ကမ္ဘာကျော် ပုဂ္ဂိုလ်နှစ်ဦးတို့မိသားစုရဲ့ အဆောင်အယောင်ကင်းမဲ့တဲ့ ခရီးစဉ်

Friday, June 12, 2015


photo - dailymail.com

အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်ဆိုတာ ကမ္ဘာ့ နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ သို့ပေမယ့် ဟောလီးဝုဒ် အကျော်အမော်နှစ်ဦးဟာ သူတို့နှစ်ဦးအပါအ၀င် ကလေး(၆)ယောက်စလုံးအတွက်ပါ အစစအရာရာမှာ အောက်သက်ကျေအောင် ထိန်းသိမ်းလိုတဲ့ ဆန္ဒရှိကြပါတယ်။

ဒီလိုနာမည်ကြီးတဲ့ မိသားစုဟာ ပြီးခဲ့တဲ့ စနေနေ့မှာတော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဇိမ်ခံခွင့်အပြည့်အ၀ရမယ့် လေယာဉ် ပထမတန်းကနေ စီးနှင်းလိုက်ပါခြင်းမပြုဘဲ ပြင်သစ်လေကြောင်းလိုင်းကို အသုံးပြုလို့ အမေရိကကနေ ပြင်သစ်ကိုသွားခဲ့ပြီး၊ ပဲရစ်မြို့ကနေမှတဆင့် နိုက်စ်မြို့သို့အသွားကို ပြည်တွင်း လေကြောင်းလိုင်းကို အသုံးပြုခဲ့တာပါ။ ဂျိုလီနဲ့ ပစ်တို့ဟာ လေယာဉ်ပေါ်က ခရီးသွားတွေနဲ့ အတူတူတသားတည်း စီးနှင်းလိုက်ပါလို့ ပဲရစ်ကနေ နိုက်စ်မြို့ကို သွားရောက်ခဲ့ပါတယ်။

အသက် (၄၀)နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးနဲ့ အသက်(၅၁)နှစ်အရွယ် မင်းသားတို့ရဲ့ကလေးများဖြစ်တဲ့ မက်ဒေါ့ (၁၃နှစ်)၊ ပက်စ် (၁၁နှစ်)၊ ဇာဟားရား (၁၀နှစ်)၊ ရှိလို (၉နှစ်)နဲ့ အမွှာနှစ်ဦးဖြစ်သူ နော့နဲ့ ဗီဗီယမ် (၆နှစ်)တို့ကို လက်ဆွဲပြီး လော့အန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေထွက်ခွာသွားကြောင်း တွေ့ရှိလိုက်ရပါတယ်။ သူတို့တတွေကိုမြင်ရတာဟာ သာမန် မိသားစုလေးတစ်စု လေဆိပ်ကိုရောက်လာပြီး လေယာဉ်ပေါ် တက်သွားသလိုပါပဲ။


သူတို့တတွေဟာ တကယ့် သာမန်မိသားစုလေး တစ်စုပါပဲဆိုတာ ပိုပြီးသိသာထင်ရှားသွားစေတဲ့ အချိန်ကတော့ ပဲရစ်မြို့ကနေ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ နိုက်စ်မြို့လေးကို ကူပြောင်းပြီး လေယာဉ်စီးတဲ့ အချိန်ပါပဲ။ ဘရက်ပစ်နဲ့ ဂျိုလီတို့ မိသားစုဟာ ၄င်းတို့ရဲ့ လုပ်ဖော်ဆောင်ဖက်များကဲ့သို့ လေယာဉ်ကို  ကြီးကျယ်ခမ်းနားတဲ့ အထူးတန်းကနေ မစီးဘဲ  လေယာဉ်ရဲ့ရိုးရိုးတန်းမှာရှိတဲ့ ထိုင်ခုံများ၌သာ နေရာယူလို့ စီးနှင်းလိုက်ပါခဲ့ပါတယ်။

ပြင်သစ်ရဲ့ မြို့တော်ကနေ Cote d’Azur ဒေသကို သွားမယ့် လေယာဉ်ပေါ်မှာ ကလေးတွေကို နေရာချပြီး  လက်ဆွဲအိတ်တွေကို ထိုင်ခုံများအပေါ်က ပစ္စည်းထည့်တဲ့ နေရာတွေမှာ ကိုယ်တိုင်ထားသိုနေတဲ့ ဘရက်ပစ်နဲ့ ဂျိုလီကိုတွေ့ရမှာပါ။ သူတို့မိသားစုဟာ အဲဒီပြည်တွင်းလေကြောင်းလိုင်းပေါ်ကို မတက်မီ Charles de Gaulle လေဆိပ်မှာ အခြားခရီးသည်များနဲ့အတူ လေယာဉ်ကို နှစ်နာရာရီကြာ စောင့်ဆိုင်းခဲ့ကြပါသေးတယ်။

လော့အန်ဂျလိစ်မြို့ကထွက်လာပြီးကတည်းက ပြင်သစ်တောင်ပိုင်း နိုက်စ်မြို့သို့အသွား ခရီးစဉ် တစ်လျှောက်လုံး လေယာဉ်ပေါ်တက်သည်အထိ သာမန်မိသားစုတစ်စုလိုပဲ ခရီးသည်များထဲက ခရီးသည်တစ်စုကဲ့သို့ တသာတည်းရှိနေခဲ့ပါတယ်။

“Maleficent”ရဲ့သရုပ်ဆောင်ကြယ်ပွင့်တစ်ဦးဖြစ်သူ အင်ဂျလီနာကလည်း ဤခရီးစဉ်မှာ ပြောင်ပြောင်လက်လက်၊ ထင်ပေါ်မယ့် အကျီင်္အ၀တ်အစားတွေ ၀တ်မလာဘဲ ထသွားထလာ တီရှုပ်အနက်ရောင်နဲ့ ဘလေဇာကုတ်၊ အသင့်ချုပ်ပြီးသာ ဘောင်းဘီရှည်ကိုသာ ရိုးရိုးလေးပဲ ၀တ်ဆင်လာတာပါ။

ဆံပင်များကိုလည်း ချည်နှောင်ထားခြင်းမရှိဘဲ မျက်နှာမှာလည်း နေကာမျက်မှန်ကိုသာ တပ်ဆင်ထားခဲ့ပါတယ်။ ဘရက်ပစ်ကတော့ လူတွေသူ့ဆီ အာရုံမရောက်အောင် အပြင်အဆင်ကို အနည်းငယ်ပြောင်းထားဖို့ ကြိုးစားထားသလိုပဲ ထင်မှတ်ရပါတယ်။ ဒီခရီးစဉ်မှာတော့  ကိုယ်ကျပ်တီရှပ် ခရမ်းရောင်ကို ၀တ်ဆင်ထားပြီး နေကာမျက်မှန်နဲ့ သက္ကလပ်ဦးထုပ်ကို ၀တ်ဆင်ထားခဲ့ပါတယ်။ အမြဲတစေပုံစံပြောင်းလေ့ရှိတဲ့ သူ့ရဲ့မုတ်ဆိတ်မွှေးပါးပါးစတိုင်ကလည်း သူ့ကိုတမျိုးထူးခြားစေပါတယ်။


၎င်းတို့ရဲ့ကလေးငယ်များဟာလည်း လေယာဉ်နဲ့ခရီးသွားလာဖို့ ပေါ့ပေါ့ပါးပါး အကျီ င်္များကိုသာ ၀တ်ဆင်လာကြပေမယ့် တစ်ဦးချင်းဆီကတော့ သူတို့စတိုင်နဲ့ သူတို့ ထူးခြားနေကြပါတယ်။ အဲဒီထဲမှာ ပက်စ် ကလေးကတော့ သူ့အမေရဲ့ဆေးမှင်ကြောင်တွေကို အားကျမိတဲ့သူတစ်ဦးဖြစ်ကြောင်း ဖော်ပြတဲ့အနေနဲ့ တိုင်းရင်းသားရိုးရာ ဆေးမှင်ပန်းချီရုပ်တွေကို သူ့ရဲ့လက်မောင်းနှစ်ဖက်မှာ ကပ်ထားတာကို တွေ့ရပါတယ်။


ယောက်ယက်ခတ်မှုတွေ ကင်းဝေးဖို့ ဂျိုလီနဲ့ဘရက်တို့ မိသားစုဟာ ကိုယ်ရံတော်တွေကို ခရီးစဉ်မှာ ခေါ်မလာဘဲ သူတို့ကလေးထိန်းများထဲက တစ်ဦးဖြစ်သူသာ ခရီးစဉ်မှာပါလာခဲ့ပါတယ်။ ဂျိုလီတို့ မိသားစုကြီးဟာ ကလေးတွေကို ကူညီဖို့ ကလေးများကို အိမ်မှာခေါ်ယူထိန်းကျောင်းပေးသူ အများကို အလုပ်ခန့်အပ်ထားပါတယ်။ (၂၀၁၂)ခုနှစ်တုန်းက ဂျိုလီနဲ့ဘရက်တို့မိသားစု ထွက်ခဲ့တဲ့ ကရစ်ဘီယန် အားလပ်ရက် ခရီးစဉ်မှာ ကလေးထိန်း (၁၂)ယောက် ခေါ်ဆောင်လာခဲ့ဖူးကြောင်း သတင်းများက ဖော်ပြခဲ့ဖူးပါတယ်။

နိုက်စ်မြို့သို့ လေယာဉ်အဆိုက်မှာတော့ ဂျိုလီတို့ မိသားစုကြီးကို အစောင့်များက ကားကြီးတစ်စီးပေါ်သို့ ၀န်းရံခေါ်သွားပေမယ့် ကလေးတွေဟာ မိမိအထုတ်တွေကို မိမိသယ်ချလာပြီး ကျောပိုးအိတ်ကိုယ်စီ လွယ်ကာကားကြီးပေါ်သို့ တက်သွားကြပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ ဘရက်၊ ဂျိုလီနဲ့ကလေးတွေဟာ ကော်ရမ်ရွာတန်းလေးတွေထဲမှာရှိတဲ့ ၄င်းတို့ရဲ့ မဟာမြိုင်အိမ်ကြီးကို အလည်အပတ်သွားရောက်ကြတာပဲ ဖြစ်ပါတယ်။ အဲဒီအိမ်ကြီးကို (၂၀၀၈)ခုနှစ် ကတည်းက ငှားရမ်းထားတာဖြစ်ပြီး ထိုနေရာကို အများအားဖြင့်တော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားရောက်တတ်ကြပါတယ်။ အဲဒီနေရာကတော့ ယမန်နှစ်က ဘရက်နဲ့ဂျိုလီတို့ရဲ့အိမ်ထောင်ရေးခရီးကို အတူစတင်ခဲ့တဲ့ အမှတ်တရ နေရာတစ်ခုဖြစ်ပြီး ဂျိုလီနဲ့ပစ် တို့ဟာသူတို့ရဲ့ရှုပ်ယှက်ခတ်လှတဲ့ အလုပ်အချိန် ဇယားတွေကနေ အနားယူတဲ့အခါတိုင်း သွားဖြစ်တဲ့ စိတ်ကြိုက်နေရာတစ်ခုလည်း ဖြစ်ပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.dailymail.co.uk/tvshowbiz/article-3114633/PICTURE-EXCLUSIVE-Angelina-Jolie-Brad-Pitt-shun-Class-luxury-fly-ECONOMY-six-children-Paris-Nice.html?ito=social-facebook

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved