကြုံ့တွေလိုချင်လို့ လုပ်ကြည့်ချင်တာပါ။ ဟိုရောက်ရင် မြူလင်းက မေမေ့ သူငယ်ချင်း အဒေါ်တယောက်အိမ်မှာ Home Stay နေမှာပါ။ အစပိုင်းမှာပေါ့။ အခုက မြူလင်းက ၁၇ နှစ်ကျော်ပြီလေ။ အသက် ၁၈ နှစ်ပြည့်ရင်တော့ အဆောင်မှာ ပြောင်းနေဖို့တော့ စဉ်းစားထားပါတယ်။

ဒီကြားထဲမှာ မြန်မာနိုင်ငံကို ပြန်လာဖို့ အစီအစဉ်က အခုအရင်ဆုံးသွားတက်မယ့် Foundation တက်တဲ့ အချိန် ၈ လ ပြီးရင်တော့ပြန်လာမှာပါ။  အဲဒါက ဒီဇင်ဘာလလောက် ဖြစ်ဖို့များပါတယ်။ မြူလင်း တခြားဝါသနာ အနေနဲ့ အနုပညာမှာ Photo Model လုပ်ရတာကို ၀ါသနာပါတယ်။ အနုပညာဘက်ကိုလည်း ဝါသနာပါတယ်။ အခုအချိန်မှာ ပညာရေးဘက်ကို ဦးစားပေးဖြစ်တာက ဒီအရွယ်က ပညာရှာတဲ့ အရွယ်ဆိုတော့ ပညာရေးဘက်ကိုပဲ လုပ်ဖြစ်တာပါ။ ဟိုမှာ ကျောင်းသွားတက်ပြီး ပြန်လာရင် အနုပညာကို လုပ်ဖြစ်မလားဆိုတာတော့ သေချာတော့ မသိသေးဘူးပေါ့။

အခုခေတ် လူငယ်တွေကို လူငယ်အချင်းချင်း ပြောပြရမယ်ဆိုရင် ကြိုးစားကြပါလို့ပဲ ပြောချင်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved