ဆွမ်တမ် ဖက်ရှင်

Saturday, June 6, 2015

Som Tam (ဆွမ်တမ်) လို့ အများသိရှိကြတဲ့ သင်္ဘောသီးထောင်းဟာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံအပြင် အခုဆို အခြား နောက်ဘက် နိုင်ငံတွေမှာပါ ရောင်းချ စားသုံးနေတာ တွေ့မြင်ကြရမှာပါ။ ဆွမ်တမ်မှာ တမ်ထိုင်းနဲ့ တမ်လောဝ် (လာအို) နှစ်မျိုးရှိပါတယ်။ တမ်ထိုင်းဆိုရင် (ပူး) လို့ခေါ်တဲ့ ဂဏန်းငပိနဲ့ ထောင်းတာဖြစ်ပြီး တမ်လောဝ်ဆိုရင် (ပါလား) လို့ခေါ်တဲ့ ငါးပိကောင်နဲ့ ထောင်းရတာ ဖြစ်ပါတယ်။ အချို့ကတော့ ပူပလား နှစ်မျိုးလုံးနဲ့ စားကြပါတယ်။ ကြက်ကင်၊ မုန့်တီဖတ်၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်အပြင် အခြား အသီးအရွက်များနှင့်ပါ တွဲဖက်စားသုံးနိုင်တဲ့ ချိုချဉ်စပ် အရသာရှိတဲ့ ဆွမ်တမ်ဟာ ယခင်က ကမ္ဘာလှည့် ခရီးသွားများ ကြိုက်လေ့ စားသုံးလေ့ မရှိတဲ့ အစားအစာ တစ်ခုဖြစ်ပေမယ့် ခုတော့ သူတို့ အတော်များများလည်း စားသုံးနေတတ်ကြပါပြီ။ ထိုင်းနိုင်ငံမှာ လမ်းမ၊ လမ်းကြား၊ လမ်းသွယ် အတော်များများမှာ ဆိုင်တွေကို တွေ့ရတတ်တဲ့ ဆွမ်တမ်ဟာ ၂၀၁၁ ခုနှစ် CNN က စာရင်းပြုစုတဲ့ ကမ္ဘာ့ အရသာအရှိဆုံး အစားအစာ အမျိုးအစား ၅၀ မှာ စာရင်းဝင်ခဲ့ပါတယ်။ ခုဆိုရင် ဆွမ်တမ်ဆိုင် အတော်များများဟာ အပြိုင်အဆိုင် ပုံစံအမျိုးမျိုးနဲ့ ရောင်းချနေကြပြီ ဖြစ်ပါတယ်။ ဘန်ကောက်မှာရှိတဲ့ Chatuchak restaurant ထဲမှာရှိတဲ့ ဆွမ်တမ်ဆိုင်ပိုင်ရှင် Tony Prosrichai ကတော့ လာရောက် စားသုံးသူတွေကို ဆွဲဆောင်တဲ့ အနေနဲ့ ဆိုင်ရှင်ရော ဝိတ်တာ စားပွဲထိုးများပါ ထိုင်းရိုးရာ (လိကေး) ခေါ် ဇာတ်ဝတ်စုံများ၊ ထိုင်းနတ်သား ဝတ်စုံများနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်ဆွဲဆောင် ရောင်းချလို့ ကမ္ဘာလှည့် ခရီးသွားများနဲ့ သူတို့ဆိုင်ဟာလဲ စည်ကားလို့နေပါပြီ။






အောင်အောင် / ဧရာဝတီ
(ဓာတ်ပုံ - Bangkok Post)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved