K-Pop ရေစီးနဲ့ ကျောင်းဖွင့်စအချိန်

Monday, June 1, 2015



ဓာတ်ပုံများ - တင်ထက်ပိုင် / The Irrawaddy


နွေရဲ့ အပူပြင်းဆုံး အချိန်ကာလတွေ ကုန်ဆုံးလို့ မကြာခင် အေးချမ်းတဲ့ မိုးရာသီ ကျောင်းဖွင့်ချိန် တဖန်ပြန် ရောက်ရှိလာပါပြီ။

မကြာခင် ကျောင်းတွေ ဖွင့်တော့မယ်ဆိုတော့ ရှော့ပင်းစင်တာတွေနဲ့ ဆိုင်တွေမှာ ကျောင်းဖွင့်ချိန်အမီ “Back to School” ရာသီချိန်ခါ ကျောပိုးအိတ်၊ ထီး၊ ရေဘူး စတဲ့ ကျောင်းသုံး ပစ္စည်းတွေနဲ့ စာအုပ်၊ ဘောပင်၊ ကွန်ပါဘူးစတဲ့ ကျောင်းသုံး စာရေးကိရိယာ ပစ္စည်းတွေ ဝယ်ယူရောင်းချနေတဲ့ အချိန်ပါ။




ကိုရီးယား ခေတ်ရေစီး လွှမ်းမိုးမှု ပေါ်ပြူလာဖြစ်တဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာ K-Pop (Korean Pop) အဆိုတော် အဖွဲ့တွေရဲ့ ရုပ်ပုံ၊ အဖွဲ့နာမည် Logo စာတန်း စတာတွေကို ရိုက်နှိပ်ထုတ်လုပ်ထားတဲ့ K-Pop အသုံးအဆောင်ပစ္စည်းတွေ K-Pop Crazy လူငယ်တွေကြားမှာ အတော်ခေတ်စားပါတယ်။




နာမည်ကြီး K-Pop အဆိုတော် အဖွဲ့တွေရဲ့ ဓာတ်ပုံ၊ အဖွဲ့ နာမည် Logo နဲ့ ရိုက်နှိပ်ထားတဲ့ ကျောပိုးအိတ်၊ ရေဘူး စတဲ့ ကျောင်းသုံး ပစ္စည်းတွေကို  အွန်လိုင်းပေါ်ကနေတဆင့် ဝယ်ယူနိုင်သလို၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းမှာရှိတဲ့ Yangon Mart ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်းလမ်းမှာ ရှိတဲ့ K-Town Gift Shop၊ မန္တလေးမြို့၊ လမ်း ၃၀၊ ၈၂x၈၃ လမ်းကြားမှာရှိတဲ့ Yangon Mart စတဲ့ K-Pop အသုံးဆောင်ပစ္စည်းတွေချည်း သီးသန့်ရောင်းတဲ့ ဆိုင်တွေမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။



လူငယ်တွေကြားမှာ EXO, Big Bang, 2PM, 2NE1, Girl Generation, 4 Minutes စတဲ့ K-Pop အဖွဲ့တွေက ပေါ်ပြူလာဖြစ်ပြီး အဲဒီအဖွဲ့တွေက လူသိများသလို၊ သူတို့ ပရိသတ်တွေကလည်း နိုင်ငံတကာမှာ ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံက လူငယ်တွေ အကြားမှာလည်း အဲဒီ K-Pop အဖွဲ့တွေက လူကြိုက်များ အထူး ရေပန်းစား တာကြောင့် K-Pop အသုံးအဆောင် ပစ္စည်းတွေမှာလည်း EXO, 2NE1, 2PM စတဲ့ အဖွဲ့ပုံ၊ အဖွဲ့ Logo နဲ့ ထုတ်ထားတဲ့ ကျောပိုးအိတ်၊ ရေဘူးတွေကို အဝယ်များကြတယ်လို့ သိရပါတယ်။

အသက် ၁၃၊ ၁၄ နှစ် ၈ တန်း၊ ၉ တန်း အရွယ် ဆယ်ကျော်သက် မိန်းကလေးတွေကတော့ EXO အဖွဲ့ပုံနဲ့ ကျောပိုးအိတ်၊ ရေဗူးစတဲ့ ပစ္စည်းတွေကို အဝယ်များပြီး အသက် ၁၈၊ ၁၉ နှစ် ၁၀ တန်းနဲ့ တက္ကသိုလ်ကျောင်းသူ အရွယ် မိန်းကလေးတွေကတော့ Big Bang, 2PM, 2NE1, Girl Generation စတဲ့ အဖွဲ့တွေရဲ့ ရုပ်ပုံတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းလေးတွေကို အကြိုက်များပါတယ်တဲ့။




ဒီတပတ် ကျောင်းဖွင့်ချိန်မှာ ကိုရီးယား ခေတ်ရေစီးထဲက လူငယ်တွေ အကြိုက် ဖြစ်မယ့် K-Pop ကျောင်းသုံး အသုံးအဆောင် ပစ္စည်း ကျောပိုးအိတ်၊ ထီး၊ ရေဘူး စတာ တွေကို ရိုက်ကူး ဖော်ပြ ပေးလိုက်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့က K-Pop ကျောပိုးအိတ်တွေက ကျပ်တသောင်း ကနေ နှစ်သောင်းခွဲ၊ ထီးတွေ ကျပ် (၇) ထောင်၊ ရေဗူးတွေက ကျပ် (၅) ထောင်ကနေ (၇) ထောင်အထိ အစားစား ရှိပါတယ်။

ပုံမှာပြထားတဲ့ K-Pop ပစ္စည်းတွေရဲ့ ပုံတွေကိုတော့ အမှတ် (၁၃၂)၊ ပထမထပ်၊ ဗိုလ်တထောင် မြို့နယ်၊ ဘိုကလေးဈေးလမ်း အပေါ်ဘလောက်၊ ရန်ကုန်မြို့ မှာရှိတဲ့ Yangon Mart မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။



သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved