စိတ်ကူးဉာဏ်ကို ရင့်သန်စေတဲ့ ဒြပ်မဲ့ပန်းချီ ရေးဆွဲနည်း

Monday, June 29, 2015

အနုပညာဖန်တီးမှုအကြောင်းတွေထဲက ဒြပ်မဲ့ ပန်းချီ (Abstract Painting) ဖန်တီးမှုအကြောင်း ပြောပြချင်ပါတယ်။

အရင်ခေတ်တွေတုန်းက ဒြပ်မဲ့ ပန်းချီကို စိတ္တဇ ပန်းချီလို့ ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ အဲဒီမှာ စိတ္တဇ ဝေဒနာနဲ့ ရောပြီး လူ အများက လက်တွန့်သွားသလို ဖြစ်ခဲ့ဖူးတယ်။ တကယ်တော့ Abstract လို့ခေါ်တဲ့ စိတ္တဇပန်းချီ ဆိုတာ စိတ္တ (စိတ်)၊ ဇ (ကြောင့် ဖြစ်သော) ဆိုတဲ့ ပါဠိစကားကနေ ဆင့်ပွား အဓိပ္ပာယ် ဖြစ်လာရတာပါ။ ဒါကြောင့် ဒီ ပန်းချီကို `စိတ်ကြောင့် ဖြစ်သော ပန်းချီ´၊ `စိတ်ခံစားမှုက ဖြစ်လာသော ပန်းချီ´ လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီနေရာမှာ သတိပြုရမှာက စိတ် ဆိုတာ ရပ်တန့်မနေဘဲ အမြဲပြောင်းလဲနေတတ်တဲ့ သဘာဝ ရှိတယ် ဆိုတာရယ်၊ ပြောင်းလဲနေတဲ့အပေါ် ခံစားမှု၊ ခံယူမှုတွေကလည်း ပြောင်းလဲနေတတ်တယ် ဆိုတာပါ။ ပြောင်းလဲနေတဲ့ စိတ်နဲ့ အတူ ဖန်တီးရေးဆွဲတာတွေကလည်း ပြောင်းပြောင်းနေမှာ သေချာပါတယ်။

တကယ်တော့ Abstract Painting ဖန်တီးတာတွေနဲ့ ပတ်သက်ပြီး လူအများ ထင်သလို ခက်ခဲမနေပါဘူး။ လွတ်လပ်စိတ်နဲ့ ဖြစ်ပေါ်လာတာကို ပေါင်းဆင့်ရေးဆွဲရင်း ကျေနပ်အားရမှုရှိရင် ဒြပ်မဲ့ ပန်းချီကားကောင်း တခု ရနိုင်ပါတယ်။ ပန်းချီကားမှာ ပါတဲ့ သဏ္ဌာန်တခုဟာ အပြင်လောကက တခုခုနဲ့ တူညီနေတတ်ပေမယ့် တကယ့် အပြင်ကလို မဟုတ်ဘဲ ဖြစ်နေတာတွေ ကြောင့် ဘာကို ရေးဆွဲမှန်း မသိဘဲေ၀၀ါးသွားတယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။

ပြီးတော့  သတိပြုရမှာက အပြင်မှာရှိတဲ့ အရာဝတ္ထုတွေ၊ ရှုခင်းတွေကို Abstract ပန်းချီကားထဲမှာ တိုက်ရိုက် ကူးယူ ဖော်ပြတာ မဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ မြင်မိတဲ့အတိုင်း၊ မှတ်မိတဲ့အတိုင်း၊ ခံစားမိတဲ့အတိုင်း ရေးဖို့ဆိုတာပါပဲ။

ကဲ ..၊ ဒြပ်မဲ့ပန်းချီ ရေးဆွဲဖို့ အခြေခံအဆင့် ၈ ဆင့်အကြောင်း ပြောပြပါ့မယ်။ အလွန်လွယ်ကူသလောက် စိတ်မှာ ရှင်းလင်း နေဖို့ပဲ လိုပါတယ်။

အဆင့် (၁)

ပထမဆုံး မိမိ နှစ်သက်တဲ့ ကျက်ပြီးသား ကင်းဗတ် အရွယ်အစားကို ရွေးချယ်ပါ။ ပြီးတော့ ထောင်လိုက် ရေးဆွဲမှာလား၊ သို့မဟုတ် အလျားလိုက် ရေးဆွဲမှာလား၊ သို့မဟုတ် အလျား နဲ့ အနံ တူ လေးထောင့် ပုံလား ဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။



အဆင့် (၂)

ဒုတိယ အဆင့်က အသုံးပြုမယ့် မီဒီယံက အခရိုင်းလစ်လား၊ ဒါမှမဟုတ် ဆီဆေးလား ဆုံးဖြတ်ရမှာပါ။ အခရိုင်းလစ် ကတော့ လွယ်ကူ အဆင်ပြေတယ်၊ အခြောက်လည်း မြန်တယ်၊ ပြန်ပြင်ချင်တယ် ဆိုရင်     လည်း ထပ်ပြီး ဖုံးအုပ် ရေးဆွဲ နိုင်တယ် စတဲ့ အားသာချက်တွေ ရှိတယ်။ ခြောက်သွားတဲ့အခါ တင်ထားတဲ့ အရောင်ကနေ အနည်း အရောင် လျော့ကျတတ်တဲ့ သဘောလည်း ရှိပါတယ်။ ဆီဆေးကတော့ အခရိုင်းလစ်ရဲ့ ပြောင်းပြန် သဘောပါ။ မဆွဲခင် ကြိုတင် ပြင်ဆင်မှုတွေ အများအပြား လုပ်ရပါတယ်။ ခြောက်သွေ့မှု  လည်း အလွန်နှေးပါတယ်။ သို့ပေမယ့် အရောင်လျော့ကျမှု အလွန်နည်းပါတယ်။



အဆင့် (၃)

မိမိ ရေးဆွဲလိုတဲ့ အနေအထား ပြင်ဆင်ပါ။ Easel လို့ခေါ်တဲ့ ပန်းချီထောက်တင် ပေါ်မှာ ရေးလိုက ရေးဆွဲနိုင်သလို အားရပါးရ ကြမ်းပြင်ပေါ် ချခင်းပြီးလည်း ရေးနိုင်ပါတယ်။ သို့ပေမယ့် အီဇယ်ပေါ်မှာ တင်ရေးဆွဲခြင်းက ပန်းချီကားကို ရှေ့တိုး နောက်ဆုတ်ကြည့်ရှု ခံစားပြီး လိုအပ်တာ ပိုဖြည့်နိုင်ပါတယ်။ ပြီးတော့ ဆေးစပ်ပြားနဲ့ စုတ်တံ အကြီး အသေး လည်း အဆင်သင့် ပြင်ထားရမှာပါ။


အဆင့် (၄) 

ပန်းချီရေးဆွဲရာမှာ အရေးအကြီးဆုံး အပိုင်း ရောက်လာပါပြီ။ မိမိ ရေးဆွဲမယ့် အကြောင်းအရာ၊ ဒါမှမဟုတ် စိတ်မှာ ပေါ်လာတာကို စဉ်းစားပါ။ အရေးကြီးတာက တကယ့် မူလရှိနေတဲ့အတိုင်း ရေးဆွဲဖို့ မဟုတ်ဘဲ မိမိ အတွေးစိတ်ကူးမှာ ပေါ်လာသလို ရေးဆွဲဖို့ပါ။ Abstract ပန်းချီ ဆိုတဲ့အတိုင်း မူလရှိနေတဲ့အရာကို မိမိစိတ်မြင်အနေအထားအတိုင်း ရေးဆွဲယူဖို့ပါ။


ပုံမှာ ဖော်ပြထားတာကတော့ ပန်းဆီရောင် စက္ကူပန်းတွေပေါ့။ ဒါပေမယ့် အရောင်တူဖို့၊ အရွက်တူဖို့ထက် မိမိစိတ်မှာ ဖြစ်နေတဲ့အတိုင်း၊ ပေါ်လာတဲ့အတိုင်း ရေးဆွဲဖို့ ဖြစ်ပါတယ်။ တခြားပုံတွေကိုလည်း ကြည့်ရှုရေးဆွဲနိုင်ပါတယ်။ ပိတောက်ပန်းတွေ၊ နှင်းဆီပန်းတွေ၊ ငုပန်းဝါ၀ါတွေ စသဖြင့်ပေါ့။

အဆင့် (၅) 

ကဲ စတင် ရေးဆွဲပါပြီ။


အဆင့် (၆)

ပန်းချီကားမှာ ထည့်သွင်းရေးဆွဲဖို့ အရောင်ကို တရောင်တည်း မဟုတ်ဘဲ တခြား နှစ်သက်ရာ အရောင်တွေလည်း မိမိ အတွေး စိတ်ကူး အတိုင်း ထည့်သွင်းရေးဆွဲနိုင်ပါတယ်။ အရောင်တွေ၊ အလင်းအမှောင်တွေ စိတ်မှာ ပေါ်လာသလို ရေးဆွဲနိုင်ပါတယ်။


အဆင့် (၇)

အဆင့် ၇ မှာတော့ အ၀ါရောင် အနည်းငယ် လိုပါမယ်၊ အနီရောင်လည်း အနည်းငယ် လိုပါမယ်။ ဒီအရောင်တွေက မိမိ ပထမ သုံးခဲ့တဲ့ အရောင်တွေကို ပြေပြစ် လိုက်ဖက်အောင် အားဖြည့်ပေးပါလိမ့်မယ်။ အထူးသဖြင့် ပိုပြီး နက်မှောင်သွားဖို့၊ တချို့စုတ်ချက်တွေမှာ ပေါ့ပါး ပေါ်လွင်သွားဖို့ပေါ့။


အဆင့် (၈)

ဒီ အဆင့်က နောက်ဆုံး အဆင့်ပေါ့။ မိမိ ကျေနပ် အားရသွားပြီဆိုရင် မဖြစ်မနေ ရပ်လိုက်ရမှာ ဖြစ်တယ်။ နောက်ထပ် ထပ်ဖြည့်ဦးမယ်၊ ထပ်ထည့်ဦးမယ် ဆိုတာကို ပန်းချီကားကို ကြည့်ပြီး ချီတုံချတုံ မဖြစ်ရတော့ပါဘူး။ တကယ်လို့ ချီတုံချတုံ ဖြစ်နေရင်တော့ ဒြပ်မဲ့ ပန်းချီ မဖြစ်တော့ပါဘူး။


ဒီပုံဟာ နမူနာ ပုံပါပဲကွယ်။ ကလေးတို့ အနေနဲ့ ဒီလို ရေးဆွဲရမယ်လို့ မသတ်မှတ်ထားပါဘူး။ ဉာဏ်ရှိသလို၊ ခံစားမိသလို၊ မှတ်မိသလို ရေးဆွဲနိုင်ပါတယ်။ ကိုယ်တိုင်ရေးဆွဲမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တူဖို့ ရေးတာထက် စိတ်မှတ် မှတ်မိသလို ပြန်လည်ရေးဆွဲတင်ပြတာလို့ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။ အဲဒီထက် နည်းနည်း ပိုပြီး ပြောရရင်တော့ မိမိခံစားမိသလို ရေးဆွဲတင်ပြတာလို့ ဆိုနိုင်ပါတယ်။

ဒြပ်မဲ့ ပန်းချီဟာ လတ်တလော စိတ်မှာ ဖြစ်တည်နေတဲ့ ကျေနပ်အားရမှုကို ပုံဖော်ပြတာ ဖြစ်ပါတယ်။ ပန်းချီကား ပြီးမှ ထပ်ဖြည့်တာမျိုး မလုပ်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒြပ်မဲ့ပန်းချီ (သို့မဟုတ်)            စိတ်ကြောင့် ဖြစ်လာသော ပန်းချီဟာ လျှပ်တပြက် စိတ်ခံစားမှုနဲ့ ပုံဖော်တင်ပြမှုမှာ မူတည်နေလို့ပါပဲ။


နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved