လူငယ်တွေ အချိန်လှူဒါန်းနိုင်ပါပြီ

Tuesday, June 23, 2015


 ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်း၏ နားရေးလမ်းကြောင်းများနှင့် သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်မှု ခြင်ဆေးဖြန်းခြင်း လှုပ်ရှားမှုမြင်ကွင်းများ (ဓါတ်ပုံ- ကိုမှေးကြီး)

ပြည်မြို့ ခေတ္တရာလူငယ်များ သာရေးနာရေးအသင်း တည်ထောင်တာ ၁၁ နှစ်ပြည့်ပါပြီ။ ဒီအသင်းကို စတင် တည်ထောင်စဉ်က အသင်းသား ၁၅ ဦးနဲ့ မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ပြီး ၂၀၀၄ ခုနှစ်မှာစတင်ခဲ့တာပါ။

အဲ့ဒီလိုနဲ့ အစပိုင်းမှာအသင်းသား ၆၀ သာရှိခဲ့ပေမယ့် အသင်း ၁၁ နှစ်ပြည့်တဲ့ ဒီကနေ့ အချိန်မှာတော့ အသင်းသား ၄၀၀ ကျော်နဲ့ ပြည်မြို့သူမြို့သားတွေရဲ့ သာရေးနာရေးတွေကိုဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ပါပြီ။



နာရေးအပြင် သွေးလှူဒါန်းခြင်း၊ ပီတိအခမဲ့ဆေးခန်းနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေကိုလည်း သွားရောက်ကူညီမှုတွေ လုပ်ပေးခဲ့ပါသေးတယ်။ ၁၁ နှစ်အတွင်း ပြည်မြို့ပေါ်ရှိ နာရေးလမ်းကြောင်းပေါင်း ၁၀၀၂၀၀ ကျော် ကူညီပေးခဲ့သလို ပီတိဆေးခန်းဟာလည်း ၁၀ နှစ်အတွင်းမှာလူနာပေါင်း ၂၀၀၀၀၀    (၂ သိန်း)ကျော်ကိုလည်း ဆေးကုသ ပေးခဲ့ပြီးပါပြီ။

အသင်းရဲ့ အတွင်းရေးမှူး ကိုကျော်သူစိုးက “ အသင်းအစတုန်းက သာရေး နာရေးပဲလုပ်ခဲ့တာ၊ တနှစ်လောက်ကြာတော့ ပီတိဆေးခန်းကိုပါ ဖွင့်ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နာရေးလမ်းကြောင်းတွေ သွားတဲ့အခါ မသေသင့်ပဲသေခဲ့ရတဲ့ လူနာတွေအများကြီး မြင်တွေ့လာရတဲ့အတွက် ဆေးခန်းလေးပါ တွဲဖွင့်မယ်ဆိုပြီး ဆေးခန်းပါတွဲဖွင့်လိုက်တာပါ။”လို့ ဧရာဝတီကို ပြောပါတယ်။



လူငယ်တွေကို တာဝန်လွှဲပြောင်းပေးနိုင်ဖို့ လမ်းဖွင့်ပေးထားသလို အသင်းဝင် မဟုတ်သေးတဲ့ လူငယ်တွေကိုလည်း ကိုယ်ပိုင်အားလပ်ချိန်တွေမှာ ပရိဟတိလုပ်ငန်းတွေ လာရောက်ပူးပေါင်းလုပ်ကိုင်ပေးနိုင်ဖို့ အချိန်အလှူခံကြောင်း သူက ဆက်ပြောပါတယ်။

“ခေတ္တရာလူငယ်များဆိုတဲ့အတွက် အသင်းသားမှ မဟုတ်ပါဘူး။ အထူးသဖြင့် လူငယ်တွေ ကိုယ်ပိုင်အားလပ်ချိန်တွေမှာ ပရဟိတတွေလုပ်နိုင်ဖို့ အသင်းကနေ အချိန်တွေကိုလည်း အလှူခံပါတယ်။ ကိုယ့်ရပ်ကိုယ့်ဒေသ ကောင်းကျိုးတွေကို သယ်ပိုးပေးနိုင်ဖို့ပါ။ ” လို့ ကိုကျော်သူစိုးက ဆက်ပြောပါတယ်။




ပရဟိတလုပ်ခြင်းဟာ လူသားတွေရဲ့ စိတ်ကိုပြောင်းလဲပစ်နိုင်သလို ကိုယ့်ကိုကိုလည်း ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ အဲဒီအသင်းက လူငယ်တဦးဖြစ်တဲ့ ကိုမှေးကြီး(ခေါ်) အောင်ဇေမိုးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာ အမြဲတမ်း ပြဿနာရှာရန်ဖြစ်နေတဲ့ လူငယ်တွေတောင် ပရဟိတလုပ်ရင်းနဲ့ ပြဿနာမရှာတော့ပဲ သူတပါးကို ကူညီပေးတဲ့သူတွေ ဖြစ်ကုန်ပါပြီ။ နာရေးသွားတဲ့အခါ ဘာသာ၊ လူမျိုးမခွဲခြားပဲကူညီပေးနေရတော့ လူသားအားလုံးပေါ် မေတ္တာထားနိုင်သွားတာပေါ့။ နောက်ပြီးလူအများနဲ့ အလုပ်လုပ်ရတဲ့အခါမှာ အတ္တတွေ တကိုယ်ကောင်ဆန်တဲ့ စိတ်တွေပါ တဖြည်းဖြည်းပျောက်လာသလို ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာပါတယ်။”လို့ ကိုအောင်ဇေမိုးက ပြောပါတယ်။

ပြည်မြို့က ခေတ္တရာလူငယ်များ သာရေးနာရေးအသင်းအတွက် အသင်းမဝင်နိုင်ပေမယ့် အချိန်ပိုင်း လာရောက် ကူညီလုပ်ကိုင်ပေးကြဖို့လည်း သူက တိုက်တွန်း နှိုးဆော်သွားပါတယ်။



ခေတ္တရာလူငယ်များ သာရေးနာရေးအသင်းရဲ့ ပီတိဆေးခန်းဟာဆိုရင်လည်း နေ့စဉ် လူနာ ၁၀၀ ခန့်ကို အခမဲ့ ဆေးကုသပေးခြင်းတွေ ပြုလုပ်နေပြီး ဆက်လက်တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီလည်း လိုအပ်နေပါသေးတယ်။

ဒီဆေးခန်းကို ပြည်မြို့ပေါ်က လူနာတွေတင်မကပဲ ပြည်ခရိုင်၊ သာယာဝတီခရိုင် မကွေးတိုင်း ကံမမြို့နယ်၊  အောင်လံမြို့နယ်တွေနဲ့ ရန်ကုန်တိုင်းထဲက တိုက်ကြီးမြို့နယ်က လူနာတွေပါ လာရောက်ကုသမှုခံယူနေကြပါတယ်။ ညအိပ်ညနေလာရောက်သူတွေအတွက်လည်းတည်းခိုစရာနေရာတွေ ပြုလုပ်ထားပြီး ဒီ့ထက်မက ထပ်မံ တိုးချဲ့လုပ်ကိုင်လိုသော်လည်း ငွေကြေးနဲ့ လူအင်အားတွေ လိုအပ်နေပါသေးတယ်။

၁၁ နှစ်အတွင်း ပြည်မြို့ခံ မိဘပြည်သူများနှင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေတဲ့ ပြည်မြို့သူ ပြည်မြို့သားတွေရဲ့ ငွေကြေးလှူဒါန်းမှုထဲမှ ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် အသုံးပြုထားပြီး၊ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်မှာ ဆေးခန်းအတွက် အသုံးပြုခဲ့ပြီး ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ကိုတော့ နာရေးကူညီမှုအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

“မြန်မာပြည်က လူငယ်တွေကို ပြောချင်တာက ကိုယ့်ရပ်ကိုယ့်ဒေသမှာရှိတဲ့ ကိုယ်တတ်နိုင်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ကိုယ်ပိုင်အချိန်တွေကို လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကြပါ။ ပရဟိတလုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ မွန်မြတ်တဲ့အလုပ်ဖြစ်တဲ့ အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါတယ်။” လို့ ပြည်မြို့ ခေတ္တရာလူငယ်များ သာရေးနာရေးအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ကိုကျော်သူစိုးက ပြောပါတယ်။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved