“ကိုယ့်အိပ်မက် ကိုယ်ရောက်အောင်လျှောက်၊ ဘယ်တော့မှ စိတ်ဓာတ်မကျနဲ့”

Friday, June 5, 2015




ရွှေထူး

အဆိုတော်

အသက် - ၂၂ နှစ်


လတ်တလောကတော့ ကျနော့် တကိုယ်တော် အခွေလေးလုပ်နေတယ်။ သူများအတွက် သီချင်းတွေလည်း ရေးပေးဖြစ်တယ်။ ပြီးတော့နယ်ရှိုးတွေ သွားဆိုဖို့တော့ရှိတယ်။ ကျနော့်ရဲ့ တကိုယ်တော် အခွေလေးကို လောလောဆယ် ယာယီတော့ “True Love” လို့ နာမည်ပေးထားပါတယ်။

ကျနော့် တကိုယ်တော်သီချင်းခွေမှာ စုစုပေါင်း သီချင်း ၁၂ ပုဒ်ပါမယ်။ Featuring တွေ အနေနဲ့က ကျနော့် အဖွဲ့က အဆိုတော် G-Fatt, YZ နဲ့ ကျနော်တို့အဖွဲ့ 3 Creators ထဲက ဒိုးပတ်နဲ့ အာဒမ်ပါမယ်။ နာမည်ကြီးပိုင်း အဆိုတော်တွေ ထဲကဆိုရင် အဆိုတော် ကိုဝေလနဲ့ တခြားတော်တော်များများ ပါမယ်။ ကျနော် မသေချာသေးလို့ ပြောလို့တော့ မရသေးဘူးဗျ။

ပြီးတော့ မေလ ၂၄ရက်နေ့၊ တနင်္ဂနွေနေ့ ရန်ကုန်မျှော်စင်ကျွန်းမှာ လုပ်သွားတဲ့ ရန်ကုန် Hip Hop ရှိုးပွဲမှာ ပါဝင်ဆို ဖြစ်တာက ကျနော်တို့က Producer ကိုဘိုဆန်း (Bo Bo Entertainment) နဲ့ အလုပ်တွဲလုပ်နေတာလေ။ ကိုဘိုဆန်း ကလည်း ပွဲလုပ်မယ်ဆိုရင် “ရွှေထူး ဒီမှာပွဲလုပ်မယ်၊ လာဆိုပေးပါ” ဆိုပြီး ကျနော့်ကိုအကြောင်းကြားပါတယ်။ ဒီပွဲက ကျနော့်အတွက်ဆို ရှိုးပွဲမှာဆိုတာ ၆ ကြိမ်၊ ၇ ကြိမ်လောက်ရှိပြီလို့ ကျနော်ထင်တယ်။

ရန်ကုန်ရှိုးနဲ့နယ်ရှိုး ဖျော်ဖြေရတာ ဘာကွာလဲဆိုတော့ ဘာမှကွာခြားမှုတော့ အများကြီးမရှိပါဘူး။ ပရိသတ်တွေကတော့ ကိုယ့်ချစ်တဲ့ အနုပညာရှင်တိုင်းကို အားပေးကြပါတယ်။ ကျနော် ရွှေထူး၊ အဆိုတော် X-box၊ ရဲရင့်အောင်နဲ့ ထက်ယံတို့ ပေါင်းထွက်ထားတဲ့ The Four Album အခွေထဲက “မင်းရဲ့ပရိသတ်လေး” သီချင်းနဲ့ “Crush” သီချင်းကို Music Video ရိုက်ပြီးသွားပါပြီ။

အဲဒီအခွေထဲက ကျနော်နဲ့ G-Fatt တွဲဆိုထားတဲ့ “8 months, 8 days, 8 hours” ဆိုတဲ့ သီချင်းက လူငယ်တွေ ကြားမှာတော်တော်လေး ပေါက်တဲ့အပေါ် ကျနော့်ခံစားချက်ကို ပြောပါဆိုရင် အရမ်းပျော်ပါတယ်။ အမှန်တော့ကျနော် ဒီသီချင်းကို ပေါက်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျနော် မျှော်လင့်ခဲ့တာ အဲဒီ The Four Album အခွေမှာ ကျနော်ဆိုထားတဲ့ “မင်းရဲ့ပရိတ်သတ်လေး” ဆိုတဲ့ သီချင်းကြီးကို အကြီးကြီး မျှော်လင့်ထားတာပါ။
ဒါပေမယ့် အခု လူငယ်တွေကြားမှာ ပေါက်သွားတဲ့ “8 months, 8 days, 8 hours” သီချင်းက ကျနော်နဲ့ G-Fatt တနေကုန်လုံး လုပ်ထားတဲ့သီချင်း၊ တနေ့တည်းနဲ့ အပြီးလုပ်ထားရတဲ့ သီချင်းပေါ့။ အဲဒီလို အပြီးလုပ်ခဲ့ရတဲ့ သီချင်းက လူငယ်ပရိသတ်တွေကြားထဲမှာ ပေါက်သွားတော့ ကျနော်အားရပါတယ်။ ကျနော်တို့ ပင်ပန်းရကျိုးနပ်သွားတာပေါ့။

အဲဒီ သီချင်းအတွက် စာသားတွေကိုတော့ စဉ်းစားခဲ့တာ အထွေအထူးတော့ မရှိဘူး။ ကျနော့်စတိုင်အတိုင်းပဲ အသည်းကွဲတဲ့ သီချင်းပေါ့၊ ပြီးတော့ ကျနော်နဲ့တွဲဆိုမယ့် G-Fatt နဲ့ တိုင်ပင်တယ်။ သူထည့်ချင်တဲ့ စာသားတွေလည်း ကျနော်နဲ့ တိုင်ပင်တယ်။ အဲဒီလိုမျိုး ကျနော်နဲ့ နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့သေချာလေး ဖန်တီးထားတဲ့ သီချင်းတပုဒ်ပေါ့။

ကျနော်ငယ်ငယ်က ဘောလုံးသမား သို့မဟုတ် လက်ဝှေ့သမားဖြစ်ချင်တာ (ရယ်လျက်)။ ပြောရမယ်ဆို အခုလက်ရှိ လျှောက်လှမ်းနေတဲ့လမ်းနဲ့ ကျနော် ဖြစ်ချင်ခဲ့တဲ့အရာနဲ့က တထပ်တည်း ကျခဲ့တာတော့ မဟုတ်ဘူးပေါ့။ အခု လျှောက်လှမ်းနေတဲ့လမ်းကတော့ အဆိုတော်ဆိုတဲ့ လမ်းပေါ့။

အဆိုတော်ဆိုတဲ့လိုင်းကို ကျနော် 2007 လောက်မှ စဝင်ခဲ့တာပါ။ ကြာတော့ကြာပြီ။ ကြာပြီဆိုတော့ စလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲဆိုရင် ဒီအဆိုတော်မှာမှ မဟုတ်ပါဘူး၊ အနုပညာအလုပ်တိုင်းမှာအခက်အခဲတွေရှိတယ်။ ကျနော်တို့တုန်းကတော့ ကြီးကြီးမားမားအခက်အခဲဆိုလို့ ကျနော်တို့က အသိမိတ်ဆွေ မရှိဘူး၊ ဒီ အနုပညာ လမ်းကြောင်းပေါ်မှာ အပေါင်းအသင်းမရှိဘူး၊ အဲဒီအတွက်ကြောင့် ကျနော်တို့ ကိုယ့်ဒူး ကိုယ်ချွန်ပြီး လုပ်ခဲ့ရတာပါ။
ကျနော် The Four Album အခွေ မတိုင်ခင်က ပထမဦးဆုံး ကျနော့်ကို “ရွှေထူး” လို့သိသွားတာက “3 Creators” အနေနဲ့ ကိုဘိုဆန်းတို့ရဲ့Cheers အခွေထဲမှာ ပါတဲ့ “နင်ရယ်၊ ငါရယ်၊ သူငယ်ချင်းရယ်” ဆိုတဲ့ သီချင်းနဲ့ Bo Bo Entertainment 1st Anniversary အခွေမှာပါတဲ့ “နင်ရှိမှပြည့်စုံမှာ” ဆိုတဲ့ သီချင်းနဲ့ စသိခဲ့တာလို့ ပြောရမယ်။

Underground မှာ ဘယ်သီချင်းတွေနဲ့ ကျနော့်ကို သိခဲ့ကြလဲဆိုရင် “True Love” ၊ “နင်ရှိမှ ပြည့်စုံမှာ”နဲ့  ကျနော့် သူငယ်ချင်း အိုအေစစ်၊ YZ တို့နဲ့ ဆိုထားတဲ့ “မမေ့ဆေး” ဆိုတဲ့ သီချင်းတွေပေါ့။ ကျနော့် သီချင်း တော်တော်များများက အသည်းကွဲသီချင်းတွေ၊ အလွမ်းအဆွေး သီချင်းတွေ များတယ်ဆိုတာကတော့ ကျနော်က အစကတည်းက အသည်းကွဲဓာတ်ခံရှိတာဆိုတော့ အဲဒါကြောင့် ဒီသီချင်းတွေ ထွက်တယ်ပေါ့။

သီချင်းတွေရေးတဲ့အခါ စာသားတွေကို ဘယ်လိုစဉ်းစားလဲဆိုရင် ကျနော်က စာတွေဖတ်တယ်။ ပြီးတော့ အပြင်တွေဘာတွေ သွားတဲ့အခါဆိုရင်လည်း ဆိုင်းဘုတ်တွေမှာ နာမည်ဆန်းဆန်းလေးတွေ၊ စကားလုံး ဆန်းဆန်းတွေ တွေ့ထားရင် ကျနော် မှတ်ထားတတ်တယ်။

သီချင်းရေး၊ သီချင်းဆိုခြင်းအပြင် ကျနော့်နောက် ဝါသနာတခုက ဂိမ်းဆော့ရတာပဲ။ အားတဲ့အချိန်ဆို ဂိမ်းဆော့ဖြစ်တယ်။ ကျနော့်ရဲ့ အချစ်ရေးကတော့ ပုံမှန်ပဲ။ ကျနော့် တယောက်တည်းပဲ စိတ်ချမ်းသာတယ်။

Underground မှာကြိုးစားနေတဲ့ လူငယ်အဆိုတော်တွေကို ပြောချင်တာက ကျနော်တို့ တုန်းကလည်းမိဘ၊ အသိုင်းအဝိုင်းက ထောက်ပံ့ပေးလို့ “ကျနော် တက်လာတဲ့ကောင်” မဟုတ်ပါဘူး။ ကျနော့်ဒူးကျနော် ချွန်ပြီး ကြိုးစားလာတာ၊ ကျနော့်ဘဝကို ကျနော်ရုန်းကန်လာတာ။

အနုပညာလောကထဲမှာလည်းကြိုးစားနေတဲ့ လူငယ်တွေထဲမှာ မိဘအားမပေးတဲ့ လူငယ်တွေရှိတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ လူငယ်တွေရှိတယ်။ ပိုက်ဆံမရှိတဲ့လူတွေလည်း အများကြီးရှိတယ်။ ကျနော်တို့တုန်း ကလည်း ပိုက်ဆံရှိခဲ့တာမဟုတ်ဘူး။

အဲဒီတော့ ကြိုးစားနေတဲ့ ကျနော့်လို လူငယ်တွေကို ပြောချင်တာ “ကိုယ့်အိပ်မက် ကိုယ် ရောက်အောင်လျှောက်၊ ဘယ်တော့မှစိတ်ဓာတ်မကျနဲ့” လို့ ကျနော် ပြောချင်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved