ယူရိုငွေ ၅၀၀၀ တန် ဇာတ်ညွှန်းဆု ပြည်မြို့က လူငယ်စာရေးဆရာ ချမ်းမြေ့ကျော် ရရှိ

Monday, July 13, 2015


ဆရာမက Richal Mathewl နဲ့ စာရေးဆရာ ချမ်းမြေ့ကျော် (ဓာတ်ပုံများ -  စာရေးဆရာ ချမ်းမြေ့ကျော် Facebook)

မြန်မာနိုင်ငံ အနုပညာဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဥရောပသမဂ္ဂ ငွေကြေးထောက်ပံ့မှုနဲ့ ဂျာမနီနိုင်ငံအခြေစိုက် Goethe-Institut ရဲ့ပညာရှင်တွေက Yangon Film School ကျောင်းမှာ စနစ်တကျ ဇာတ်ညွှန်းရေးသားနည်းသင်တန်းကို ၂၀၁၄ အောက်တိုဘာလကနေ ၂၀၁၅ ဇွန်လအထိ ၃၄ ရက်ကြာ သင်တန်းကို သုံးကြိမ်ခွဲကာ  နိုင်ငံခြားက ဆရာတွေ လာရောက်ပြီး သင်တန်းပို့ချပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ဇာတ်ညွှန်းရေး ဆရာ ၈ ဦးကို နိုင်ငံတကာကို ပြသနိုင်ဖို့ ဇာတ်ညွှန်းရေးသားနည်းတွေကို သင်ကြားကာ လက်တွေ့ရေးသားစေပြီး အဲဒီအထဲက အကောင်းဆုံး ဇာတ်ညွှန်းကိုရွေးချယ် ဆုချီးမြှင့်တာဖြစ်ပါတယ်။ ဆုကြေးကတော့ မက်လောက်စရာပါပဲ ယူရိုငွေ ၅၀၀၀ ဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့က အဲဒီဆုကြေးကို ပြည်မြို့က စာရေးဆရာ ချမ်းမြေ့ကျော်က မျှော်လင့်မထားပဲ  ရခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ ဆုကြေငြာတော့ ကိုရီးယားအမျိုးသမီးက ကြေငြာတာ သူအသံထွက်က မပီတော့ ကိုယ့်နာမည်ခေါ်မှန်းတောင် မသိဘူး။ ဘေးကသူငယ်ချင်းတွေက မင်းဆုရတယ်လို့ ပြောတော့မှ တော်တော်ပျော်သွားတယ်။ မျှော်လင့်မထားဘူး၊ ဒါပေမဲ့ သာမန်ဇာတ်ညွှန်းတွေနဲ့ မတူအောင် ကြိုးစားရေးဖြစ်တယ်။ အဓိက ပေးတဲ့ဆုကြေးက ထိုက်ထိုက်၊ တန်တန် ပေးထားတော့ အားမစိုက်ရင်တော့ မရဘူးလေ။ ဒီဆုကြေးနဲ့ဆို တနှစ်လောက် တခြားအလုပ်မလုပ်ပဲ အေးအေးဆေးဆေး ထိုင်ပြီး စာရေးနေလို့ရပြီ၊ ဒီထက်ပိုကောင်းတဲ့ ဇာတ်ညွှန်းတွေကို ရေးသားနိုင်တဲ့ အခြေအနေပဲလေ ပျော်တာပေါ့။”လို့ ကိုချမ်းမြေ့ကျော်က ဧရာဝတီကို ပြောပါတယ်။
           


ဆုရရှိတဲ့ ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ လူငယ်တယောက်က အိမ်တလုံး ဝယ်လိုက်ရာကနေ အဲဒီအိမ်ရဲ့ပထမအိမ်ရှင်ဟာ အသတ်ခံခဲ့ရပြီး သူကို ဘယ်သူတွေက ဘယ်လို သတ်သွားခဲ့တယ် ဆိုတာတောင် သူကိုယ်တိုင်မသိဖြစ်နေတဲ့တစ္ဆေ(သရဲ)နဲ့ တအိမ်ထဲမှာနေထိုင်ရင်း သူ့ကိုဘယ်သူတွေ ဘယ်လို သတ်သွားတယ်ဆိုတဲ့ ရာဇဝတ်မှုကို ဖေါ်ထုတ်ပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဒါကိုပဲ နိုင်ငံတကာက စိတ်ဝင်စားအောင် အဓိက သရုပ်ဆောင် လေးဦးနဲ့သာ ရိုက်ကူးနိုင်တဲ့ ဇာတ်လမ်းမျိုးဖြစ်အောင် ဖန်တီးရေးသားဖြစ်တာလို့ သူကပြောပါတယ်။

“ဆရာမက Richal Mathewl ကသင်ပေးတာ။ မြန်မာဇာတ်ကောင်တွေကိုပဲ နိုင်ငံတကာက ကြည့်ရင် စိတ်ဝင်စားမယ့် ဇာတ်ညွှန်းမျိုးနဲ့ရေးသားထားတာပါ။ ကျနော်တို့ မြန်မာဇာတ်လမ်းတွေက စကားပြောခန်းများတယ်တဲ့ ၊ နိုင်ငံတကာ ဇာတ်လမ်းတွေမှာ မလိုအပ်ရင် စကားမပြောခိုင်းဘူးလို့ သင်ပေးတဲ့ ဆရာမက ပြောတယ်၊ အဲဒါကို ရှောင်နိုင်ရင် နိုင်ငံတကာကို ပြလို့ရပြီတဲ့၊ အဲဒါကြောင့် လူနည်းနည်းနဲ့ စကားပြောခန်းနည်းမယ့် ဇာတ်လမ်းကို ရွေးချယ် ရေးသားခဲ့တာပါ။ အဓိက သရုပ်ဆောင် ၄ ဦးနဲ့ ဇာတ်လမ်းကို ရေးထားတာပါ။” လို့ သူက ဆက်ပြောပါတယ်။

နယ်ကနေ ရန်ကုန်တက်လာပြီး စာရေးဆရာအဖြစ်ရပ်တည်ဖို့ မလွယ်တဲ့အခြေအနေတွေကြားထဲကနေ ကြိုးစားခဲ့ရပုံနဲ့ မြန်မာပြည်က ဇာတ်ညွှန်းရေးဆရာတွေရဲ့ရေရှည်ရပ်တည်ဖို့ ခက်ခဲမယ့် အခြေအနေတွေကိုလည်း သူက ဆက်ပြောပြပါတယ်။

“အခုတောင် ဘုန်းကြီးကျောင်းမှာနေ၊ ဖြစ်သလိုစားပြီး Shwe FM မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေရတယ်။ ဒီလောကထဲကို ခြေဆုံပစ်ဝင်လို့ မရတဲ့အခြေအနေပါ။ ဒါ နယ်ကနေ စာရေးဆရာအဖြစ်ရပ်တည်ဖို့ ရန်ကုန်ကို ချီတက်လာတဲ့ သူတိုင်း ကြုံတွေ့ရတဲ့အခက်အခဲပါ။ ဒီ သင်တန်းကိုတောင် မရမကကြိုးစားတက်ခဲ့ရတာ၊ နောက်ထပ်ပြောချင်တာကတော့ ဒီလောကသားတွေ အများဆုံးပြောနေကြတာ မရှိမဖြစ်က ဇာတ်ညွှန်းပါဆိုပြီး ဇာတ်ညွှန်းရေးသားခက မင်းသားရတဲ့ သရုပ်ဆောင်ကြေးရဲ့၁၀ ပုံ ၁ ပုံတောင်မရတဲ့အခြေအနေပါ။ ၂ သိန်းခွဲ ၃ သိန်း တချို့ဆို ၆ သောင်းလောက်နဲ့ ရေးပေးနေရတယ်။ တချို့ရုံကြီးကားတွေတော့ နှစ်ဆယ်ကျော်လောက် ရတာတွေရှိပါတယ်။ ဇာတ်လမ်းတွေကို ဒါရိုက်တာကြိုက်စရာမလိုဘူး ထုတ်လုပ်သူအကြိုက် ရေးပေးနေတဲ့ ဇာတ်ညွှန်းရေးဆရာတွေ အများကြီးပါ။ အဲဒီတော့ ဇာတ်လမ်းတွေက ထူးထူးခြားခြား ချပြနိုင်တာ ဘာမှမရှိတော့ဘူးလေ။ ထိုက်ထိုက်တန်တန်ပေးရင် ထိုက်ထိုက်တန်တန် ရေးနိုင်ကြမှာပါ၊” လို့ လတ်တလော ဇာတ်ညွှန်းရေးဆရာတွေရဲ့  အခက်အခဲကို သူကပြောပြပါတယ်။

ဆုကြေးကိုတော့ အရစ်ကျခွဲပေးမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ယူရို ၂၀၀၀ ပေးအပ်မှာဖြစ်ပြီး၊ ဇာတ်ညွန်းမှာ ထပ်မံဖြည့်စွက်ရမယ့် အကြောင်းအရာတချို့ကျန်နေသေးတဲ့အတွက် အားလုံးပြီးဆုံးမှသာ ဆုကြေးကို အပြည့်အဝ ရရှိမှာဖြစ်ပြီး ဒီဆုကြေးကို ဥရောပသမဂ္ဂအဖွဲ့အစည်းက ပေးအပ်ခဲ့တာဖြစ်ကြောင်း ကိုချမ်းမြေ့ကျော် က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် စာရေးဆရာ ချမ်းမြေ့ကျော်ဟာ ဒါရိုက်တာသားညီနဲ့ရိုက်ကူးနေတဲ့ ဗွီဒီယိုဇာတ်လမ်းမှာ RGB ဆိုတဲ့အဖွဲ့နဲ့  ရေးသားထားတဲ့ ဇာတ်ညွှန်း ၂ ပုဒ်ကို ရိုက်ကူးထားပြီး၊ မြန်မာ့အသံ MRTV မှာလည်း ဒါရိုက်တာဇာဂနာ ရိုက်ကူးနေတဲ့ ဟာသဇာတ်လမ်းတွဲတွေကိုလည်း Channel-0 နာမည်နဲ့ ဇာတ်ညွှန်းတွေ ရေးသားနေပါတယ်။ ဒါ့အပြင် Search For Common Ground အတွက် ဇာတ်လမ်းတွဲ ၁၃ ခုနဲ့ ရေဒီယို  ဇာတ်လမ်းတွဲပေါင်း ၃၆ တွဲရဲ့ ဇာတ်ညွှန်းတွေကို ရေးသားခဲ့ပြီးပြီလို့ သိရပါတယ်။



ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved