အနုပညာသမားအချင်းချင်း မဝေဖန်ချင်ပါဘူးဆိုတဲ့ "မိတ်ကပ်မကြိုက်သော သီချင်းများ"ပိုင်ရှင် ဝေလ

Tuesday, June 9, 2015



အဆိုတော် ဝေလ (ဓာတ်ပုံ - wai la facebook)

အနုပညာသက်တမ်းမှာ ၁၀ နှစ်ကျော်ကြာ ရပ်တည်လာခဲ့ပြီးမှ အောင်မြင်လာခဲ့တဲ့ တေးရေးတေးဆို ဝေလ ဟာ မိတ်ကပ်မကြိုက်သော သီချင်းများဆိုတဲ့ ခေါင်းစဉ် ခပ်ဆန်းဆန်းနဲ့ တေးစီးရီး  ပိုင်ရှင်ဆိုတာ အားလုံးလည်း အသိပါပဲ။ သီချင်း မယ်လိုဒီ ဆန်းဆန်းတွေ ကိုယ်ပိုင်သီဆိုဟန်ဆန်းဆန်းတွေနဲ့ ပရိတ်သတ်အားပေးမှု ရခဲ့တဲ့ ဝေလ ဟာ သူ့ရဲ့ နောက်ဆုံးထွက် တေးစီးရီးဖြစ်တဲ့ “မိတ်ကပ်မကြိုက်သော သီချင်းများ” တေးစီးရီးနဲ့ ဆုတွေအမြောက်အမြားရရှိထားသူလည်းဖြစ်ပါတယ်။ သူရရှိထားတဲ့ဆုတွေကတော့  Myanmar Music Award 2014 မှာ The Best Rock Song of Moonsoon၊ Special Music Award of Moonsoon၊ The Best Creative Album of the Year(Rock)၊ The Best Song of the Year(Rock)၊ The Best Singer of the Year(Rock) ဆုတို့အပြင် Shwe Fm က ပေးသော ဆုများပဲဖြစ်ပါတယ်။ အဆိုတော်ဝေလဟာ ၂၀၁၁ ခုနှစ်မှာ “၁၉၈၂” ဆိုတဲ့  တကိုယ်တော် တေးစီးရီးကို ထွက်ရှိထားခဲ့ဖူးပေမယ့် အဲ့ဒီတုန်းက မအောင်မြင်ခဲ့ပါဘူး။ ဂီတ လမ်းကြောင်း အချိန်ကြာကြာရပ်တည်လာခဲ့ပြီးမှ အောင်မြင်မှုကို ပိုင်ဆိုင်လာနိုင်ခဲ့တဲ့ အဆိုတော်ဝေလရဲ့ ဂီတဘ၀အကြောင်းတစေ့တစောင်းကို ဧရာဝတီက စပ်စုမေးမြန်းထားတာလေးတွေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

မေး။  ။ ကိုဝေလရဲ့ ဂီတဘ၀ အစကို ပြန်ပြောပြပေးပါလား။

ဖြေ။  ။ ကျနော်က ကိုထူးအယ်လင်း ရဲ့ လူသားဘ၀စီးရီးမှာကတည်းက တေးရေးအနေနဲ့ စပြီးရေးတာပေါ့။ အဲ့မတိုင် ခင်မှာလည်း အတွဲခွေ တခွေနဲ့ တကိုယ်တော် အခွေတခွေ  လုပ်လိုက်သေးတယ်။ ဒါပေမယ့် မထွက်ဖြစ်လိုက် ဘူးပေါ့။ အဲ့လိုနဲ့ တောက်လျှောက်သီချင်းရေးရင်းနဲ့ ကိုထူးအယ်လင်းတို့နဲ့တွေ့တယ်။ အဲ့ဒီမှာ စပြီးတော့ ကျနော့ သီချင်း ပြဖြစ်တယ်။ ကျနော့သီချင်းကို သူယူသုံးဖြစ်တယ်ပေါ့။ အဲ့တုန်းကတော့ ဝေဖြိုးအောင်ဆိုတဲ့ နာမည်နဲ့ ပေါ့။ “နင်လို” ဆိုတဲ့ သီချင်းပေါ့။ အဲ့ဒီကနေ ဥာဏ်လင်းအောင်တို့ ဘာတို့အတွက် တောက်လျှောက်ရေးလာရင်း နဲ့မှ ၂၀၁၁ ခုနှစ်မှာ ၇ လပိုင်းမှာ ပထမတကိုယ်တော်အခွေထွက်တယ်။ အဲ့ဒီအခွေနာမည်က “၁၉၈၂” ဆိုတဲ့ ခေါင်းစဉ်နဲ့ထွက်တာပေါ့။ ပြီးတော့မှ ၂၀၁၄ ခုနှစ်ကျမှ “မိတ်ကပ်မကြိုက်သော သီချင်း” ဆိုတဲ့ တကိုယ်တော်ခွေ ထွက်တာပါ။

ကျနော် ဂစ်တာတွေဘာတွေ စတီးတာတော့ ၅ တန်းလောက်ကတည်းက စတီးတာ။ ဒါပေမယ့် တကယ်တမ်း ကိုယ့်ဘာသာ သီချင်းဆို သီချင်းရေးတာတော့ ၈ တန်း ၉ တန်းမှာ သီချင်းစရေးနေပြီးပေါ့။ နောက်ပိုင်းမှာ တကယ်တမ်း ပီပီပြင်ပြင်ထွက်တာတော့ ထူးအယ်လင်းရဲ့ လူသားဘ၀ အခွေပေါ့။ ကိုထူးအယ်လင်း မတိုင်ခင် မှာ မျိုးကိုဆိုတဲ့ သူငယ်ချင်းတယောက်ပဲ။ သူနဲ့စရေးဖြစ်တာကတော့ သူက ကျနော့ဆီက သီချင်း ပထမဆုံး ၀ယ်ဖူးတဲ့သူပေါ့။ သူကတော့ သီချင်း ၅ ပုဒ်ပေါ့။ အဲ့ဒီ ၅ ပုဒ်ကို ၀ယ်ပြီးတော့ လုပ်တယ်။ ဒါပေမယ့် သူလည်း မထွက်ဖြစ်လိုက်ဘူးပေါ့။ ကျနော့ရဲ့ အနုပညာသက်တမ်း ၁၀ နှစ်ကျော်နီးပါးရှိပါပြီ။

မေး။  ။ ဆယ်နှစ်ကျော်နီးပါး အနုပညာသက်တမ်းမှာ ကိုဝေလ လုပ်ဖြစ်လာခဲ့တဲ့ ဂီတအမျိုးအစားပုံစံက ဘယ်လိုပုံစံဖြစ်မလဲ။

ဖြေ။  ။ ကျနော်က ဟိုးအရင်  သီချင်းနားထောင်စဉ်ကတည်းက စပြီးနားထောင်တာ Alternative လည်း နား ထောင်တယ်။ သီချင်းစုံနားထောင်တယ်။ အဲ့ဒီကနေမှ ကြိုက်တဲ့သီချင်းလေးတွေဆို စွဲစွဲမြဲမြဲ နားထောင် လေ့ရှိတယ်။ ဒါပေမယ့် ကျနော် အများဆုံး ဆိုဖြစ်တာကတော့ ရော့ခ်သီချင်းတွေဆိုဖြစ်တယ်။ “မိတ်ကပ် မကြိုက်သော သီချင်းများ” ပုံစံကတော့ ရော့ခ်ဘက်ကို ဆက်နွယ်နေတဲ့ ဂီတအမျိုးအစားတခုပါပဲ။ အဓိကက ကျနော်ကတော့ တခါတလေကျတော့ ခေါင်းစဉ်တွေဘာတွေ ရော့ခ်တွေ ဘာတွေ ထက် အဲ့ဒီအချိန်မှာ ကိုယ်ကြိုက်တာကို ကိုယ်ဖီလင်လာတဲ့အချိန်မှာရေးချပြီး တီးလိုက် ဆိုလိုက်တာပဲဆိုတော့လေ။

ကျနော်ကတော့ အဓိက ရော့ခ်နဲ့ပတ်သက်တဲ့ အမျိုးအစားတွေပါပဲ။ Alternative လည်းပါတယ်။ Funk Rock ဆိုတဲ့ သီချင်းတွေလည်း ပါတယ်။ မိတ်ကပ်မကြိုက်သော သီချင်းများ အခွေမှာတော့ အစုံပေါ့။

မေး။  ။ သီချင်း တပုဒ် ပရိတ်သတ်ကြားထဲ ပေါက်ရောက်ဖို့အတွက် ဘယ်လိုအကြောင်းအချင်းအရာတွေက အဓိက ကျမယ်လို့ ယူဆမိလဲ။

ဖြေ။  ။ အဓိကကတော့ သီချင်းပါပဲ။ သီချင်းတပုဒ်ကောင်းဖို့အတွက်ပဲ အဓိကကျပါတယ်။ ဒီသီချင်းတပုဒ် ကောင်းတယ်ဆိုတာကလည်း ရေး၊ ဆို၊ တီးပေါ့ အကုန်လုံးပေါ့။ အတီးလည်းကောင်းမယ်။ အဆိုလည်း ကောင်းမယ်။ အရေးလည်းကောင်းမယ် အားလုံးပေါင်းပြီးတော့မှ အကောင်းဆုံးဖြစ်တာကိုပဲ ပရိတ်သတ် ကလည်း လက်ခံတာကိုး။ အဓိကကတော့ သီချင်းကောင်းဖို့က အဓိက လိုအပ်တယ်လို့ပဲ ထင်ပါတယ်။

မေး။  ။ သီချင်းတပုဒ် ဖန်တီး သီဆိုရတဲ့နေရာမှာ ခေတ်ရဲ့ လိုအပ်ချက်ကို လိုက်ပြီး ဖန်တီးရတာမျိုး ဥပမာ - ခေတ်ပရိတ်သတ်က အလွမ်းအဆွေးအအေးကို ကြိုက်တာလား၊ ဆိုလွယ်တေးမျိုးကို ကြိုက်တာလားဆိုတာမျိုးပေါ့ ။ အဲ့လို ခေတ်အခြေအနေအရ ဖန်တီးဖြစ်တာမျိုးလား။ ဒါမှ ပရိတ်သတ်က ပို သတိထားမိမယ့် အခြေအနေမျိုးလို့ ပြောလို့ရမလား။

ဖြေ။  ။ ကျနော်တို့ လုပ်ရတဲ့အခါမှာ အခုခေတ်မှာ တချို့ တချို့သော ပရိတ်သတ်တွေ ဘယ်လို အရသာကို တောင်းနေသလဲဆိုတာကို လုပ်ရတာပေါ့။ ကျနော်တို့ ကိုယ်တိုင်လည်း အဲ့လိုပဲ။  ကျနော်တို့ကျတော့ ငယ်ငယ်ကတည်းက နားထောင်တဲ့သီချင်းက မြန်မာအခွေတွေထဲမှာလည်း The Ants ရဲ့ ရောင်စုံချောကလက် အခွေကတည်းက အရမ်း ကြိုက်ခဲ့တယ်။ ကျနော်တို့ ကြိုက်တဲ့ သီချင်းပုံစံတွေကလည်း အခု ဒီလိုလုပ်တဲ့ ပုံစံတွေလည်း ဖြစ်နေတာဆိုတော့ စာသားရော ဘာရောက အစပေါ့။ ခေတ်က တောင်းလောက်နိုင်မယ့် ဟာကိုပဲ ရေးဖြစ်ပါတယ်။ ဆန်းဆန်းပြားပြားကြီးထက် တကယ့် လက်တွေ့ဆန်မယ့်ဟာကို ရေးဖြစ်ဆိုဖြစ်ပါတယ်။

မေး။  ။ ပထမထွက်ခဲ့တဲ့ အခွေတုန်းက လူမသိခဲ့တာက လိုအပ်ချက်တွေရှိခဲ့လို့လို့ ပြောလို့ရမလား။

ဖြေ။  ။ အဲ့လိုတော့မဟုတ်ဘူးဗျ။ အဲ့ဒီအချိန် ပထမအခွေတုန်းကလည်း ဒီအချိန် ပြန်နားထောင်ကြည့်လည်း ကျနော့ သီချင်းတွေက ခေတ်နောက်ကျနေတဲ့သီချင်းတွေတော့ မပါဘူး။ အဲ့ချိန်မှာတုန်းကလည်း ဒီလိုစိတ်နဲ့ပဲ ကိုယ်ကြိုက်တဲ့ ပုံစံတွေပဲ လုပ်ခဲ့ပါတယ်။ အဲ့ချိန်မှာ ပရိတ်သတ်နဲ့ ကျနော့သီချင်းတွေနဲ့ အစပ်အဟပ် သိပ်မတည့်လိုက်ဘူးထင်ပါတယ်။ ပြီးတော့ ကြော်ငြာအားတွေကလည်း နည်းနည်း နည်းတယ်။ အဲ့ချိန်ကတော့ ဗီစီဒီလည်း မထွက်ဘူး။ ပထမအခွေကလေ။ အဲ့လိုကြောင့်လည်းဖြစ်သွားနိုင်ပါတယ်။ ဒီအခွေကျတော့လည်း ဒီလို ခုနှစ်မှာ ဒီလို အချိန်မှာ ဘယ်လိုသီချင်းတွေ လုပ်သင့်သလဲဆိုတာ စဉ်းစားပြီးတော့ ဥပမာ- ခင်လေးစိမ်းတယ် ဆိုတဲ့ သီချင်းဆိုရင် ဒါကြီးက ဟိုးအရင်ပုံစံကြီးကို ဒီလိုခေတ်မှာ ပြန်ဆိုတယ်။ ပြန်ရေးတယ်။ ပြန်တီးတယ်ပေါ့။ အဓိကကတော့ ကိုယ့်သီချင်းကို ကိုယ်ကြိုက်တာလေးတွေကို သတ္တိရှိရှိနဲ့ ထုတ်နိုင်ဖို့က အဓိကပါပဲ။ အဓိကက ပုံမှန်ကြိုးစားနေဖို့ပါပဲ။ ကိုယ်မှန်တယ်ထင်တဲ့ဟာ  ကိုယ်ကြိုက်တာကို ပုံမှန် ကြိုးစားနေဖို့ပါပဲ။

မေး။  ။ မိတ်ကပ်မကြိုက်သော သီချင်းများ က လူစိတ်ဝင်စားတာ သီချင်းခေါင်းစဉ်ကြောင့်လို့ပြောလို့ရမလား။

ဖြေ။  ။ အဲ့သီချင်း ခေါင်းစဉ်ကလည်း စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး အဲ့ဒီသီချင်းရဲ့ စာသားအကြောင်းအရာကျတော့လည်း တကယ့်မြင်နေကြားနေတဲ့ အကြောင်းအရာကိုပဲ ရေးဖြစ်သွားတာပါ။ ဒီသီချင်းက ဘယ်သူ့ကိုမှ အတင်းပြောတာမဟုတ်ဘဲနဲ့  ကိုယ့်ဘာသာကိုယ် ကြုံခဲ့တွေ့ခဲ့တာကိုပဲ ရိုးရိုးသားသား ရေးချပြီးတော့ ဆိုလိုက်တာပါပဲ။

မေး။  ။ ဒီကနေ့ခေတ် ဂီတရေစီးကြောင်းထဲက အဖြစ်အပျက်တွေကို ဘယ်လိုဝေဖန်ချင်ပါသေးလဲ။

ဖြေ။  ။ လူတိုင်းကတော့ ကိုယ့်မှာရှိသလောက်နဲ့ ကိုယ့်ဟာကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပဲလေ။ သီချင်းဆိုလည်း ကိုယ့်ဘာသာ အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပဲဆိုတော့ ကျနော်တို့ကျတော့ မဝေဖန်ချင်ဘူး။ ဝေဖန်နေတာထက်စာရင် ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ စဉ်းစားထားတယ်။ သူများကို လိုက်ကြည့်ပြီး ဟိုလူက ကောင်းတယ်။ ဟိုလူက မကောင်းဘူးဆိုပြီး ကောင်းတယ်ပြောတာ ချီးကျုးတာက ချီးကျုးဖြစ်တယ်။ မကောင်းဘူးလို့တော့ မဝေဖန်ဖြစ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာရှိသလောက် ၀မ်းစာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ကြတာပဲဆိုတော့ သီချင်းလုပ်တဲ့သူအချင်းချင်း အနုပညာလုပ်တဲ့သူအချင်းချင်းလည်း ကိုယ်ချင်းစာပါတယ်။ အဲ့ဒီအတွက်လည်း ကျနော် မဝေ   ဖန်ပါဘူး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved