ဦးနှောက်ခွဲစိပ်ကုဆရာဝန်တစ်ဦးစတင်ကြိုးပမ်းမယ့် ကမ္ဘာ့ပထမဦးဆုံး ဦးခေါင်းအစားထိုးကုသခြင်း

Tuesday, July 21, 2015


ပထမဆုံးဦးခေါင်းအစားထိုးကုသမယ့် ဗယ်လာရီ စပီရီဒိုနော့ (photo - telegraph.com)

အီတလီလူမျိုး ဦးနှောက်ခွဲစိပ်အထူးကု ဆရာဝန်ကြီးဟာ (၂၀၁၇)ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဦးဆုံး ဦးခေါင်းအစားထိုး ခွဲစိပ်ကုသဖို့ အစီအစဉ်ရှိကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့အမေရိကန် ဦးနှောက်နှင့်အရိုးဆိုင်ရာ ခွဲစိပ်ဆရာဝန်များအကယ်ဒမီရဲ့ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲမှာ ဦးနှောက် ခွဲစိပ်ကုဆရာဝန်ကြီး ဒေါက်တာ ဆာဂျီရို ကာနာဗီးရိုးက ၄င်းရဲ့အစားထိုးခွဲစိပ်ကုသမှု အစီအစဉ်ကို ကြေငြာခဲ့ပြီး အောင်မြင်ဖို့ (၉၀%)ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ လူနာဖြစ်သူကတော့ အသက် ၃၀ အရွယ် ရုရှားလူမျိုး ဗယ်လာရီ စပီရီဒိုနော့ ဖြစ်ပြီး Werdnig-Hoffmann လို့ခေါ်တဲ့ အာရုံကျောရိုးမရှိ ကြွက်သားများ ယိုယွင်းသွားတဲ့ ရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။

“ဒါဟာ သက်စွန့်ဆံဖျားပြုလုပ်ရပြီး အန္တရာယ်အရမ်းများတဲ့ ခွဲစိပ်မှုတစ်ခုဖြစ်တယ်ဆိုတာတော့ ကျွန်တော်  မငြင်းလိုပါဘူး။ ဒါပေမယ့် ကျွန်တော် လုပ်ဆောင်နိုင်တယ်ဆိုတာ သေချာတဲ့ အချိန်ရောက်လို့ အ        သိပေးခြင်း ဖြစ်ပါတယ်” လို့ ဒေါက်တာ ကာနာဗီးရိုးက ဆိုပါတယ်။  ဒေါက်တာ ကာနာဗီးရိုးနဲ့ အမြဲအ    ဆက်အသွယ် ရှိနေသူနှစ်ဦးစလုံးကတော့ ဒေါက်တာရဲ့အစီအစဉ်ဟာ သူတို့အတွက် အကောင်းဆုံးသော  မျှော်လင့်ချက်ပဲလို့ ပြောဆိုထားကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

“အကယ်၍ ဒီခွဲစိပ်မှုသာအောင်မြင်ရင် ဒီကနေ့ ကျွန်တော်တွေ့ကြုံနေရတဲ့ ကန့်သတ်မှုတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပြီး ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သလို ကိုယ့်ဘ၀ကိုလည်း မြှင့်တင်ပေးလိုက်နိုင်မှာ ဖြစ်တယ်။ သိပ္ပံနည်းပညာဘက်ကကြည့်ရင်တော့ ကျွန်တော်တို့ အစီအစဉ်ဟာ အရှေ့ကို ရောက်အောင် ခြေလှမ်းကျယ်ကျယ် လှမ်းထားသလို ဖြစ်နေပေမယ့် အဆင်ပြေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့လည်း ဒေါက်တာ ကာနာဗီးရိုးက ဆိုထားပါတယ်။

ဒေါက်တာ ကာနာဗီးရိုးမှာ Werdnig-Hoffmann ရောဂါကို ခံစားနေရတဲ့ အရွယ်ရောက်ပြီး လူနာအချို့လည်းရှိ နေပါတယ်။ သူခွဲစိပ်မယ့်လူနာအတွက်ကိုတော့ “ဒီလူနာရဲ့ဝေဒနာဟာ ကြောက်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိနေပေမယ့် လူနာဟာ အင်မတန်မှ သတ္တိရှိပါတယ်။ နားလည်ရမယ့် အရာတစ်ခုကတော့ ဥရောပ ဆေးပညာရှင်တွေက သူ့ကို ကုစားဖို့ ဘာကမ်းလှမ်းမှုကိုမှ မလုပ်ခဲ့ဘဲ ပျက်ကွက်ခဲ့ကြတယ် ဆိုတာကိုပဲ” လို့ ဆိုထားပါတယ်။ ဒေါက်တာ ကာနာဗီးရိုးအနေနဲ့ ဒေါ်လာ (၁၅)သန်းခန့်ကုန်ကျမယ့် ဒီခွဲစိပ်မှုကို ရှေ့ဆက်ပြုလုပ်ဖို့ လုပ်ဖော်ဆောင်ဖက်များရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်မှာဖြစ်ပါတယ်။

“ဒီခွဲစိပ်မှုအတွက် အကြီးမားဆုံး စိုးရိမ်မှုတစ်ခုကတော့ ခွဲစိပ်ကုသချိန်မှာ ဦးနှောက်အား ရှင်သန်နေအောင် ထိန်းသိမ်းထားနိုင်မှု ရှိမရှိပဲဖြစ်ပါတယ်။  နှလုံး သို့မဟုတ် ကျောက်ကပ်၊ အသည်းအစားထိုး ခွဲစိပ်ကုသမှုကို ပြုလုပ်တဲ့အခါ ၄င်းအစိတ်အပိုင်းတွေကို သွေးကြောတွေနဲ့ ပြန်လည်ဆက်သွယ်ပေးပြီး သွေးစီးဆင်းခွင့် မပြုသေးခင်အချိန်ထိ ခွဲစိပ်မှု ကြာမြင့်ချိန်အတိုင်း ထိန်းသိမ်းထားနိုင်ဖို့ အအေးပေးထားရပါတယ်။ ခက်ခဲတဲ့ ခွဲစိပ်မှုတွေကို ပြုလုပ်ခဲ့တဲ့ ဒေါက်တာ ကာနာဗီးရိုးရဲ့ လုပ်ဆောင်ချက် အတော်များများကို တွေ့မြင်ခဲ့ပြီး ဖြစ်ပေမယ့် နှလုံးအစားထိုး ခွဲစိပ်ကုသမှုကို ပထမဆုံးအကြိမ် ပြုလုပ်တုန်းကလည်း ဝေဖန်မှုတွေကို ရရှိခဲ့ပြီး အခု ခွဲစိပ်မှုအတွက်လည်း ဝေဖန်ခံရမှာဖြစ်ပါတယ်။”လို့ အပြည်ပြည်ဆိုင်ရာ ခွဲစိပ်ကုသ ဆရာဝန်များ ကောလိပ်ရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ၊ နှလုံးနှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ခွဲစိပ်ကု ဆရာဝန်ကြီး ဒေါက်တာရေမွန် ဒိုင်တာက ပြောဆိုထားပါတယ်။

ဒီအစားထိုးခွဲစိပ်ကုသမှုအတွက် ဆေးပညာဝန်ထမ်းပေါင်း (၁၀၀) ကျော်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ လိုအပ်မှာဖြစ်ပါတယ်။ ခွဲစိပ်ကုသမှု ပြီးဆုံးသည်အထိ (၃၆)နာရီအကြာထိ ကြာမြင့်နိုင်ပြီး ခွဲစိပ်မှုကိုတော့ အမေရိက  သို့မဟုတ် တရုတ်နိုင်ငံမှာ ပြုလုပ်ဖို့ရန် ရှိပါတယ်။ ခွဲစိပ်မှုကိုတော့ (၂၀၁၇)ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ဖို့ရန် အစီအစဉ်ရှိကြောင်း ဒေါက်တာ ကာနာဗီးရိုးက ပြောကြားထားပါတယ်။

“နည်းပညာတွေအရ မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုအပ်သလို ဘက်ပေါင်းစုံက လာမယ့် ဖြစ်နိုင်ချေရှိတဲ့  တိုက်ခိုက်မှုတွေကို ကိုင်တွယ်နိုင်ဖို့အတွက် နည်းပညာနဲ့ ထပ်တူ အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြုလုပ်မယ့်အရာတွေ၊ ပြုလုပ်ရတဲ့ အကြောင်းအရင်းတွေ မှန်ကန်စေဖို့အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီ ခွဲစိပ်မှုကနေ ရှိလာမယ့် အကျိုးသက်ရောက်မှုဟာ ဘာသာရေး ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ အနာဂတ်ကာလအတွက်သာမက အားလုံးအတွက် အကောင်းတကာ့ အကောင်းဆုံး အခြေအနေတစ်ခုကို ဖြစ်သွားစေနိုင်ပါတယ်။” လို့ ဒေါက်တာ ကာနာဗီးရိုးကဆိုပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.aljazeera.com/news/2015/06/neurosurgeon-attempt-world-head-transplant-150613072123910.html 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved